www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, January 4, 2015

(၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များအား လက်တွဲ အကောင်အထည်ဖော်


(၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များအား လက်တွဲ အကောင်အထည်ဖော်

တိုင်းရင်းသား သွေးချင်းများ စည်းလုံး ညီညွတ် ချစ်ကြည်စွာ နေထိုင်လျက် ရှိသော အမိမြန်မာ နိုင်ငံတော်သည် ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်း ဖြင့် ရှေးပဝေ သဏီကပင် အချုပ်အခြာ အာဏာပိုင် နိုင်ငံအဖြစ် ကမ္ဘာ့ အလယ်တွင် ထည်ဝါစွာ ရပ်တည် ခဲ့သည်။

မြန်မာနိုင်ငံ သည် ၁၉ ရာစု နှောင်းပိုင်းတွင် ကိုလိုနီ နယ်ချဲ့တို့၏ လက်အောက်သို့ ကျရောက်ခဲ့ ရပြီး နိုင်ငံတော် ၏ အချုပ်အခြာ အာဏာနှင့် လွတ်လပ်ရေး ဆုံးရှုံး ခဲ့ရသည်။ မျိုးချစ်စိတ်ဓာတ် ထက်သန်သော ပြည်ထောင်စုဖွား တိုင်းရင်းသား တို့၏ ခိုင်မာသော ပြည်ထောင်စု စိတ်ဓာတ်၊ နိုင်ငံနှင့် လူမျိုးအတွက် စွန့်လွှတ် စွန့်စားသော အမျိုးသားရေး စိတ်ဓာတ်တို့ဖြင့် သွေးစည်း ညီညွတ်စွာ ရွပ်ရွပ်ချွံချွံ အတူတကွ လက်တွဲ တွန်းလှန်ခဲ့ ကြခြင်းကြောင့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၏ လွတ်လပ်ရေး ကို ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ပြန်လည် ရရှိခဲ့သည် မှာ ယနေ့ဆိုလျှင် (၆၇)နှစ် ပြည့်မြောက် ခဲ့ပြီ ဖြစ်သည်။

နိုင်ငံတော်ကို အချုပ်အခြာ အာဏာပိုင် နိုင်ငံအဖြစ် ဂုဏ်ယူ ဝင့်ကြွားစွာ ရပ်တည် နိုင်ရေးအတွက် အတိတ သမိုင်းပေး သင်ခန်းစာ များကို ရယူလျက် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး နှင့် အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး တည်းဟူသော အမျိုးသားရေး တာဝန်များကို ပြည်ထောင်စုဖွား တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးက အစဉ်အမြဲ ဦးလည်မသုန် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ကြ ရမည် ဖြစ်သည်။ 

အတိတ်သမိုင်း က တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အကြား အကြောင်း အမျိုးမျိုးကြောင့် ပေါ်ပေါက် ခဲ့ရသည့် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ရေရှည် တည်တံ့သည့် စစ်မှန်သော ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် တိုင်းရင်းသား ပြည်သူများ အားလုံး ပါဝင် ကြိုးပမ်းခဲ့ ကြရာ ယနေ့ အချိန်အခါတွင် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ သဘော တူညီချက် လက်မှတ် ရေးထိုးနိုင်ရန် ညှိနှိုင်း ဆောင်ရွက်လျက် ရှိသည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် တိုင်းရင်းသား ပြည်သူ အပေါင်း၏ ဆန္ဒနှစ်ရပ် ဖြစ်သော တည်ငြိမ် အေးချမ်းပြီး တရားဥပဒေ စိုးမိုးသော နိုင်ငံဖြစ်ရေး နှင့် ပြည်သူတို့၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုး တိုးတက်ရေး တို့ကို ဖြည့်ဆည်း နိုင်ရန် နိုင်ငံရေး၊ စီးပွားရေး နှင့် လူမှုရေး ပြုပြင် ပြောင်းလဲမှုများ၊ အစိုးရ အုပ်ချုပ်ရေး ယန္တရား တိုးတက် ကောင်းမွန်ရေး နှင့် ပုဂ္ဂလိက ကဏ္ဍတို့ တိုးတက် ဖွံ့ဖြိုးအောင် ပြုပြင် ပြောင်းလဲမှု စသည့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် များကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက် ရှိသည်။

ယနေ့ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် (၆၇) နှစ်မြောက် လွတ်လပ်ရေး နေ့ အမျိုးသားရေး ဦးတည်ချက်များ ဖြစ်သော ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး နှင့်  အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး တို့ကို တိုင်းရင်းသား အားလုံး မျက်ခြည်မပြတ် ထိန်းသိမ်း ကာကွယ်ရေး၊ ပြည်ထောင်စု တိုင်းရင်းသား အားလုံး ပြည်ထောင်စုကြီး အတွင်း၌ ဥမကွဲ သိုက်မပျက် အတူတကွ ရာသက်ပန် ပူးပေါင်း နေထိုင်ရေး၊ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းပြီး ရေရှည် တည်တံ့သည့် စစ်မှန်သော ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် တိုင်းရင်းသား အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ရေး၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သော စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ် ကို ပြည်သူ့ စွမ်းအားဖြင့် ကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက်ရေး ဟူသော ဦးတည်ချက်များ နှင့်အညီ ပြည်ထောင်စု တစ်ဝန်းလုံး၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား များကို ကျင်းပ နေကြသည်။

သို့ဖြစ်၍ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးသည် မိမိတို့၏ တူညီသော ရည်မှန်းချက် ပန်းတိုင် ဖြစ်သည့် အေးချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော် သစ်ကြီး
တည်ဆောက်ရေး မလွဲမသွေ အောင်မြင် ရမည်ဟူသော သန္နိဋ္ဌာန်စိတ် ချမှတ်၍ (၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက် များအား တာဝန်သိသိ၊ သစ္စာရှိရှိ ဖြင့် သွေးစည်း ညီညွတ်စွာ လက်တွဲ အကောင် အထည်ဖော် သွားကြပါရန် မြဝတီ က တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။



( အယ်ဒီတာ့အာဘော် )

#Themyawadydaily
#မြ၀တီနေ့စဉ်



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger