www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, January 4, 2015

လွတ်လပ်ရေး ကို ထိန်းသိမ်းကာကွယ်


လွတ်လပ်ရေး ကို ထိန်းသိမ်းကာကွယ်

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကိုလိုနီနယ်ချဲ့ လက်အောက်မှ လွတ်မြောက်ကာ အချုပ်အခြာ အာဏာ ပိုင်သော နိုင်ငံအဖြစ် ရပ်တည် လာနိုင်ခဲ့သည်မှာ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၄ ရက် ယနေ့ဆိုလျှင် (၆၇) နှစ်ရှိခဲ့ပြီ ဖြစ်သည်။

မြန်မာတို့သည် ရှေးဘိုးဘွား အစဉ်အဆက် ကပင် မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိ ယဉ်ကျေးမှု၊ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းဖြင့် ရပ်တည် လာခဲ့ရာမှ ကိုလိုနီနယ်ချဲ့ တို့၏ မတရား ကျူးကျော်မှု ဖြင့် သိမ်းပိုက်ခံ ခဲ့ရခြင်း ဖြစ်သည်။ 

မြန်မာ တိုင်းရင်းသား ပေါင်းစုံတို့၏ သူ့ကျွန်မခံ လိုသော မျိုးချစ်စိတ်ဓာတ်၊ ဝံသာနု စိတ်ဓာတ် တို့ဖြင့် ဆုံးရှုံးခဲ့သည့် လွတ်လပ်ရေး ကို ပြန်လည် တိုက်ခိုက်၍ ရယူခဲ့ရခြင်း ဖြစ်သည်။

လွတ်လပ်ရေးသည် မြန်မာတို့၏ အသက်သွေး ဖြစ်သည်။ လွတ်လပ်ခြင်း ဘဝနှင့် မလွတ်လပ်ခြင်းဘဝ များစွာ ကွာခြားပုံကို ထိုခေတ် ထိုအခါက ဘိုးဘွားများ သိကြသော ကြောင့် ကျွန်ဘဝ ဖြစ်ရခြင်းထက် သေဆုံးသည်သာ အကောင်းဆုံး ဖြစ်သည်ဟု ခံယူထား ကြသည်။

လွတ်လပ်ရေး ဆုံးရှုံးရပုံကို နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့ ခဲ့ရသော ရှေးမြန်မာ ဘိုးဘွားတို့ အနေဖြင့် သူ့ကျွန်အဖြစ် မခံလို သောကြောင့် အမျိုးသားရေး စိတ်ဓာတ် နိုးကြားထက်သန် ကာ ''မြန်မာပြည်သည် ဒို့ပြည်၊ မြန်မာစာသည် ဒို့စာ၊ မြန်မာစကားသည် ဒို့စကား၊ ဒို့ပြည်ကို ချစ်ပါ၊ ဒို့စာကို ချီးမြှင့်ပါ၊ ဒို့စကားကို လေးစားပါ၊ အချင်းချင်း ညီညွတ်ကြပါ၊ အချင်းချင်း ရိုင်းပင်းကြပါ ''ဟူ၍ နှိုးဆော်ကြပြီး အမျိုးချစ် စိတ်ဓာတ်၊ တိုင်းပြည်ချစ် စိတ်ဓာတ်၊ မြန်မာတို့၏ ဇွဲသတ္တိ စိတ်ဓာတ်များဖြင့် လွတ်လပ်ရေး ကို ရယူခဲ့ ကြသည်။

လွတ်လပ်ရေးကို ယနေ့ အချိန်ထိ ထိန်းသိမ်း စောင့်ရှောက် လာခဲ့သည်မှာ နှစ်ပေါင်း (၆၇) နှစ်ရှိပြီ ဖြစ်သည်။ လွတ်လပ်ရေး ရရှိခဲ့သော်လည်း ထိုကာလက လွတ်လပ်ရေးကို ထိပါး နှောင့်ယှက်မှုများ၊ စိန်ခေါ်မှု များစွာတို့နှင့် 

ကြုံတွေ့ ခဲ့ရဖူးသည်။ သို့သော်လည်း မြန်မာတို့၏ စစ်မှန်သော မျိုးချစ် စိတ်ဓာတ် များဖြင့် ကာကွယ် စောင့်ရှောက် ခဲ့ကြ သောကြောင့် လွတ်လပ်ရေး သည် ယနေ့တိုင် တည်တံ့ခိုင်မြဲ နေခြင်း ဖြစ်သည်။

သမိုင်းက ပြောသောလွတ်လပ်ရေး၏ အရသာ၊ လွတ်လပ်ရေး၏ တန်ဖိုးများကို မြန်မာ တစ်မျိုးသားလုံး သိရှိနားလည် ထားကြသည်။ ရရှိပြီးသော လွတ်လပ်ရေး ပြန်လည် မဆုံးရှုံးအောင် မြန်မာ တစ်မျိုးသားလုံး ၏ စိတ်သန္တာန်တွင် သန္ဓေတည် ခဲ့သည်။ မျိုးချစ် စိတ်ဓာတ်၊ တိုင်းပြည်ချစ် စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ် များဖြင့် မြန်မာနိုင်ငံနှင့် လွတ်လပ်ရေးကို ဆက်လက် ထိန်းသိမ်း ကာကွယ် စောင့်ရှောက် သွားကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ အသက်ပေါင်း များစွာကို ရင်းနှီး ပေးဆပ်ပြီး ခက်ခက်ခဲခဲ ပြန်လည်ရယူ ခဲ့ရသည့် မြန်မာ့ လွတ်လပ်ရေးကို တိုင်းရင်းသား ပြည်သူအားလုံး က တန်ဖိုးထား၍ တိုင်းရင်းသား အချင်းချင်း ဥမကွဲ သိုက်မပျက် ချစ်ချစ်ခင်ခင် လက်တွဲကြကာ စည်းလုံး ညီညွတ်မှုဖြင့် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ကြ ရမည် ဖြစ်ပါကြောင်း ရတနာပုံ သတင်းစာ က တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger