www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 9, 2015

ကမ္ဘာတစ်ဝန်း နှစ်စဉ်ရာသီဥတု ပြောင်းလဲမှုဒဏ် အခံစားရဆုံး ၂၅ နိုင်ငံတွင် မြန်မာနိုင်ငံပါဝင်


ရန်ကုန် ၊ ၉-၂-၂၀၁၅

ကမ္ဘာတစ်ဝန်း နှစ်စဉ် ရာသီဥတု ပြောင်းလဲမှုဒဏ် အခံစားရဆုံး နိုင်ငံ(၂၅) နိုင်ငံစာရင်းတွင် အဆင့် (၂၁) နေရာတွင် မြန်မာ ရပ်တည် နေကြောင်း အင်္ဂလန် အခြေစိုက် နေ့စဉ်ထုတ် သတင်းစာ တစ်စောင် ဖြစ်သည့် Daily Mail က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမအပတ် အတွင်းက ဖော်ပြ လိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ရာသီဥတု ပြောင်းလဲမှုဒဏ် အခံရနိုင်ဆုံး နိုင်ငံ (၂၅) နိုင်ငံစာရင်း ၌ အဆင့်(၂၁) နေရာတွင် ရှိနေပြီး ထိပ်ဆုံး ငါးနိုင်ငံမှာ အာဖရိက နိုင်ငံများ ဖြစ်သည်ဟု သိရသည်။ ရာသီဥတု ပြောင်းလဲမှု ဒဏ်ခံ ရနိုင်ခြေ အနည်းဆုံး နိုင်ငံများ စာရင်း၏ ထိပ်ဆုံး ငါးနိုင်ငံမှာ နော်ဝေ၊ နယူးဇီလန်၊ ဆွီဒင်၊ ဖင်လန် နှင့် ဒိန်းမတ် တို့ ဖြစ်သည် ဟုလည်း အဆိုပါ သတင်းစာ က ဖော်ပြထားသည်။ 

ထိုကဲ့သို့ ကမ္ဘာတစ်ဝန်း နှစ်စဉ် ရာသီဥတု ပြောင်းလဲမှုဒဏ် အခံစားရဆုံး နိုင်ငံ(၂၅)နိုင်ငံ စာရင်းတွင် မြန်မာပါဝင် ကြောင်းကို Daily Mail က အမေရိကန် နိုင်ငံ အင်ဒီယားနား ပြည်နယ် အခြေစိုက် Notre Dame ၏ ရာသီဥတု ပြောင်းလဲမှု အန္တရာယ်ကြောင့် ဖြစ်လာနိုင်သည့် မုန်တိုင်းများ ၊ မီးတောင် ပေါက်ကွဲမှုများ စသည်တို့ နှင့် ဆက်စပ်သော အကြောင်းအရာ များကို အလေးပေး သုတေသနပြု ထုတ်ပြန်မှုကို ကိုးကားကာ ဖော်ပြ လိုက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ တက္ကသိုလ် သည် နှစ်စဉ် ရာသီဥတု ပြောင်းလဲမှုဒဏ် အခံရနိုင်ဆုံး နိုင်ငံများ စာရင်းနှင့် ရာသီဥတု ပြောင်းလဲမှုဒဏ် ခံရနိုင်ခြေ အနိမ့်ဆုံး နိုင်ငံများ စာရင်းကို ပုံမှန် ထုတ်ပြန်လေ့ ရှိသည်ဟုလည်း သိရသည်။ 

ကမ္ဘာတစ်ဝန်း နှစ်စဉ် ရာသီဥတု ပြောင်းလဲမှုဒဏ် ခံရနိုင်ခြေ အဆင့် သတ်မှတ်ချက် ကို နိုင်ငံပေါင်း ၁၇၈ နိုင်ငံအပေါ် အခြေပြု လေ့လာကာ အဆင့် သတ်မှတ်ချက် များ ထုတ်ပြန် လိုက်ခြင်းဖြစ်ပြီး ယခု နှစ်အတွက် ထုတ်ပြန် လိုက်သော စာရင်း၌ မြန်မာနိုင်ငံ ပါဝင် လာခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ ရာသီ ဥတု ပြောင်းလဲမှုဒဏ် အမြင့်ဆုံး ခံရနိုင်ခြေ ရှိသည့်နိုင်ငံများ စာရင်းတွင် အာဖရိကနိုင်ငံ များမှာ အရေအတွက် အများဆုံး ဖြစ်နေပြီး ရာသီဥတု ပြောင်းလဲမှုကြောင့် ထိခိုက်မှုဒဏ် အနည်းဆုံး နိုင်ငံများစာရင်း တွင် အမေရိကန် နှင့် ဥရောပ နိုင်ငံများမှာ အရေအတွက် အများဆုံး ပါဝင်သည်။

အဆင့် သတ်မှတ်ရာတွင် သက်ဆိုင်ရာ နိုင်ငံများ၏ ရာသီဥတု ပြောင်းလဲမှုနှင့်  ဆိုင်သော အကြောင်းအရာ များကို စနစ်တကျ ဆောင်ရွက်မှု၊ အနာဂတ် အစီအမံများ ဖော်ဆောင်မှု၊ ရာသီဥတု ပြောင်းလဲမှု ကို လျှော့ချနိုင်မည့် အစီအစဉ်များ အကောင် အထည်ဖော်မှု စသည့် အချက်များကို အခြေခံ၍ သတ်မှတ် ခဲ့သည်ဟု သိရသည်။

အိအိအောင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger