www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 13, 2015

စာတတ်လျှင် စာဖတ်ပါ


စာတတ်လျှင် စာဖတ်ပါ

မိုးထက်ကို (အမရပူရ)

ယနေ့ စိန်ခေါ်မှုများနှင့် ပြုပြင်ပြောင်းလဲ နေသည့် ခေတ်ကြီးတွင် ပရဟိတ လူမှုကူညီရေး အသင်းအဖွဲ့များ တွင်ကျယ် လာခြင်းသည် ဂုဏ်ယူစရာ အထူး ကောင်းလှသည်။ လူဆိုသည်မှာ အတ္တဟိတ၊ ပရဟိတ မိမိအကျိုးနှင့် သူတစ်ပါး အကျိုးကို ဆောင်ရွက် တတ်သူကိုသာ ''လူ'' ဟု ခေါ်သည်။ လူ့ဘဝ နေရသည့် ခဏတာလေး အတွင်းတွင် မိမိအတွက်၊ မိမိ မိသားစုအတွက် ကွက်ကွက်လေး အလုပ်လုပ်ရုံ မျှဖြင့် မိမိဘဝတွင် ပြီးပြည့်စုံပြီဟု မဆိုနိုင်ပါ။ လောကအကျိုး၊ အမျိုးဘာသာ သာသနာအကျိုး၊ အများကောင်းကျိုး ကို အကျိုးပြု နိုင်မှသာ လူဖြစ်ရ ကျိုးနပ်သည်။ သို့မှသာ အသိအလိမ္မာ ပညာပြည့်ဝ နှလုံးလှသည့် ဘဝ အဓိပ္ပာယ် ရှိသော လူ ဖြစ်ပါမည်။

ရှင်မဟာရဋ္ဌသာရ က ''စာပေစကား၊ နေ့တိုင်းကြားက ထူးခြားလိမ္မာ ရှိသည်သာတည်း'' ဟု ဆိုမိန့်ခဲ့သည်။ ထိုသို့ ထူးခြားလိမ္မာရန် ''အလိမ္မာ စာမှာရှိ'' ဆိုသည့် စကားအတိုင်း စာကောင်း၊ ပေကောင်းများကို ဖတ်ရန် လိုသည်။ 

ထိုစာကောင်း၊ ပေကောင်း များသည် မပျောက်ပျက်၊ မပျက်စီး နိုင်သော အဖိုးအနဂ္ဃ ထိုက်တန်သည့် ရတနာများ ဖြစ်သည်။ ထိုရတနာ များကို ကိုယ်ပိုင်ပစ္စည်း ဖြစ်ရန် ကိုယ်တိုင်ရှာဖွေ ရပါမည်။ ကိုယ်တိုင် စုဆောင်း ရပါမည်။ ကိုယ်တိုင် သိမ်းဆည်း ရပါမည်။ စု၊ တု၊ ပြု ဆိုသည့် အတိုင်း စာစု၊ စာတု၊ စာပြု ရပါမည်။

ကျွန်တော်တို့ အမရပူရမြို့သည် ရက်ကန်း မြို့တော်ဖြစ်သည်။ ဘိုးဘွား လက်ထက် ကတည်းက သိမ်မွေ့နက်နဲ ခက်ခဲလှသည့် မြန်မာမှု လက်ရာ ရက်ကန်းပညာ ပိုးချိတ်၊ ချည်ချိတ်၊ ပိုးလုံချည်၊ ချည်လုံချည် များကို ကျွမ်းကျင်ပိုင်နိုင်စွာ ရက်လုပ် ရောင်းဝယ်ကာ နေထိုင်ခဲ့ ကြသည်။ လူကြီးသူမများ ပြောဆိုဆုံးမ နေကျ စကားတစ်ခုမှာ ယောက်ျားများ စာမတတ်လျှင် အကန်းနှင့် တူပြီး မိန်းမများ ရက်ကန်း မတတ်လျှင် အကျိုး နှင့် တူသည်ဟု ဆုံးမခဲ့ ကြသည်။

မဃဒေဝကျမ်း တွင်လည်း '' မရှိပညာ ဤလူ့ရွာ၌ ကျမ်းစာနီတိ တတ်မသိက မျက်စိစုံကန်း လူဖြစ်ဆန်းမျှ ပေါက်ပန်းပမာ မှတ်ဖို့ရာ၏'' ဟူ၍ မန်လည် ဆရာတော်ကြီး က ဆုံးမစကား ရေးသား ခဲ့သည်။

လူတစ်ဦးအတွက် ရုပ်ပိုင်းဆိုင်ရာ ကိုယ်ခန္ဓာ ဖွံ့ဖြိုးစေရန် 'အစာ' အာဟာရ လိုအပ်သကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ဦးနှောက် ဖွံ့ဖြိုးစေရန် 'စာ' အာဟာရ လည်း လိုအပ်သည်။ နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် ကိုယ် သက်ဝင် ယုံကြည် ကိုးကွယ်ရာ ဘာသာတရားများ ရှိကြသည်။ ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်ပိုင် ဓလေ့ထုံးတမ်း အစဉ်အလာများလည်း ရှိကြသည်။ ကိုယ်ပိုင်ဂီတ များလည်း ရှိကြသည်။ ကိုယ်ပိုင်စာပေ များလည်း ရှိကြသည်။ ''စာပေမြင့်မှ လူမျိုးတင့်မည်'' ဆိုသကဲ့သို့ ကိုယ့်စာပေကို မြှင့်တင် တန်ဖိုးထားမှ ကိုယ့်လူမျိုး ဂုဏ်တင့်တယ်ကာ ဝင့်ထည်ပါမည်။ လူမျိုးတစ်မျိုး၏ အဆင့်အတန်း ကို သိလိုလျှင် ''စာတတ် မတတ် ကိုကြည့်'' ဟု အနောက်တိုင်း ပညာရှင် တို့၏ အဆိုအမိန့် တစ်ခုရှိသည်။ ထို အဆိုအမိန့်ကို ထပ်ဆင့် ဖြည့်စွက် ချင်ပါသည်။ လူတစ်ဦး၏ အဆင့်အတန်း ကို သိလိုလျှင် ''စာဖတ် မဖတ် ကိုကြည့်'' ဟု ပြောချင် ပါသည်။

စာတတ်သူချင်း တူသော်လည်း စာဖတ်သူသည် စာမဖတ်သူထက် အတွေးအခေါ်၊ အမြော်အမြင်၊ အယူအဆ၊ ဗဟုသုတ ပို၍ သာပါသည်။ ''မရှိတာထက် မသိတာခက်'' ဟူသည့် ဆိုရိုးစကား တစ်ခွန်းလည်း ရှိသည်။ မသိခြင်းသည် အမှားများနှင့် အန္တရာယ် ဖြစ်စေသကဲ့သို့ သိခြင်းသည် အမှန်တရားနှင့် ခွန်အားကို ဖြစ်စေသည်။ ထို့ကြောင့် ခွန်အားပြည့် နှလုံးသားနှင့် ဘဝခရီးလမ်း ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကာ ရဲရဲရင့်ရင့် ကျော်လွှား
ဖြတ်သန်းနိုင်ရန် စာပေ အမျိုးအစား စုံလင်စွာ ဖတ်ရှုကြ ရပါမည်။

စာဖတ်ခြင်းသည် ဓမ္မနှင့်အဓမ္မ ခွဲခြားရှုမြင် ဆင်ခြင်နိုင်ပြီး အကောင်းအဆိုး၊ အကျိုးအပြစ် များကို ဝေဖန်သုံးသပ် ဆုံးဖြတ်နိုင်သည်။ အတွေးအခေါ်၊ အယူအဆ မှန်ကန်ရင့်ကျက် တိုးတက်စေ ပါသည်။ ဉာဏ်ရည် ဉာဏ်သွေး မြင့်မားထက်မြက် စေပါသည်။ အကြားအမြင်၊ ဗဟုသုတ ပြည့်ဝစေပြီး အတွေးအခေါ် ကျယ်ပြန့် စေပါသည်။ ထိုသို့ အကြားအမြင်၊ ဗဟုသုတနှင့် နှလုံးသား အာဟာရ ပြည့်ဝစေရန် နိုင်ငံတစ်ဝန်း နေရာအနှံ့ အပြားတွင် ''ရေးသူ၊ ဖတ်သူ ဆွေးနွေးပွဲများ၊ စာပေ ဟောပြောပွဲများ၊ စာအုပ်၊ စာပေ စုပေါင်း ရောင်းချပွဲများ၊ စာဖတ်ရှိန် မြှင့်တင်ရေး ပွဲများ'' ကျင်းပ နေကြသည်။ ထို့အတူ ''မြန်မာစာပေ ချစ်မြတ်နိုးသူများ အသင်း ဖွဲ့စည်းခြင်း၊ နိုဘယ်မြန်မာ စာပေပွဲတော်'' များ ကျင်းပခြင်းဖြင့် မြန်မာစာပေ တိုးတက်မြင့်မား စေရန် မြှင့်တင် နေကြခြင်း ဖြစ်သည်။

ထိုသို့ မြန်မာစာပေ တိုးတက်မြင့်မား စေရန် မြှင့်တင် နေခြင်းသည် နိုင်ငံ့ဂုဏ်ကို မြှင့်တင် နေခြင်းမည် ပါသည်။ ယနေ့ ပညာခေတ်တွင် လူတိုင်း စာတတ်မြောက် စေရန်အတွက် မူလတန်းပညာ အခမဲ့ မသင်မနေရ ပညာရေး စနစ်ကို နိုင်ငံတော် အစိုးရက စေတနာ အပြည့်အဝနှင့် ဆောင်ရွက် နေခြင်းဖြင့် နောင် အနာဂတ် ကာလတွင် လူငယ် မျိုးဆက်သစ် များ၏ ဘဝပန်းတိုင်း ပွင့်ပြီး ပွင့်သောပန်းတိုင်း မွှေးကြိုင်လန်းဆန်း သင်းပျံ့ နေပါမည်။

ကျွန်တော်သည် မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ် ဟင်္သာ ကျေးရွာအုပ်စု ''အားမာန်'' ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်မှ စေတနာ့ ဝန်ထမ်း စာကြည့်တိုက်မှူး တစ်ဦးဖြစ်သည်။ ကျွန်တော်တို့ ''အားမာန်'' ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက် ဖွင့်လှစ်ခဲ့သည်မှာ ရှစ်နှစ် ကျော်ရှိပြီး ယနေ့ အချိန်တွင် စာဖတ်သူဦးရေ များစွာဖြင့် အင်တိုက်အားတိုက် ရှေ့သို့ ဆက်လက် ချီတက်လျက် ရှိသည်။

စာကြည့်တိုက်၏ နံရံများတွင် ''ပညာရွှေအိုး လူမခိုး''၊ ''ပညာရဲရင့် ပွဲလယ်တင့်''၊ ''ပညာပြည့်ဝ နှလုံးလှ''၊ ''ပညာလို အိုသည်မရှိ''၊ ''ပညာရှာပမာ သူဖုန်းစား''၊ ''ပညာရှိမှ ခွင့်သိသည်'' စသည့် အသိပညာပေး နံရံကပ် ဆောင်ပုဒ် များကို ကပ်ထားသည်။

ဒီမိုကရေစီ အသွင် ကူးပြောင်းချိန် ကာလတွင် အချိန်နှင့် တစ်ပြေးညီ နိုင်ငံတကာနှင့် ရင်ပေါင်တန်း နိုင်ရန် လူတိုင်း စာတတ်ရမည်။ စာပေပညာက ပေးသော အသိသည် လူတစ်ဦး၏ ဘဝကို အရောင် ပြောင်းလဲစေသည်။ ထို့ကြောင့် လူတိုင်း၏ဘဝ ရွှေရောင် တောက်ပပြီး အနာဂတ် သာယာလှပ စေရန် လူတိုင်း စာတတ်စေချင် ပါသည်။ စာတတ်လျှင် လည်း စာဖတ်စေချင် ပါသည်။ စာဖတ်လျှင် ကမ္ဘာပတ်စရာ မလိုပါ။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger