www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 6, 2015

အမျိုးသားပြတိုက် ပြင်ဆင်ခြင်း လုပ်ငန်းများ မတ်လကုန်တွင် ပြီးစီးမည်



ရန်ကုန် ၊ ၆-၂-၂၀၁၅

ရန်ကုန်တိုင်း ဒေသကြီးရှိ အမျိုးသား ပြတိုက်ကို ငွေကျပ် သိန်းပေါင်း ၂ဝဝဝ ခန့် အကုန်အကျ ခံကာ ပြင်ဆင် မွမ်းမံခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ အဆိုပါ လုပ်ငန်းများ အားလုံး လာမည့် မတ်လကုန်တွင် အပြီးသတ် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း အမျိုးသား ပြတိုက်(ရန်ကုန်) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အမျိုးသားပြတိုက် (ရန်ကုန်) အား ပြန်လည်ပြင်ဆင် မွမ်းမံခြင်းကို ၂ဝ၁၄ ခုနှစ် ဇွန်လ အတွင်းက စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ၈ဝ ရာခိုင်နှုန်း နီးပါး ပြီးစီးသွားပြီ ဖြစ်သည်။ ယခုတစ်ကြိမ် ပြုပြင် ဆောင်ရွက်ရာတွင် စုစုပေါင်း ငွေကျပ်သိန်း ၂ဝဝဝ ခန့် ကုန်ကျမည်ဟု ခန့်မှန်း ထားပြီးပြတိုက် တစ်ခုလုံးကို ပြုပြင်ခဲ့ခြင်း မဟုတ်ဘဲ ပြခန်းအချို့နှင့် ပြတိုက်အဝင် အဝဆောင် (Lobby) တို့ကို အဓိက ဦးစားပေး ပြင်ဆင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ အမျိုးသား ပြတိုက်ကို ၁၉၅၂ ခုနှစ်တွင် ရန်ကုန်မြို့ ရွှေတိဂုံ ဘုရားလမ်းရှိ ဂျူဗလီဟော နေရာ၌ စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ၁၉၉၆ ခုနှစ်တွင် ယခုလက်ရှိ ဖွင့်လှစ်ထားသည့် ပြည်လမ်း ပေါ်ရှိ နေရာသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ နေရာ၌ လွန်ခဲ့သော နှစ်ပေါင်း ၂ဝ ခန့် ကတည်းက ဖွင့်လှစ်ပြသ လာခဲ့ခြင်းဖြစ်ရာ ပြသမှု ပုံစံများကို အသစ်တစ်ဖန် ပြန်လည် ဆန်းသစ်ကာ လာရောက် ကြည့်ရှုသူများ ပိုမို စိတ်ဝင်စား လာစေရန် ဆွဲဆောင် လိုသည့် အတွက် ယခုကဲ့သို့ ပြုပြင်မွမ်းမံ ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသားပြတိုက် (ရန်ကုန်) ကို အပတ်စဉ် တနင်္လာနေ့မှ အပ ကျန်နေ့ များတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ပုံမှန် ဖွင့်လှစ်လျက် ရှိပြီး ပြည်တွင်းမှ လာရောက် လေ့လာသူများ အတွက် တစ်ဦးလျှင် ငွေကျပ် ၅ဝဝ နှင့် နိုင်ငံခြား ခရီးသွား ဧည့်သည် တစ်ဦးလျှင် ငွေကျပ် ၅ဝဝဝ နှုန်းဖြင့် ကောက်ခံလျက် ရှိပြီး ကျောင်းသား၊ ကျောင်းသူ များအား အခမဲ့ ဝင်ရောက် ကြည့်ရှုခွင့် ပေးထားသည်။ ယခုနှစ်တွင် အဆိုပါ ပြတိုက်သို့ လာရောက် လေ့လာသော နိုင်ငံခြား ခရီးသွား ဧည့်သည် အရေ အတွက်သည် ယခင်နှစ် များထက် ပိုမိုများပြား လာကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger