www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 9, 2015

ရွှေတူးဖော် ထုတ်လုပ်ရေး လုပ်ငန်းခွင်များ ဘေးအန္တရာယ် ကင်းရှင်းရေး ပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည်


နမ့်တောကျေးရွာ ၊ မိုင်းကိုင်းနယ်မြေ အတွင်းရှိ ရွှေတူးဖော်ရေး လုပ်ငန်းတစ်ခုကို တွေ့ရစဉ်

ဟုမ္မလင်း ၊ ၉-၁-၂၀၁၅

စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် နမ့်တောစံပြ ကျေးရွာ မိုင်းကိုင်းနယ်မြေ အတွင်းရှိ ရွှေတူးဖော် ထုတ်လုပ်ရေး လုပ်ငန်းခွင် များ၌ ရွှေတူးဖော် နေစဉ် မြေပြိုကျ၍ ရွှေလုပ်သားများ မြေပိ သေဆုံးမှု များပြား လာခဲ့သည့် အတွက် ရွှေတူးဖော်ရေး လုပ်ငန်းခွင်များ ဘေးအန္တရာယ် ကင်းရှင်းစေရန် ယခုလအတွင်း ပညာပေး လုပ်ငန်းများ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း မိုင်းကိုင်း နယ်မြေ ရဲစခန်းမှူး ရဲအုပ် ရဲအောင် က ပြောသည်။

''ရွှေလုပ်ကွက် အများစုမှာ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ပေး ထားမှု အလွန်အားနည်း နေပါတယ်။ မိုင်းဟက် Mine Helmet လို့ ခေါ်တဲ့ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး အတွက် ဦးထုပ် ဆောင်းပြီး ရွှေတူးဖော် တာမျိုး မရှိဘူး။ အဲဒါကြောင့် မြေပြိုကျတဲ့ အခါ မသေဆုံး သင့်ဘဲ သေဆုံး နေရတာပါ '' ဟု ၄င်းက ဆက်လက် ပြောသည်။

အဆိုပါ ဒေသတွင်းရှိ ရွှေတူးဖော်ရေး လုပ်ကွက်ကြီး များသည် မြေပြင်မှ အနက် ပေ ၂ဝဝ ကျော်ခန့် နက်သည့် မိုးပြဲဒယ် ပုံသဏ္ဌာန် အင်းပြဲကြီး၌ လုပ်ကိုင်ကြ ရသည်။ ထို အင်းပြဲကြီး၏ ဘေးပတ်လည် ခေါင်မိုး၌ မြေသားနု များက ဝိုင်းရံထားသည်။ ထို့ကြောင့် ရွှေတူးဖော် နေသည့် လုပ်သားများ အပေါ် ဘေးပတ်လည်မှ မြေသားများ ပြိုကျလာကာ မြေပိ၍ သေဆုံးကြခြင်း ဖြစ်သည်။

ရွှေတူးဖော်ရေး လုပ်ကွက် များသည် ကျေးရွာများနှင့် အလွန် အလှမ်းကွာ ဝေးပြီး ရွှေတွင်း မြေပြိုကျ၍ လူသေဆုံးသည့် အခါ သင်္ဂြိုဟ် စရိတ်သည် အနည်းဆုံး ၁၅ သိန်းနှင့် သိန်း၂ဝ အတွင်းတွင် ရှိသည်။ ထို့ကြောင့် သက်ဆိုင်ရာ ရွှေတူးဖော်ရေး ကုမ္ပဏီကြီးများ အနေဖြင့် လုပ်ငန်းခွင်၌ လူသေဆုံးမှု ဖြစ်ပွားသည့် အချိန်တွင် ကုန်ကျမည့် ငွေကြေး စရိတ်စက များအစား လုပ်ငန်းခွင် အတွင်း၌ လူသေဆုံးမှု မဖြစ်ပွား စေရန် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး အထောက် အကူပြု ပစ္စည်းများ ကြိုတင် ဝယ်ယူ၍ သုံးစွဲသွား ကြရန် ပညာပေး ခြင်းများ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပညာပေး လုပ်ငန်းများ လုပ်ဆောင် နိုင်ရန် မိုင်းလုပ်ငန်း သုံး အထောက် အကူပြု ကယ်ဆယ်ရေး ပစ္စည်းများကို ဒေသခံ ရပ်မိ၊ ရပ်ဖ များနှင့် မိုင်းကိုင်း နယ်မြေ ရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင် များက ရွှေလုပ်သား များအား သရုပ်ပြ ပညာပေး သွားနိုင်ရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဒေသ၌ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ မှ နိုဝင်ဘာလ အတွင်း ရွှေတူးဖော် နေစဉ် မြေပြိုကျ မှုများ ဖြစ်ပွားခဲ့ သဖြင့် ရွှေလုပ်သား ၄၅ ဦးခန့် သေဆုံး ခဲ့ကြောင်း သိရသည်။ (၄၅၁)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger