www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 5, 2015

၂ဝ၁၅ နှစ်ဆန်းပိုင်းတွင် မန္တလေးမြို့သို့ နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက် လျက်ရှိ


Mandalay Palace Moat and Wall. Mandalay, Myanmar

မန္တလေး ၊ ၅-၂-၂၀၁၅

၂ဝ၁၅ နှစ်ဆန်းပိုင်းတွင် မန္တလေးမြို့သို့ နိုင်ငံတကာမှ ခရီးသွား ဧည့်သည်များ ပိုမို ဝင်ရောက်လျက် ရှိကာ နန်းမြို့နှင့် တကွ ကျုံးအလှ၊ နန်းမြို့အလှ၊ နန်းတော်အလှ တို့ကို စာအုပ်များ ဖတ်ကာ စနစ်တကျ လေ့လာလျက် ရှိကြောင်း သိရသည်။

ကျုံးပတ်လည် ဝန်းရံထားသော မန္တလေး နန်းမြို့ရိုးသည် မန္တလေးမြို့၏ ဂုဏ်ကို ဆောင်သော ရှေးဟောင်း အမွေအနှစ် တစ်ခုပင် ဖြစ်သည်။ မန္တလေးမြို့ကို အထင်ကရ ဖြစ်စေသော သင်္ကေတမှာ ကျုံး၊ နန်းမြို့ နှင့် ရွှေနန်းတော် ပင်ဖြစ်သည်။ မန္တလေးတောင် နောက်ခံနှင့် ကျုံးအလှမှာ ကြည့်မဝသော ရှုခင်းတစ်ခု ပင် ဖြစ်ပေသည်။ ရတနာပုံ ရွှေနန်းတော်ကြီး ကို ကာရံ ဝန်းပတ် ထားသော အုတ်မြို့ရိုးမှာ နိုင်ငံတကာ ခရီးသွား ဧည့်သည် များအား အထူး ဆွဲဆောင် စေသည်။

တန်ဖိုးမဖြတ် နိုင်သည့် မြန်မာ့သမိုင်း အမွေအနှစ် အုတ်မြို့ရိုး အမြင့်မှာ ၁၈ တောင် (၂၈ ပေ ၆ လက်မ) မြင့်ပြီး ကျောဘက်၊ အတွင်းဘက်တွင် မြို့ရိုးထိပ်မှ ဆင်ခြေလျှော အတိုင်း မြေသားဖို့ ထားသည့် နည်းပညာနှင့် အယူအဆ သည် စိတ်ဝင်စားဖွယ် ကောင်းလှသည်။ တုတ်၊ ဓား၊ လှံ၊ လေး၊ မြား အသုံးပြု သော ရှေးခေတ် ကတည်းက တည်ဆောက် ခဲ့သော မြေနီသရွတ် တို့သည်ပင် သေနတ် အမြောက်ဆန်များ အသုံးပြုသည့် ခေတ်အထိ အလွန်ခိုင်ခံ့ ခဲ့သည်။ သာမန်ဗုံးများ၊ အမြောက်ဆန်များ အလွယ်တကူ ထိုးဖောက် နိုင်စွမ်း မရှိသည်ကို ဒုတိယ ကမ္ဘာစစ် အတွင်းက သက်သေ ပြခဲ့ပြီး ဖြစ်ပေသည်။

နိုင်ငံတကာ ခရီးသွား ဧည့်သည်များ စိတ်ဝင်စားသော မန္တလေး ဂုဏ်ဆောင် အုတ်မြို့ရိုး၏ အရှည်မှာ တာ ၆ဝဝ၊ အတောင် ၄၂ဝဝ၊ လေးမျက်နှာ စုစုပေါင်း အရှည် ၅ မိုင် ၁ ဖာလုံ ရှိပေသည်။ သာသနာ တော်နှစ် ၂၄ဝဝ သင်္ကေတ ကို အမှတ်အသား ပြုသော အထိမ်းအမှတ် အဖြစ် မြို့တော်ကို လေးထောင့် စတုရန်း တည်ကာ မြို့ရိုး တစ်ဖက်လျှင် တာ ၆ဝဝ စီ အညီအမျှ ခွဲဝေ ထားခဲ့ပေသည်။ အုတ်မြို့ရိုး လေးမျက်နှာတွင် ဓာတ်တံခါး လေးရပ်၌ ဘုံခုနစ်ဆင့်၊ မိတ်တံခါး ရှစ်ရပ်၌ ဘုံငါးဆင့်၊ ထောင့်ပြကြီး လေးခုနှင့် ပြငယ် ၃၂ ခု၌ ဘုံငါးဆင့် ပြာသာဒ်များ ထုပ်စွပ် လျောက်စွပ်ကို မြန်မာ ရှေးဗိသုကာ စနစ်ဖြင့် ဆောက်လုပ် ထားခဲ့ပုံမှာ စိတ်ဝင်စားဖွယ် ဖြစ်ပေသည်။

မြို့ရိုး လေးမျက်နှာ ပတ်လည်တွင် ပြာသာဒ်ကြီး၊ ပြာသာဒ်လတ်၊ ပြာသာဒ်ငယ် ၄၈ ဆောင်မှာ မြင်သူကို ငေးစေသည့် အလှပ ဆုံးသော ရှုခင်း တစ်ရပ်ပင် ဖြစ်နေ ပေသည်။ နန်းမြို့ရိုး ပြသာဒ်များ၏ ကုန်းဘောင်ခေတ် ဗိသုကာ လက်ရာများ၊ ပန်းပုပညာ စွမ်းတို့ဖြင့် စီခြယ်ကာ အလှထိပ်တင် နန်းရင်ခွင် ဖြစ်အောင် တည်ဆောက် ထားနိုင် ခဲ့ကြောင်း သိရသည်။

တိမ်တမန်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger