www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 10, 2015

ဖိုလ်ဝင်တောင် ဒေသရှိ ရှေးဟောင်း ကျောက်ဆစ်ဗုဒ္ဓဆင်းတုတော် များအား သဘာဝ ဘေးဒဏ်ထိခိုက်မှု မရှိစေရေး ထိန်းသိမ်းစောင့်ရှောက် ပေးရန်လိုအပ်


ဖိုလ်ဝင်တောင် ဒေသရှိ ရှေးဟောင်း သမိုင်းဝင် ကျောက်ဆစ် ဗုဒ္ဓ ဆင်းတုတော် များ

ယင်းမာပင် ၊ ၁၀-၂-၂၀၁၅

စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင် မြို့နယ် ဖိုလ်ဝင်တောင် ဒေသရှိ ရှေးဟောင်း သမိုင်းဝင် ကျောက်ဆစ် ဗုဒ္ဓ ဆင်းတုတော် များအား သဘာဝ ဘေးဒဏ်ကြောင့် ထိခိုက် ပျက်စီးမှု မရှိစေရေး အတွက် နည်းလမ်းကောင်း များဖြင့် ထိန်းသိမ်း စောင့်ရှောက် ပေးရန် လိုအပ်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ကျောက်ဆစ် ဗုဒ္ဓဆင်းတု တော်များ တည်ရှိရာ အရပ်သည် မုံရွာမြို့၏ အနောက်ဘက် ချင်းတွင်းမြစ်ကမ်း ညောင်ပင်ကြီး ဆိပ်ကမ်းမှ ၁၄ မိုင်ခန့် ကွာဝေးသည်။ ဖိုလ်ဝင်တောင် သည် အမြင့်ပေ ၁ဝဝဝ ခန့် မြင့်မားပြီး အရှေ့၊ အနောက် သွယ်တန်းလျက် ရှိသည့် သဲကျောက် တောင်တန်းကြီး ဖြစ်ကာ ၄င်းဒေသရှိ ကျောက်ကမ်းပါးယံ တို့တွင် ထွင်းထုထားသော ကျောက်ဆစ် ဗုဒ္ဓ ဆင်းတုတော် ပေါင်း ၄၄၆၄၄၄ ဆူရှိသည်။

အဆိုပါ ကျောက်ဆစ်ဗုဒ္ဓ ဆင်းတုတော် များကို ဟန်လင်းကြီး မြို့ဟာင်း ကောင်းစားစဉ်က မင်းလုပ် အုပ်ချုပ်ခဲ့သော ပျူမင်း၊ ပြုံးမင်း တို့၏အဆက် ဗန္ဒဝမင်းနှင့် မိဖုရား၊ မှူးမတ်၊ တပ်မှူး၊ တပ်သားများက စုပေါင်း၍ ထွင်းထုထားခဲ့ခြင်း ဖြစ်ကြောင်း ရှေးဟောင်း သုတေသန ပညာရှင်များက မှတ်ချက်ပြုထား ခဲ့သည်။

ယခုအခါ အဆိုပါ ဖိုလ်ဝင်တောင် ဒေသရှိ ကျောက်ဆစ် ဗုဒ္ဓဆင်းတုတော် အချို့မှာ သဘာဝဘေးဒဏ် များဖြစ်သည့် ကျောက်ဆားပွင့်ခြင်း (ကျောက်ကင်ဆာ) များ ဖြစ်ပေါ်ကာ ပျက်စီးစပြုလျက် ရှိခြင်းကြောင့် နည်းလမ်းကောင်း များဖြင့် သက်ဆိုင်ရာက ထိန်းသိမ်း စောင့်ရှောက် ပေးရန် လိုအပ်နေခြင်း ဖြစ်သည်။

''ကျောက်ကင်ဆာ ဖြစ်တယ်လို့ ရှေးဟောင်း သုတေနသ အဖွဲ့က မှတ်ချက်ပြုခဲ့တာ ရှိတယ်။ ကျောက်ကင်ဆာ ဖြစ်တယ်ဆိုတာ က ဓာတုဓာတ်ပြုမှု အခြေခံတစ်မျိုး ဖြစ်ပါတယ်။ အမွှေးတိုင်နဲ့ ဖယောင်းမီး က ထွက်ပေါ်လာတဲ့ ကာဗွန်ဓာတ် လွန်ကဲမှုတွေ ပါဝင်နိုင်သလို လူဝင်လူထွက် အလွန်များပြားပြီး လူတွေရဲ့ ကိုယ်ခန္ဓာက ထွက်လာတဲ့ ချွေးတွေက တစ်ဆင့် ဒီလိုကျောက် ကင်ဆာတွေ ဖြစ်ပေါ်စေနိုင် ပါတယ် '' ဟု ရှေးဟောင်း ဗိသုကာ ပညာရှင် ဦးစိုးတင့် က မှတ်ချက်ပြု ပြောပြသည်။

ထို့ကြောင့် အဆိုပါ ဒေသရှိ ရှေးဟောင်း သမိုင်းဝင် ကျောက်ဆစ် လက်ရာများအား သဘာဝ ဘေးဒဏ်များ ထိခိုက် ကျရောက်မှု မရှိစေရေး အတွက် ရှေးဟောင်း သုတေသန အဖွဲ့မှ ထုတ်ပြန်ထားသည့် အချက်အလက် များကို ဘုရားဖူး လာရောက် သူများက လိုက်နာပေး ခြင်းဖြင့် ဝိုင်းဝန်းကူညီ ပေးကြရန် လိုအပ်ကြောင်း သိရသည်။ (၁၅၄)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger