www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 11, 2015

ဆေးလိပ်ကို စိတ်နဲ့ဖြတ်ပါ


ဆေးလိပ်ကို စိတ်နဲ့ဖြတ်ပါ

ဂျွန်ကောလင်း

ကျွန်တော် ဆေးလိပ်ပြတ် သွားတော့ မိတ်ဆွေတချို့က ဘာနဲ့ဖြတ် လိုက်တာလဲ၊ ဘယ်လို ဖြတ်လိုက်တာလဲ မေးကြတယ်။ ဒီအတိုင်းပဲ စိတ်နဲ့ ဖြတ်လိုက်တာ လို့ ဖြေရတယ်။ အများစုသိကြ၊ ကျင့်ကြတဲ့ ဖြတ်နည်းတွေ ရှိတယ်။ဆေးလိပ်ကို ကွမ်းနဲ့ဖြတ်တော့ ကွမ်းစွဲကျန်ခဲ့ပြီး နောက်ကွမ်းကို ဆေးလိပ်နဲ့ ပြန်ဖြတ်တော့ ဆေးလိပ်စွဲ ကျန်ခဲ့ပြန်တယ်။ အပြတ်ဖြတ်တဲ့ နည်းမှ မဟုတ်တာ၊ ဘယ်ပြတ်မှာလဲ၊ မကောင်းတဲ့၊ စွဲလမ်း စေတတ်တဲ့ အရာဝတ္ထုတွေနဲ့ အစားထိုး ဖြတ်တာက အရှင်းအပြတ် မဖြစ်နိုင်ပါဘူး။ အကောင်းဆုံး အရှင်းအပြတ် ဖြတ်နည်း ကတော့ အစားထိုးမှု မဟုတ်တဲ့ စိတ်နဲ့ ဖြတ်လိုက်တာပဲ ဖြစ်တယ်။

ကျွန်တော် ဆေးလိပ် စသောက်တတ်တဲ့ အရွယ်ဟာ ကျွန်တော်နဲ့ သက်တူ ရွယ်တူ လူငယ်တွေ ဆေးလိပ် စသောက်တဲ့ အသက်အရွယ်ထက် များစွာ နောက်ကျတယ်။ ကျွန်တော် စသောက်တာက တက္ကသိုလ် တက်နေချိန် အသက်နှစ်ဆယ် ပြည့်ပြီးမှပါ။ သောက်တာတောင် ရိုးရိုးပဲ ဖွာတတ်သေးတာ၊ ရှိုက်တတ်အောင်၊ နှာခေါင်းက အငွေ့ထွက်အောင် ကိုယ့်ထက်ငယ် ရွယ်တဲ့သူ တစ်ယောက်ဆီက လက်ဖက်ရည် ဆိုင်ထိုင်ရင်းနဲ့ အသေအချာ သင်ယူ လိုက်ရသေးတယ်။ အဲဒီအချိန်က လူငယ် အများစုဟာ ရှစ်တန်း၊ ကိုးတန်းမှာ စသောက် ကြတယ်။ ကျွန်တော် ခုနစ်တန်း တက်တော့ အတူထိုင်ရတဲ့ သူငယ်ချင်း တစ်ယောက်ဟာ ဆေးလိပ် ကောင်းကောင်းကြီး သောက်တတ် နေပါတယ်။ ဆယ်တန်း အောင်ပြီးစ ရုံးတစ်ရုံးမှာ ဝင်လုပ်နေချိန် ရုံးဘေးနားက လက်ဖက်ရည် ဆိုင်မှာ ကျောင်းဝတ်စုံ အဖြူ၊ အစိမ်းနဲ့ ရှစ်တန်း၊ ကိုးတန်း ကျောင်းသားတွေ ကျောင်းမတက်ဘဲ အားလုံး ဆေးလိပ်သောက် နေတာကိုလဲ အထူးအဆန်း သဖွယ် မြင်ခဲ့ဖူးတယ်။ တကယ်တော့ ဒီမြင်ကွင်း တွေက ကိုယ်က မသောက်တတ် သေးလို့သာ အံ့သြထူးဆန်း နေတာ ဖြစ်တယ်။

ဆေးလိပ်ကို ဘာကြောင့် စသောက်ဖြစ်ခဲ့ သလဲဆိုတာ အမျိုးမျိုး ရှိပါတယ်။ ကျွန်တော် ကတော့ အတိုဆုံး ဖြေရရင် ပျင်းလို့ သောက်ဖြစ်ခဲ့ တာပါ။ ကျွန်တော် အထက်တန်း ကျောင်းသား အရွယ်က စလို့ ဒီနေ့ အချိန်အထိ လက်ဖက်ရည် မသောက်တော့လို့ ဧည့်သည်တွေ၊ လုပ်ဖော် ကိုင်ဖက်တွေနဲ့ လက်ဖက်ရည် ဆိုင်ထိုင်တဲ့ အခါ အတော်ပဲ အခက်တွေ့ ရတယ်။ ကြာလာတော့ ဒီအတိုင်း ရေနွေးချည်းပဲ ထိုင်သောက် နေရာက ဆေးလိပ် သောက်တတ် သွားတာ ဖြစ်ပါတယ်။ အဲဒီအချိန် ကတည်းက ဆက်တိုက် သောက်လိုက်တာ ၁၅ နှစ်လောက် ကြာတော့မှ ပြတ်သွား တော့တယ်။

ဆေးလိပ် မဖြတ်ခင် တစ်နှစ် နှစ်နှစ် လောက်က ပေါင်းခဲ့မိတဲ့ မိတ်ဆွေ တွေကလဲ ဆေးလိပ်ကို အားပါးတရ သောက်တတ်သူတွေ ဖြစ်နေတယ်။ လက်ဖက်ရည် ဆိုင်မှာ အဲဒီလူတွေနဲ့ ထိုင်ရင် ပါးစပ်ရော လက်ရော မနားတမ်း အလုပ်ရှုပ် နေတယ်။ တစ်ယောက်က သူတစ်လိပ် သောက်တိုင်း ကျွန်တော် သောက်ဖို့ တစ်လိပ် လှမ်းပေး တတ်တယ်။ နောက်တစ် ယောက် ဆိုရင် မီးပါညှိပေး လိုက်သေးတယ်။ တစ်ယောက် ကတော့ အဲဒီလို မဟုတ်ဘူး။ သူဂျပန် မသွားခင်က မသောက်တတ် သေးဘူး။ လေးငါးနှစ် နေပြီး ဂျပန်က ပြန်လာတော့ သူက ကျွန်တော့်ထက် ပိုသောက် နေပြန်ရော။ ဒီလိုနဲ့ ကျွန်တော်လဲ အရင်ကထက် ပိုသောက်ဖြစ် သွားပါတယ်။ ကျွန်တော် ပိုသောက်ဖြစ် တာကလဲ သူတို့ အပြစ်လို့ မဆိုလိုပါ။ ရိုက်ပြီး အတင်း သောက်ခိုင်း တာလဲမဟုတ်။ ကိုယ့်စိတ်နဲ့ ကိုယ် သောက်ခဲ့လို့သာ အဓိက အကြောင်း ဖြစ်ပါတယ်။ ဖြတ်တော့လဲ ကျွန်တော် ဘာနဲ့မှ အစားမထိုးဘဲ စိတ်နဲ့ပဲ ဖြတ်ခဲ့တယ်။ စိတ်ဓာတ် ခိုင်မာမှု၊ စဉ်းစားေ တွးတောမှု တော့ ရှိရပါမယ်။

ဘယ်လို စိတ်ဓာတ်ခိုင်မာ ရမလဲ၊ ဘယ်လို စဉ်းစား တွေးတော ရမလဲ။ ကျွန်တော် မိဘတွေ ရှေ့မှာ လုံးဝ မသောက်ခဲ့ပါ။ ဒါကို တချို့က ဘဝင်မကျ။ ဒီအရွယ်ကြီး အထိ ပါမစ် မရသေးဘူး လားတဲ့။ ကျွန်တော်ဆေးလိပ်ကို သောက်လို့သာ သောက်နေတာ၊ ကောင်းတဲ့ကိစ္စ မဟုတ်တဲ့ အတွက် ပါမစ်ရအောင် မလုပ်တော့ကြောင်း ပြန်ပြော ရတယ်။ မိဘတွေက ကျွန်တော် သောက်မှန်း သိပါတယ်။ ကောင်းတဲ့ ကိစ္စဆိုပြီး ခွင့်လွှတ် ထားတာ မဟုတ်ပါဘူး။ အရွယ်လဲ ရောက်နေပြီ ဖြစ်လို့၊ သူတို့ရှေ့မှာ ပေါ်ပေါ်တင်တင် လဲမဟုတ်လို့ ဘာသိဘာသာ နေခဲ့တာပဲ ဖြစ်တယ်။ ကျွန်တော်ကလဲ သိသာသိစေ မမြင်စေနဲ့ ဆိုတဲ့ သဘောလို ပါပဲ။ ပါမစ် မယူခဲ့တဲ့ အချက်က ဖြတ်တဲ့အခါ လွယ်ကူစေတဲ့ အကြောင်း တစ်ချက် ဖြစ်စေပါတယ်။ ကိုယ့်မိဘ ရှေ့မှာ မသောက်တဲ့ ကျွန်တော်ဟာ မိတ်ဆွေ တစ်ယောက်ရဲ့ မိဘရှေ့မှာ သောက်မိ တဲ့အတွက် အပြောခံရ၊ အရှုတ်ချ ခံရပါတယ်။ အဲဒီ မိတ်ဆွေကလဲ ဆေးလိပ် သောက်သူ ဖြစ်ပေမယ့် ကျွန်တော့်လိုပဲ မိဘရှေ့မှာ မသောက်တတ် သူပါ။ ဒါကို ကျွန်တော်က မသိဘဲ သွားသောက် လိုက်မိတော့ သူ့မိဘကို မလေးမစား လုပ်တယ်လို့ ထင်စရာ ဖြစ်သွား ရပါတယ်။

နောက်တစ်ခု ကတော့ နာမည်ကြီး သရုပ်ဆောင် တစ်ယောက်ကို ခပ်ကျဉ်းကျဉ်း အင်တာဗျူး လုပ်နေတုံး ကျွန်တော်က ဆေးလိပ် လက်ကြားညှပ် လျက်ကြီး ဖြစ်နေတဲ့ပုံကို တခြား ဂျာနယ်လစ် တစ်ယောက်က ဂျာနယ် နှစ်စောင်မှာ ထည့်သုံး လိုက်တာ၊ ကျွန်တော့် မိတ်ဆွေ အသိုင်းအဝိုင်း အကြား အတော်လေး အပြောခံလိုက် ရတယ်။ ရုံးမှာ ဆေးလိပ် သောက်တတ်သူ ဆိုလို့ ကျွန်တော်ပဲ ရှိတာ ဝန်ထမ်း အမျိုးသမီး တချို့ရဲ့ မေးငေါ့ အပြစ်တင် တာကိုလဲ မကြာခဏ ခံခဲ့ရတယ်။ ကျွန်တော်နဲ့ ဘေးချင်းကပ် ထိုင်တဲ့ အမျိုးသား ဝန်ထမ်းက ဆိုရင် ကျွန်တော့်ဆီက ဆေးလိပ်ငွေ့ကို အမြဲရှူရှိုက် နေခဲ့ရတယ် လို့ ဒီနေ့ ဆေးလိပ် ဖြတ်ပြီးချိန် အထိ ပြောလို့ မဆုံးတော့ပါ။ စာအုပ်ဆိုင် တစ်ဆိုင်ကလဲ ကျွန်တော် ဆိုင်ထဲ မရောက်ခင် ကတည်းက ဆေးလိပ်နံ့က နံနေတယ်လို့ မနှစ်မြို့စွာ ပြောတာကို ပြန်ကြားခဲ့ ရတယ်။ ဆေးလိပ် သောက်တဲ့အတွက် ကျွန်တော် မျိုးစုံ အပြောဆိုခံ ခဲ့ရတယ်။

ကိုယ့်ကြောင့် သူတစ်ပါး အနှောင့်အယှက် ဖြစ်ရတာကို မကောင်းမှန်း သိပါတယ်။ မဖြစ်သင့်ဘူး လို့လဲ ဆင်ခြင်မိ ပါတယ်။ အသက်ကြီးလေ၊ ပိုစွဲလေ၊ ပိုဖြတ်ရ ခက်လေဖြစ်မှာ ကိုလဲ စဉ်းစားမိတယ်။ ဆေးလိပ်ကို စွဲလမ်းစွာ သောက်ခဲ့မိလို့ ထိခိုက်စပြု နေတဲ့ ကိုယ့်ရဲ့ကျန်းမာရေး ကိုလဲ သုံးသပ်မိတယ်။ ဆေးလိပ် မသောက်ဖို့ ဘက်မျိုးစုံ စဉ်းစား သုံးသပ်ပြီး လုံးဝ တိခနဲဖြတ်မှ ဖြစ်မယ်လို့ ဆုံးဖြတ်လိုက် ပါတယ်။ ငါဘာလို့ မဖြတ်နိုင် ရမှာလဲလို့ ကိုယ့်ဘာသာ အားတင်း ထားတယ်။ မဖြတ်ခင် လကုန်ရက်ရဲ့ ည ဆယ့်တစ်နာရီ ကျော်အထိ သောက်ပြီး နောက်ရက် မနက်မှစပြီး လုံးဝ မသောက် တော့ပါ။

ဆေးလိပ် သောက်တုန်းက မီးခြစ်ဆောင် ထားလို့ ပိုသောက်ဖြစ် ခဲ့တဲ့ ကျွန်တော်ဟာ ဒီနေ့ အချိန်အထိ မီးခြစ်ကို ဆက်လက် ဆောင်ထားပေမယ့် မီးခြစ်က ဆေးလိပ် ပြန်သောက် ဖြစ်အောင် မဆွဲဆောင် နိုင်တော့ပါ။ ဆေးလိပ်ဖြတ်တဲ့ အခါ အရေးအကြီးဆုံးက ကိုယ့်စိတ်သာ ဖြစ်ပြီး ကိုယ့်စိတ်ကို အဓိက အရင်းတည်ပြီး ဆေးလိပ်ကို ပိုင်ပိုင်နိုင်နိုင် ဖြတ်လိုက် ပါတော့လို့ အကြံပြု လိုက်ရ ပါတယ်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger