www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 13, 2015

သပိတ်ကျင်းမြို့နယ် ရွှေဥဒေါင်းဘေးမဲ့ ကြိုးဝိုင်း၌ တောဆင်ရိုင်း ၄၀၀ ကျော် နေထိုင်ကျက်စားလျက်ရှိ



သပိတ်ကျင်း ၊ ၁၃-၂-၂၀၁၅

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်ခရိုင် သပိတ်ကျင်း မြို့နယ် အတွင်းရှိ ရွှေဥဒေါင်း ဘေးမဲ့ ကြိုးဝိုင်းသည် လွန်စွာ တောကြီးပြီး တောအတွင်း၌ နေထိုင် ကျက်စားလျက် ရှိသော တောသတ္တဝါ တို့မှာလည်း အမျိုးစုံလင် လှကြောင်း သိရသည်။

ရွှေဥဒေါင်း ဘေးမဲ့ကြိုးဝိုင်း အတွင်း၌ သမင်၊ ချေ၊ ဒရယ်၊ ဆတ်၊ တောမျောက် များနှင့် တောဆင်ရိုင်း အကောင် ၄ဝဝ ကျော် နေထိုင် ကျက်စားလျက် ရှိကြောင်း သိရသည်။ တောဆင်ရိုင်း များသည် ကျောက်ကြီးရွာ၊ ကြာအင်းရွာ၊ အုန်းတကူးရွာ ပတ်ဝန်းကျင် အနီး တစ်ဝိုက်တွင် မကြာခဏ လာရောက်လေ့ ရှိကြပြီး လူတို့ စိုက်ပျိုး ထားရှိသော တောင်ယာ စိုက်ခင်းများကို ဖျက်ဆီး စားသောက်လေ့ ရှိကြသည်။ အဆိုပါ တောဆင်ရိုင်းများ ထဲမှ ဟိုင်းဆင်ကြီး တစ်ကောင်နှင့် စွယ်စုံဆင် တစ်ကောင်တို့မှာ ဒေသခံ လူတို့ကိုပင် မကြာခဏ လာရောက် ဒုက္ခပေးလေ့ ရှိကြောင်း ဒေသခံ တစ်ဦး၏ ပြောပြချက် အရ သိရသည်။

ထို့ကြောင့် ၂ဝ၁၃ ခုနှစ်တွင် သစ်တောဌာနမှ သစ်ဆွဲ ဆင်ယဉ် နှစ်ကောင်ဖြင့် တောဆင်ရိုင်း ကြီးကို သွားရောက် ဖမ်းဆီးခဲ့ရာ အောင်မြင်မှု မရရှိခဲ့ဘဲ ဆင်ယဉ် တစ်ကောင်မှာ အစွယ် အချိုးခံ လိုက်ရပြီး တစ်ကောင်မှာ အမြီး အကိုက်ခံ ရကြောင်း တွေ့ကြုံသူ တစ်ဦး၏ ပြောပြချက် အရသိရသည်။

ဒေသခံများ အနေဖြင့် တောင်ယာ စိုက်ပျိုးခြင်း၊ အမဲလိုက်ခြင်း၊ သစ်ခုတ်ခြင်း၊ ကျောက်တူးခြင်း စသည့် လုပ်ငန်းများဖြင့် အသက်မွေး ဝမ်းကျောင်းပြု နေကြရ သော်လည်း တောဆင်ရိုင်း များနှင့် ကြုံတွေ့ရခြင်း၊ တစ်ခါတစ်ရံ ဝက်ကာတောင် ဘက်မှ ခွေးအ များနှင့် ကြုံတွေ့ ရခြင်းများ ရှိကြောင်း သိရသည်။

ရွှေဥဒေါင်း ဘေးမဲ့ကြိုးဝိုင်း သည် ယခုအခါ တွင်သာ အလွန် ကြီးမားသော တောကြီးတစ်ခု အဖြစ် တည်ရှိနေပြီး ဒေသခံများမှ သစ်ခုတ်ခြင်း၊ တောင်ယာ စိုက်ပျိုးခြင်း စသည်တို့ကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင် လာပါက တောအတွင်း နေထိုင် ကျက်စားလျက် ရှိနေသော တောဆင်ရိုင်းများ စားကျက်မြေ ကျဉ်းမြောင်း လာနိုင်ပြီး လူတို့ကို ပိုမိုဒုက္ခ ပေးလာနိုင်ကြောင်းနှင့် ယခုလက်ရှိ အချိန်၌ပင် ညအခါ အနီး ပတ်ဝန်းကျင်၌ တောဆင်ရိုင်း တို့၏ အော်ဟစ်သံ များကို ညစဉ် ကြားနေ ရကြောင်း ဒေသတွင်း သစ်တော တာဝန် ထမ်းဆောင်လျက ရှိနေသော ဝန်ထမ်း တစ်ဦး၏ ပြောပြချက် အရ သိရသည်။ (၁၆၅)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger