www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 17, 2015

မန္တလေးမြို့ တံတားဦး စီမံကိန်းတွင် ဟိုတယ် အလုံးရေ ၃ဝဝ တည်ဆောက်ခွင့် ပြုမည်



မန္တလေး ၊ ၁၇-၂-၂၀၁၅

မြန်မာနိုင်ငံ အတွင်း ကမ္ဘာလှည့် ခရီးသွား အဝင်များသည့် မန္တလေးမြို့၌ ဇန်နဝါရီလမှ စတင် ဆောင်ရွက်လျက် ရှိသော တံတားဦး စီမံကိန်း အတွင်း ဟိုတယ် တည်ဆောက်ခွင့်ကို ပြည်ပ ရင်းနှီးမြှုပ်နှံ မှုဖြင့် ဟိုတယ် အလုံးရေ ၁ဝဝ နှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုဖြင့် ဟိုတယ် အလုံးရေ ၂ဝဝ အထိ ခွင့်ပြုသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ တံတားဦး စီမံကိန်းကို မြေ ၅၄၈၈ ဧက ပေါ်၌ အကောင်အထည် ဖော်ဆောင်ရွက် သွားမည် ဖြစ်သည်။ ယင်း စီမံကိန်းကို အပိုင်းသုံးပိုင်း ခွဲကာ အကောင်အထည် ဖော်မည် ဖြစ်ပြီး ဆေးရုံ၊ ဆေးခန်း၊ ပန်းခြံ၊ စာသင်ကျောင်း၊ အားကစားကွင်း နှင့် ဈေးဝယ် စင်တာများ ထည့်သွင်း တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။ 

မန္တလေးတိုင်း ဒေသကြီး တံတားဦး မြို့နယ်၌ အဆိုပါ ဟိုတယ်ဇုန် စီမံကိန်း ကို စတင် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု နှစ်မျိုးစလုံး ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့သည် နန်းမြို့ရိုး၊ နန်းတော်နှင့် ကျုံး၊ မန္တလေးတောင်၊ ဦးပိန်တံတား နှင့် တောင်သမန်အင်း တို့ကြောင့် ခရီးသွား များကို ဆွဲဆောင် နိုင်သော မြို့ဖြစ်ပြီး နိုင်ငံခြား ခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်မှု မှာလည်း တိုးတက် များပြားလျက် ရှိကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံ အတွင်း ပြည်ပ ခရီးသွားများ သွားရောက် လည်ပတ်မှု များသည့် နေရာများဖြစ်သော ရွှေတိဂုံ စေတီတော်၊ ပုဂံ၊ အင်းလေး၊ တောင်ကြီး၊ မန္တလေး နှင့် မြောက်ဦး စသည့် နေရာများမှာ နာမည် ကျော်ကြားပြီး သဘာဝ အခြေခံ ခရီးသွား လုပ်ငန်း နေရာများ ကိုလည်း စိတ်ဝင်တစား လာရောက် လေ့လာမှုများ ရှိနေကြောင်း သိရသည်။

ယင်းအတွက် အဆိုပါဒေသများ၌ ပြည်ပ ခရီးသွားများ အဆင်ပြေစွာ လည်ပတ်နိုင်ရန် ခရီးသွားများ အတွက် ဟိုတယ်၊ တည်းခိုခန်း များနှင့် စားသောက်ဆိုင်များ ပါဝင်သော စီမံကိန်းများ ချမှတ် ဆောင်ရွက်မှုများ ရှိလာကြောင်းသိရသည်။ 

ယခုနှစ်အတွင်း ချင်းပြည်နယ်ရှိ နတ်မတောင် သို့လည်း ပြည်ပ ခရီးသွားများ သွားရောက် လေ့လာမှု များပြား လာခြင်းကြောင့် လိုအပ်လျက် ရှိသော ဟိုတယ် အရေအတွက် ပြည့်မီစေရေး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု များဖြင့် လုပ်ကိုင် ခွင့်ပြုလျက် ရှိသည်။ နိုင်ငံခြား ခရီးသွား ဧည့်သည်များ အတွက် အသစ်အဆန်း ဆွဲဆောင်မှုများ ရှိနေပြီး ပြည်တွင်း၌ မဖော်ထုတ် ရသေးသော ခရီးသွား နယ်ပယ် အသစ်များလည်း ရှိနေသေးကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger