www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, January 4, 2015

ကုန်းဘောင်ခေတ်နှောင်းပိုင်း၌ ထင်ရှားခဲ့သော ယောမင်းကြီး ၏ အထိမ်းအမှတ်ဂူ ထိန်းသိမ်းမှု အားနည်းနေ


မန္တလေး ၊ ၄-၁-၂၀၁၅

ယဉ်ကျေးမှု မြို့တော် မန္တလေးမြို့၏ အောင်မြေသာစံ မြို့နယ်၊ ပင်းယလမ်း (၂၂စီလမ်း) အနောက်ထိပ်တွင် မြန်မာနိုင်ငံ ကုန်းဘောင်ခေတ် သမိုင်းတွင် ထင်ရှားခဲ့သော ယောမင်းကြီး ခေါ် ယောအတွင်းဝန် ဦးဖိုးလှိုင် ၏ အထိမ်းအမှတ် ဂူဗိဗာန် တည်ရှိသည်။ ထိုဗိမာန်ကို ယခင်က ထိန်းသိမ်း စောင့်ရှောက်မှု ရှိသော်လည်း ယခုအခါ ထိန်းသိမ်းမှု အားနည်းလာ သဖြင့် ပျက်စီးယိုယွင်း မှုများ ဖြစ်ပေါ်လျက် ရှိနေ သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ယောအတွင်းဝန် ၏ အထိမ်းအမှတ် အုတ်ဂူထားသည့် ဝင်း မျက်နှာစာရှေ့တွင်  အခွန်လွတ်ဈေး ၊ ဈေးတန်းတွေက အစီအရီ ရှိသည်။ ဈေးတန်းများက ဂူဝင်းကို ကာရံပိတ်ဆို့ ထားသောကြောင့် ယောအတွင်းဝန် ၏ အထိမ်းအမှတ်ဂူ ရှိနေသည်ကို အလွယ်တကူ မသိနိုင် တော့ပေ။ ဂူဝင်းအတွင်း ဝင်ပေါက် နှင့် တည့်တည့်၌ အိုမင်းဟောင်းနွမ်း နေသည့် အုတ် အဆောက်အအုံ တစ်ခုရှိသည်။ ထိန်းသိမ်းခံရမှု မရှိသောကြောင့် အဆောက်အအုံ၏ အချို့နေရာများတွင် မှာ အက်ကွဲကြောင်းများ ၊ အင်္ဂတေ ကွာကျမှု များကြောင့် အောက်ခံ ရှေးအုတ်များ ပေါ်လျက် ရှိသည်။ ကုန်းဘောင်ခေတ် နှောင်းပိုင်း ၌ ထင်ရှားခဲ့သော ပုဂ္ဂိုလ် ယောအတွင်းဝန် ၏ အုတ်ဂူနဲ့အတူ ၄င်း၏ မိသားစု ဆွေမျိုးအုတ်ဂူ များပါ တည်ရှိသည်။ ယခု အနေအထား က စနစ်တကျ ထိန်းသိမ်းနိုင်မှု မရှိသကဲ့သို့ လေ့လာစရာ နေရာတစ်ခု အဖြစ်လဲ ဖန်တီးပေး မထားသောကြောင့် အထိမ်းအမှတ် ဗိမာန်နေရာ သည် ဗိမာန်နှင့် မတူဘဲ ဖြစ်နေကြောင်း ကို ဒေသခံ သက်ကြီးတစ်ဦး က ပြောပြသည်။

ယောအတွင်း ဝန်ဦးဖိုးလှိုင် သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ဟု ခေါ်တွင်နိုင်သည့် ရာဇဓမ္မ သင်္ဂဟကျမ်း၊ နာမည်ကျော် ဆေးကျမ်း ဟု ခေါ်ဆိုနိုင်သည့် ဥတုဘောဇနကျမ်း အပါအဝင် နာမည်ကျော် ကျမ်းပေါင်း ၂ဝ ကို ပြုစုခဲ့သည့် ကုန်းဘောင်ခေတ် နှောင်းပိုင်း၏ နာမည် ကျော်ကြားခဲ့သော ပညာရှိ မင်းမှုထမ်း တစ်ဦး ဖြစ်သည်။ ထိုကဲ့သို့ သမိုင်းဝင် ထင်ရှားသူ၏ အထိမ်းအမှတ်ဂူ ကို မည်သို့ ထိန်းသိမ်း စောင့်ရှောက် ထားသည်၊ မည်သည့် နေရာတွင် တည်ရှိသည်ကို ယနေ့ခေတ် လူငယ်အများစု အပါအဝင် သမိုင်းကို စိတ်ဝင်စားသူ အချို့ပင် သိရှိသူ နည်းပါးလာလျက် ရှိသည်ဟု သိရသည်။

ယဉ်ကျေးမှု မြို့တော် ဖြစ်ခဲ့သည့် မန္တလေး မြို့တော်တွင် ယောအတွင်းဝန် ဦးဖိုးလှိုင် ကဲ့သို့ သမိုင်းတွင်သည့် ပုဂ္ဂိုလ်အချို့၏ အထိမ်းအမှတ် နေရာများ အုတ်ဂူများ ရှိနေကြောင်း ၄င်းတို့မှာ မန္တလေး တောင်ခြေအနီး စန္ဒာမုနိ ဘုရားဝင်း အတွင်း၌ မြန်မာနိုင်ငံကို ခေတ်မီစက်မှု နိုင်ငံတော် အဖြစ် ပြောင်းလဲနိုင်ရန် ကြိုးစားခဲ့သူ ကနောင်မင်း အုတ်ဂူ၊ နန်းမြို့တွင်း၌ မန္တလေးမြို့ကို စတင် တည်ထောင်သူ မင်းတုန်းမင်း တရားကြီး အုတ်ဂူတို့ ဖြစ်ကြောင်း သိရသည်။(၁၇၃)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger