www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, November 20, 2016

ပြည်တွင်းပြည်ပ ခရီးသည်များပြားလာသဖြင့် မှော်ယာကြီးဆင်စခန်းတွင် ဆင်ကောင်ရေ ထပ်မံတိုးမြှင့်မည်



နေပြည်တော် ၊ ၂၀-၁၁-၂၀၁၆

သဘာဝအခြေပြု ခရီးသွားနယ်မြေ မှော်ယောကြီး ဆင်စခန်းတွင် လာရောက် လည်ပတ်သူ ပြည်တွင်း၊ ပြည်ပခရီးသည် တိုးတက်များပြား လာသဖြင့် ယခုလအတွင်း ဆင်အကောင်ရေ ထပ်မံတိုးမြှင့် ထားရှိသွားမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန မြန်မာ့ သစ်လုပ်ငန်း သတင်းများအရ သိရသည်။

အဆိုပါ မှော်ယောကြီး ဆင်စခန်းသည် ပဲခူးတိုင်းဒေသကြီး အိုင်တုံကွန်း ကြိုးဝိုင်း အကွက်အမှတ် (၁၃)တွင် ရှိနေသည့် မြန်မာ့ သစ်လုပ်ငန်း၏ ဆင်စခန်းတစ်ခု ဖြစ်သည်။

အဆိုပါ ဆင်စခန်းကို သဘာဝ ခရီးသွားနယ်မြေ အဖြစ် ဖွင့်လှစ် ဆောင်ရွက်ခဲ့ရာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၁ဝ၅ မိုင် ၄ ဖာလုံတွင် တည်ရှိနေ သဖြင့် ခရီး သွားလာရေး လွယ်ကူ၍ ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည် လာရောက် လည်ပတ်မှု တိုးတက် များပြား လာခဲ့သည်။

အဆိုပါ မှော်ယောကြီး ဆင်စခန်းတွင် သဘာဝ တောတောင် များကို ဆင်စီးကြည့်ရှု နိုင်သည့်အပြင် ဆင်များ၏ သဘာဝ အလေ့အထ များကို လေ့လာနိုင်မည် ဖြစ်သည်။ ထို့ပြင် မှော်ယောလေး ချောင်းအတိုင်း လမ်းလျှောက်ခြင်း၊ ဆင်များနှင့်အတူ ဓာတ်ပုံရိုက်ခြင်း၊ ဆင်စာကျွေးခြင်း များကိုလည်း ပြုလုပ်နိုင်သဖြင့် ပြည်တွင်း၊ပြည်ပ ခရီးသွားများ အတွက် အပန်းဖြေ လည်ပတ်နိုင်သည့် အပြင် ဗဟုသုတ လည်း ဖြစ်စေသဖြင့် လည်ပတ်သူ တိုးတက်များပြား လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အဆိုပါ ဆင်စခန်းတွင် လက်ရှိဆင် ၁၆ ကောင်ရှိနေရာ မှ ယခုလ အတွင်းတွင် နောက်ထပ် ဆင်ခြောက်ကောင် ထပ်မံတိုးမြှင့် ထားပေးသွားမည် ဖြစ်သည်။

ယခုအခါ မြန်မာ့သစ်လုပ်ငန်း အနေဖြင့် သစ်ထုတ်လုပ်ရေး လုပ်ငန်းများကို ရပ်နားထားရ သော်လည်း ဆင်များကို ထိန်းသိမ်း စောင့်ရှောက်ရသည့် လုပ်ငန်းများ သည် ရပ်နားထား၍ မရသောကြောင့် ဆင်များကို ထိန်းသိမ်း စောင့်ရှောက်ရန်နှင့် ဆင်ဦးစီးများ အလုပ်အကိုင် ရရှိစေရန် မြန်မာ့ ခရီးသွားလုပ်ငန်း ကိုလည်း အထောက်အကူ ဖြစ်စေရန်အတွက် ဆင်စခန်းများကို သဘာဝ ခရီးသွား နယ်မြေများ အဖြစ် ဖွင့်လှစ် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger