www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 18, 2015

အခြေခံကျောင်းများ အတွက် အရည်အသွေး အညွှန်းဘောင် အခြေပြုစီမံကိန်း တည်ထောင်ခြင်းကို ဆောင်ရွက်ရန် စီစဉ်



ရန်ကုန် ၊ ၁၈-၂-၂ဝ၁၅

အခြေခံကျောင်း များအတွက် အရည်အသွေး အညွှန်းဘောင် အခြေပြု စီမံကိန်း တည်ထောင်ခြင်းကို ၂ဝ၁၆ ခုနှစ် ဇွန် ၁ ရက်တွင် နောက်ဆုံးထား ဆောင်ရွက် နိုင်ရန် စီစဉ်လျက် ရှိကြောင်း ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ အရည်အသွေး အညွှန်းဘောင် အခြေပြု စီမံကိန်းသည် မူလတန်း၊ အလယ်တန်း နှင့် အထက်တန်း အဆင့် ကျောင်းများအတွက် ဆောင်ရွက် သွားမည်ဖြစ်ပြီး ကျောင်းထွက် သွားသည့် ကျောင်းသားများအား ကျောင်းပြန်လည် တက်ရောက် နိုင်ရေးကို ကျောင်းများ အားလုံးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက် စေခြင်းဖြင့် ကျောင်းများအတွက် အခွင့်အလမ်း တိုးမြင့် စေမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကျောင်းအုပ်ကြီးများ၊ ကျောင်းအကျိုး တော်ဆောင် အဖွဲ့ဝင်များ နှင့် မိဘများအား မိမိတို့၏ ကျောင်း အရည်အသွေး ဘောင်အတွင်း ပါရှိသော အမျိုးသား အဆင့် အရည်အသွေးကို အသေးစိတ် ဆန်းစစ် စေခြင်းဖြင့် ကျောင်းများ၏ သင်ကြား သင်ယူမှု အရည်အသွေးကို တိုးတက်စေမည့် အစီအစဉ် တစ်ရပ် ဖြစ်ကြောင်း သိရသည်။

ကျောင်းများ၌ အရည်အသွေးမီ ပညာသင်ကြား ပေးနိုင်ရေး ဆောင်ရွက်ချက်ကို နှစ်စဉ် အခြေပြု စနစ်ဖြင့် အကဲဖြတ် ရာတွင် အသုံးပြု နိုင်မည့် လက်တွေ့ကျသော ယင်း စီမံကိန်းကို တည်ထောင် ဆောင်ရွက်ခြင်းဖြင့် ပညာရေး စနစ်ကို အင်အား တောင့်တင်း စေနိုင်မည် ဖြစ်သည်။ ၄င်း စီမံကိန်းဆိုင်ရာ အသေးစိတ် အချက်အလက် များကို ဆွေးနွေး နေကြောင်း၊ လက်ရှိတွင် ကျောင်းပြင်ပရှိ ကျောင်းနေအရွယ် ကလေးများ ပညာသင်ကြား နိုင်ရေးအတွက် နိုင်ငံတော်မှ ပြည်ပ ပညာရေး အထောက်အကူ အဖွဲ့များ၊ ပြည်တွင်း လူမှု အဖွဲ့အစည်း များနှင့် ပူးပေါင်း လုပ်ဆောင် နေကြောင်း သိရသည်။

အရည်အသွေး အညွှန်းဘောင် အခြေပြု စီမံကိန်းကို မူလတန်း၊ အလယ်တန်း နှင့် အထက်တန်း ကျောင်းပေါင်း ၅ဝဝဝ အထိ အကျုံးဝင်စေရေး ဆောင်ရွက် သွားရန် လျာထားကြောင်း သိရသည်။

ယင်း စီမံကိန်းသည် ကျောင်းသားများ ကျောင်းထွက်နှုန်း ကျဆင်းစေပြီး ကျောင်းနေမြဲရန် ကျောင်းသားများ အတွက် အခွင့်အလမ်း တိုးမြှင့်မှုများ နှင့် ကျောင်းများ၏ အရည်အသွေး မြှင့်တင်မှုများ ကိုပါ ဆောင်ရွက်ခြင်း
ဖြစ်ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger