www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 20, 2015

တပ်မတော်စစ်ကြောင်းများက ပွိုင့် - ၁၄၇၉ တောင်ကုန်းအား သိမ်းပိုက်ရရှိ




နေပြည်တော် ၊ ၂၀-၃-၂၀၁၅

ကိုးကန့် သောင်းကျန်းသူများ အနေဖြင့် နယ်စပ်ဒေသ၏ ကန့်သတ်ချက် များကို အခွင့်ကောင်း ယူ၍ ထူထပ် ရှုပ်ထွေးသော တော၊ တောင် သဘာဝ အနေအထားကို ကြိုတင်ပြင်ဆင် အသုံးချကာ ချဉ်းကပ်နိုင်သော လမ်းကြောင်းများ တစ်လျှောက် သတ်ကွင်းများ ကြိုတင် စီမံထားခြင်း၊ အခြေပြုရာ တောင်ကုန်းများတွင် ဘန်ကာများ အခိုင်အခံ့ တည်ဆောက်ထားခြင်း၊ ပုန်းခို ရှောင်တိမ်းနိုင်ရန် မြေခွေးကျင်းများ တူးထားခြင်း၊ ၄င်းတို့ လွယ်ကူစွာ လှုပ်ရှားသွားလာ နိုင်ရန် လမ်းကြောင်းများ ဖောက်လုပ် ထားခြင်းတို့ကို ဆောင်ရွက်၍ ခုခံ တိုက်ခိုက်လျက် ရှိရာ တပ်မတော်သားများ အနေဖြင့် ခက်ခဲ ကြမ်းတမ်းစွာ တိုက်ပွဲဝင်လျက် ရှိသည်။ 

သောင်းကျန်းသူ များသည် ဒေသ၏ အချက်အချာ ကျပြီး အရေးကြီးသော တောင်ကုန်းများတွင် အဓိက အခြေပြု၍ လောက်ကိုင်ဒေသ တစ်ခုလုံးအား လွှမ်းမိုး ထိန်းချုပ်နိုင်ရေး အတွက် ၄င်း တောင်ကုန်းများအား လက်လွှတ် ဆုံးရှုံးမှု မရှိစေရေး အပြင်းအထန် ကြိုးစားလျက် ရှိရာတွင် တပ်မတော် အနေဖြင့် ထိရောက်သော လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများဖြင့် တိုက်ခိုက်ချေမှုန်း ခဲ့ရာ လောက်ကိုင် ဒေသ၏ အချက်အချာ နေရာ အများစုအား သိမ်းပိုက် ရရှိခဲ့ပြီး ဖြစ်သည်။

ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ တပ်မတော် စစ်ကြောင်းများက ပွိုင့်- ၁၄၆၈ တောင်ကုန်း အနီးရှိ ပွိုင့်-၁၄၇၉ တောင်ကုန်းအား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး မွန်းလွဲပိုင်းတွင် ၄င်း တောင်ကုန်းအား သိမ်းပိုက် ရရှိခဲ့သည်။ ထို တိုက်ပွဲတွင် သောင်းကျန်းသူ များက တောင်ကုန်းပေါ်တွင် အခိုင်အမာ အခြေကုပ်ယူ၍ တောင်စောင်းများ တစ်လျှောက် သတ်ကွင်းအဖြစ် ရှင်းလင်းကာ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် တရစပ်ခုခံ တိုက်ခိုက်လျက် ရှိရာ တပ်မတော် စစ်ကြောင်းက ထိရောက်သော ပစ်ကူပစ်အား နှင့်အတူ ရဲဝံ့ စွန့်စားစွာ တက်ရောက်၍ သိမ်းပိုက် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ ၄င်းတောင်ကုန်း၏ အရှေ့ဘက်ရှိ ပွိုင့်- ၁၅၆၄ တောင်ကုန်းအား ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသည်။

၎င်းအပြင် နယ်နိမိတ် မှတ်တိုင်အမှတ်၊ ၁၃၂ သွား ကားလမ်းအား စိုးမိုးထားသည့် ရှင်ခုတ်ထန် ကျေးရွာ မြောက်ဘက် တောင်ကုန်းတွင် အခြေပြုခံစစ် ယူထားသည့် သောင်းကျန်းသူ အင်အားစုများအား တပ်မတော် စစ်ကြောင်းများက ရင်ဆိုင် ထိန်းချုပ် တိုက်ခိုက်လျက် ရှိသည်။

ထို့အတူ တပ်မတော် စစ်ကြောင်းများက တိုက်ခိုက် သိမ်းပိုက်ခဲ့သော ပွိုင့်- ၁၄၆၈ တောင်ကုန်းအား ယမန်နေ့ နံနက်ပိုင်းတွင် ကိုးကန့် သောင်းကျန်းသူ အင်အားစုများ က ပြန်လည် သိမ်းပိုက ရရှိရေးအတွက် လက်နက်ကြီး၊ လက်နက်ငယ်များ၊ စက်သေနတ်ကြီး များဖြင့် ဝိုင်းပတ် ပစ်ခတ် တိုက်ခိုက် လာခဲ့ရာ တပ်မတော် စစ်ကြောင်းများက ပစ်ကူ၊ ပစ်အားသုံး၍ သောင်းကျန်းသူ များကို ပြန်လည် ထိန်းချုပ် တိုက်ခိုက်လျက် ရှိသည်။

ထို့အပြင် ယမန်နေ့ မွန်းလွဲပိုင်းတွင် ကုန်းကြမ်းမြို့ မြောက်ဘက် လော်ကွာကျိုင်း ကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ မာလုရွှေ ကျေးရွာအနီး တစ်ဝိုက်ရှိ တောင်ကုန်းများတွင် အခြေပြု နေသော ကိုးကန့် သောင်းကျန်းသူ အင်အားစု များအား လေကြောင်းမှ ချေမှုန်း တိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ် များတွင် တပ်မတော်မှ စစ်သည်တစ်ဦး တိုင်းပြည်အတွက် အသက်ပေးလှူ ခဲ့ပြီး အရာရှိ၊ စစ်သည် ၃၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger