www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 5, 2015

နာဂတောင်တန်းဒေသ ကို သဘာဝအခြေခံ ခရီးသွားလုပ်ငန်း အဖြစ် အကောင်အထည်ဖော်ရန် သုတေသန ပြုလုပ်



စစ်ကိုင်း ၊ ၅-၂-၂၀၁၅

နာဂတောင်တန်း ဒေသကို သဘာဝ အခြေခံ ခရီးသွားလုပ်ငန်း အဖြစ် အကောင်အထည် ဖော်ရန် သစ်တော ဦးစီးဌာနနှင့် သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS) မှကျွမ်းကျင် ပညာရှင် ကမ္ဘောဒီးယား နိုင်ငံသားတစ်ဦး တို့ ပူးပေါင်း၍ ဇန်နဝါရီလ ပိုင်းက သုတေသန ပြုလုပ်ခဲ့ပြီး ဇီဝမျိုးစုံမျိုးကွဲ ငှက်မျိုးစိတ် နှင့် ဆေးဖက်ဝင် အပင် မျိုးစိတ် သဘာဝ သယံဇာတ စုစုပေါင်း ခြောက်ရာ နီးပါးခန့် မှတ်တမ်းတင် နိုင်ခဲ့ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ သုတေသန ပြုလုပ်ရာတွင် ပြောင်၊ မျောက်လွှဲကျော်၊ မျောက်မြီးရှည်၊ ဝက်ဝံ၊ ကျားသစ်၊ သင်းခွေချပ်၊ တောင်ဆိတ်၊ စာမရီ၊ တောဝက် စသည့် နို့တိုက်သတ္တဝါ များနှင့် ဥသြ၊ ရစ်၊ ဒေါင်းကုလား၊ ခါ၊ ဝါးရောင်း၊ အောင်လောင် စသည့် ငှက်မျိုးစိတ်များ၊ ရေနေ သတ္တဝါ ဖြစ်သော ငါးတောက်၊ ငါးချို၊ ဆန်းချီး (ချင်ငါး) ငါးမျိုးစိတ် များနှင့် တောင်တမာ၊ ဆီးသီး၊ စန်းသီး၊ သစ်နံ၊ မတ်ဗို့၊ ရုံး၊ သက်ငယ်၊ ဖက်ဝန်း၊ ကျောက်ယမနေ၊ တောင်ကြိမ်၊ တောစံကားဝါ၊ ယမနေ၊ လောက်ယား၊ စကတ်၊ ထင်းရှူး၊ ဝါးပိုးဝါး၊ ဝါးခါး၊ မရောင်း (မွှေးသောသစ်)၊ ကောရှီး၊ သတွက်၊ ကညင် သစ်မျိုးများ တွေ့ရှိ ရကြောင်း သိရသည်။

ယင်း သုတေသန ကို စစ်ကိုင်းတိုင်း ဒေသကြီး နာဂ တောင်တန်း ဒေသရှိ ထမံသီ တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော အနီးရှိ ချယ်ရာ၊ ဟိန်ကွက်၊ ပန်ဆပ်၊ ပိန္နဲကုန်း ကျေးရွာနှင့် လေရှီးမြို့ ဝန်းကျင် ဒေသများ ၌ သုတေသန ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး နာဂ မျိုးနွယ်စု ငါးစုက မျိုးနွယ်အလိုက် သစ်တော များကို ရိုးရာ ကော်မတီ ဖွဲ့စည်း၍ စီမံခန့်ခွဲ ထားသဖြင့် တောများ ကောင်းနေသည် ကို တွေ့ရှိ ရသောကြောင့် သဘာဝ အခြေခံ ခရီးသွား လုပ်ငန်း လုပ်ဆောင်ရန် ကောင်းမွန် နိုင်ကြောင်း WCS မှ အကြံပြု ခဲ့သည်။

သစ်တောများ အနီး တောင်ယာ လုပ်ငန်းများ၊ ကျွဲ၊ နွားများ ထိန်းကျောင်းသည့် စားကျက်မြေ များကို စနစ်တကျ လုပ်ကိုင်ခြင်း၊ ကျေးရွာဝန်းကျင် အနီးအနားတွင် ကိုယ်ပိုင် ထင်းစိုက်ခင်းများ ထူထောင် ထားခြင်း၊ မျိုးနွယ်စု အလိုက် ပိုင်ဆိုင်သော သစ်တောများမှ ထုတ်ယူ သုံးစွဲသည့် အခြေအနေ များမှာ စနစ်ကျ သည်ကို တွေ့ရှိရ သော်လည်း နာဂ လူမျိုးစုများ၏ အဓိက ဝင်ငွေရ လုပ်ငန်းအဖြစ် အမဲလိုက်ခြင်း လုပ်ငန်း အပေါ် မှီခို နေရသောကြောင့် အဆိုပါ ပြဿနာကို ဖြေရှင်း ရမည်ဟု သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS) မှ အကြံပြု သုံးသပ် ထားကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger