www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 29, 2014

အားလပ်ရက် ပါတီပွဲများနှင့် လှပသော ကိုယ်ခန္ဓာကို ထိန်းထားလိုသည့် ပျိုမေတို့ ဆင်ခြင်နိုင်ဖို့ အချက် ၇ ချက်


အားလပ်ရက် ပါတီပွဲများနှင့် လှပသော ကိုယ်ခန္ဓာကို ထိန်းထားလိုသည့် ပျိုမေတို့ ဆင်ခြင်နိုင်ဖို့ အချက် ၇ ချက်

ခိုင်စပယ်ဖူး

ဒီဇင်ဘာနှင့် ဇန်နဝါရီလ အားလပ်ရက်များတွင် ပြုလုပ်လေ့ ရှိသော ကော့တေးပါတီ၊ အားလပ်ရက် ပါတီနှင့် နှစ်သစ်ကူး ပါတီပွဲများသို့ တက်ရောက်မည့် ပျိုမေများ အနေဖြင့် ရုတ်တရက် ကိုယ်အလေးချိန် မြင့်တက် လာစရာ အကြောင်း များစွာ ရှိသည်။ ထို့ကြောင့် ယခုကဲ့သို့ ပွဲတော်ရက် များနှင့် ပြည့်နှက်နေသည့် ကာလမျိုးတွင် ပျိုမေများ အစားအသောက် ဆင်ခြင်နိုင်ရန် အချက် ခုနစ်ချက် ကို ဖော်ပြလိုက် ပါသည်-

၁။ အဆာခံနိုင်သော အစားအစာများကို

နံနက် ကတည်းက စားထားပါ။ ပါတီပွဲ အများစုဟာ ညဘက်မှာ ကျင်းပ ကြတာမို့ အဆာခံ နိုင်တဲ့ အစားအစာ တွေကို နံနက်စာ စားကတည်း က စားထားမယ် ဆိုရင် အလွန်အကျွံ စားတာမျိုးတွေ မဖြစ်နိုင်တော့ ပါဘူး။ ဥပမာ- မြေပဲနဲ့ မြေပဲထောပတ် တွေ စားထားရင် ၁၂ နာရီလောက် အဆာခံ နိုင်တယ်လို့ ဗြိတိသျှ အာဟာရ ဂျာနယ်ရဲ့ လေ့လာချက် က ဖော်ပြထား ပါတယ်။ အဲဒီလို စားထားရင် ညပါတီပွဲမှာ ကယ်လိုရီ များတဲ့ အစာတွေကို မစားချင် လောက်အောင် ဗိုက်ပြည့် နေမှာ ဖြစ်ပါတယ်။

၂။ စိတ်လှုပ်ရှားပြီးစားတဲ့ပုံစံကိုရှောင်ပါ

အားလပ်ရက် ကာလတွေဟာ ပျော်စရာ ကောင်းပေမယ့် စိတ်ဖိစီးမှု အများဆုံး အချိန်တွေလည်း ဖြစ်နိုင်ပါတယ်။ ဒီလို အချိန်မျိုးမှာ စိတ်လှုပ်ရှားပြီး စားတဲ့ ပုံစံမျိုးတွေ ဖြစ်လာနိုင်တဲ့ အတွက် ဒယ်လာဝဲ တက္ကသိုလ် က တွဲဖက်ပါမောက္ခ Meryl Gardner ရဲ့ သတိပေးချက်ကို ထည့်သွင်း စဉ်းစားသင့် ပါတယ်။ သူ့ရဲ့ လေ့လာချက် အရ စိတ်ကောင်းဝင် နေတဲ့အခါမှာ လူတွေက စားကောင်းပြီး အရသာ ရှိတာထက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ တွေကို ရွေးပြီးစားတတ် ပါတယ်။ စိတ်လှုပ်ရှားမှုဟာ အစားအသောက် ရွေးချယ်မှု အပေါ် လွှမ်းမိုးမှု ရှိတယ်လို့ ဆိုပါတယ်။ စိတ်ညစ်နေတဲ့ အခါမှာ လူတွေက စားကောင်းပြီး အရသာရှိ တာကိုသာ ရွေးကြတဲ့ အလေ့အကျင့်ကို တွေ့ပါတယ်။

၃။ ပါတီမသွားခင်အပန်းဖြေပါ

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာ တွေကို ရွေးချယ်မိတဲ့ ဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ ဆုံးဖြတ်ရတာ ပင်ပန်းတဲ့အပေါ် မူတည် နေတယ်လို့ Dartmouth College ရဲ့ စစ်တမ်းတစ်ခုမှာ ဖော်ပြထား ပါတယ်။ သုတေသန ပညာရှင်တွေက အမျိုးသမီး ၃၃ ဦးကို အဖွဲ့နှစ်ဖွဲ့ ခွဲပြီး မတူညီတဲ့ လုပ်ရပ်နှစ်ခုကို လုပ်ဆောင် စေပါတယ်။ ပထမ အုပ်စုကို ခုနစ်မိနစ်ကြာ စာတန်းထိုး ဗီဒီယိုတစ်ခုကို ကြည့်ရှု စေပါတယ်။ ဒုတိယအဖွဲ့ ကိုတော့ စာတန်းထိုးကို မဖတ်ဖို့ ညွှန်ကြားပြီး ကြည့်ရှု စေပါတယ်။ ဗီဒီယိုကိုကြည့် စေပြီးတဲ့နောက် အစားအသောက် ပုံတွေကိုပြပြီး အမျိုးအစား ခွဲခြားစေတဲ့ အခါမှာ စာမဖတ်တဲ့ အမျိုးသမီးတွေက အစားအသောက် များများကို ပိုလိုချင်ကြ တာကိုတွေ့ ရပါတယ်။ ဖျော်ဖြေရေး ကြောင့် စိတ်ဓာတ် အင်အား ပိုကောင်းတဲ့ အခြေအနေမှာ အစားအသောက် တွေဟာ ပိုပြီး နှစ်လိုဖွယ်ရာ ဖြစ်နေတာကြောင့် ပါတီ မသွားခင် နားနေပြီး ဦးနှောက်ကို အပန်းဖြေ ပေးဖို့ လိုအပ်ပါတယ်။

၎။ ညစာအတူစားဖို့ မိတ်ဆွေကို ဉာဏ်နဲ့ယှဉ်ပြီး ရွေးပါ

အားလပ်ရက် ကာလတွေမှာ မိတ်ဆွေတွေနဲ့ ပိုပြီး ထိတွေ့ရတဲ့ အချိန် ဖြစ်သလို အစားအသောက် တွေကို အတူတူစားဖို့ ကောင်းတဲ့ အချိန်လည်း ဖြစ်ပါတယ်။ စားသောက်ဆိုင် တွေမှာ အတူတူ လာစားကြတဲ့ မိတ်ဆွေပေါင်း ၁၄၅၉ ဦးကို လေ့လာရေး လုပ်နေကြောင်း မသိစေဘဲ မှာယူတဲ့ အစားအသောက် တွေကို လေ့လာခဲ့တာ ဖြစ်ပါတယ်။ အများစုဟာ အတူတူစား နေကြ အစားအသောက် ကိုပဲမှာကြ တာကို တွေ့ခဲ့ရ ပါတယ်။ မိတ်ဆွေတွေ များလာရင်လည်း အများစု မှာတာကိုပဲ မှာစားကြပြီး ကျေနပ်တာများ ပါတယ်။ ဒါကြောင့် ကိုယ်နဲ့ အတူစားမယ့် လူရဲ့ စားသောက်မှု ပုံစံကိုပိုပြီး အလေးပေး ဂရုစိုက်သင့်တယ်လို့ ဆိုပါတယ်။

၅။ အစားများများစားမယ့် အချိန်အတွက် ကြိုတင် ပြင်ဆင်ထားပါ

အစာစားချင်တဲ့ အချိန်ဟာ အများအားဖြင့် ည ၈ နာရီအချိန် ဖြစ်တာကို တွေ့ရ ပါလိမ့်မယ်။ အဲဒီအချိန်မှာ လူတွေဟာ အချို၊ အငန် နဲ့ ကစီဓာတ် များတာတွေကို စားချင်ကြတယ်လို့ Obesity ဂျာနယ်ရဲ့ လေ့လာရေး စာတမ်းမှာ ဖော်ပြထား ပါတယ်။ ကိုယ်ခန္ဓာရဲ့ ဇီဝဓာတ် လှည့်ပတ်မှု အရ ညအမှောင် ရောက်လာရင် အစားပိုစားချင် လာကြတယ်။ ဆောင်းတွင်း ရောက်ရင် အစားအသောက် ကောင်းကောင်းကို ပိုပြီးစားချင် လာကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ည ၈ နာရီဝန်းကျင်မှာ အဆာပြေ စားစရာ ကို အသင့်ပြင် ထားသင့်တယ်။

၆။ အရက်သောက်ရာမှာ သတိရှိဖို့လိုတယ်

ဒီလို အားလပ်ရက် ရာသီမှာ ချောကလက် ပူပူထဲကို အရက်ရော သောက်တာလည်း ရှိပါတယ်။ ဘာကြောင့်လည်း ဆိုတော့ အဲဒါက ဒီလို အေးမြတဲ့ ဆောင်းရာသီနဲ့ လိုက်ဖက်တဲ့ သောက်စရာ တစ်မျိုးပဲလေ။ အရေးကြီးတာက ဘယ်လို အရက်မျိုး ရွေးမလဲ၊ အကြိမ် ဘယ်လောက် သောက်သလဲ၊ အလွန်အမင်း ဝတာနဲ့ အရက်သောက်တာ ဆက်စပ်မှု စတာတွေကို ဉာဏ်နဲ့သတိ ရှိဖို့ပဲလိုပါတယ်။ အရက်သောက် တတ်သူ ၈ဝဝဝ ကို ပြီးခဲ့တဲ့ ရက်သတ္တပတ် ကလေ့လာမှုအရ အရက်သောက်သူ အမျိုးသမီးတွေမှာ တစ်ရက်ကို ကယ်လိုရီ ၃၈၂ တိုးစေပြီး အဲဒီ ပမာဏဟာ တစ်နေ့တာ စားသုံးမှုရဲ့ ၁၉ ရာခိုင်နှုန်း အထိ ရှိတာကို တွေ့ရပါတယ်။ အမျိုးသားတွေ မှာတော့ ၆၇၇ ကယ်လိုရီ အထိတိုးစေပြီး အဲဒီ ပမာဏဟာ တစ်နေ့တာ စားသုံးမှုရဲ့ ၂၇ ရာခိုင်နှုန်း အထိရှိတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ အရက်လုံးဝ မသောက်ဖို့ မဆိုလိုပေမယ့် အရက်ထဲမှာ ပါဝင်နေတဲ့ ကယ်လိုရီ ပမာဏကြောင့် အဝလွန် မလာအောင် ထိန်းသိမ်းဖို့လို ပါတယ်။

၇။ အစာစားရန် ခက်ခဲစေမယ့် အတားအဆီး အချို့ထားရှိပါ

အစာမစား ဖြစ်အောင် သို့မဟုတ် အစာစားဖို့ ခက်ခဲအောင် အတားအဆီး အချို့ ထားရှိပါက အနည်းငယ်သာ စားဖြစ် လိမ့်မယ်လို့ Appetite ဂျာနယ် စစ်တမ်း တစ်စောင်က ဖော်ပြထား ပါတယ်။ အားလပ်ရက် ရာသီမှာ အများဆုံး စားတတ်ကြတဲ့ ချောကလက်နဲ့ အသီးခြောက် တွေကို ခဲပတ် ဒါမှမဟုတ် ပါကင်ထုပ် ထားတာနဲ့ ပါကင် ထုပ်မထားတာတွေ ချထားပေးပြီး စမ်းသပ်ခဲ့ရာမှာ အထုပ်ဖြေပြီး စားရတာနဲ့ ဒီအတိုင်း လွယ်လွယ် စားရတာမှာ ၃ဝ ရာခိုင်နှုန်း အထိ စားသောက်နှုန်း လျော့ကျတာကို တွေ့ရတယ်လို့ သိရပါတယ်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger