www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 29, 2014

သံပုံးထဲမှ ဘ၀များ


သံပုံးထဲမှ ဘ၀များ

မဒါလေး

နေပူ ကျဲကျဲအောက် လမ်းမထက်မှာ ခြေလှမ်း မြန်မြန်ဖြင့် ပြေးလွှား နေသော လူတစ်ယောက် နဖူးမှချွေးများ တစ်စက်စက် ကျနေသည့်တိုင် လှမ်းလိုက်တိုင်း ခြေလှမ်းများ က ပေါ့ပါး သွက်လက် နေသည်။ အင်္ကျီအကွက် ခပ်နွမ်းနွမ်းနှင့် လုံချည်တို့က အရောင် သိပ်မထွက်တော့။ ဆောင်းထားသော နှီးဦးထုပ် ကလည်း အနားများ ဖွာလျက် မြင်လိုက်သည်နှင့် သနားစရာ ဘဝက အထင်းသား ပေါ်လွင်လွန်း လှသည်။ ပခုံးအထက် လည်ပင်းပေါ်တွင် ရစ်ပတ်ထားသော တဘက် အစိမ်းရောင်မှာ ချွေးတို့ဖြင့် ရွှဲရွှဲစိုလျက် ရှိသည်။ လက်ထဲတွင် မြေပဲလှော်၊ ဝေဖာ၊ နေကြာစေ့၊ ခေါက်မုန့်နှင့် အခြား စားစရာများ။ ထိုအထဲတွင် စိတ်ဝင်စားစရာ အကောင်းဆုံး မှာ သူ၏ ပခုံးထက်၌ လွယ်ထားသော သံပုံးဖြူဖြူ ဖြစ်သည်။ ဆယ်ပိဿာ ဆီပုံးအလွတ်ကို အပေါ်မှ ဖွင့်ထားပြီး အဖုံးလေးပါ လုပ်ထားသည်။ ဘေးနားတွင် ခါးပတ်ကွင်း ပုံသဏ္ဌာန် သံကွင်းလေးများ အထက်- အောက် တပ်ထားကာ ကြိုးအနက်ကို ထိုကွင်းလေးများ ထဲထည့်ရန် လွယ်ကြိုး ပြုလုပ် ထားသည်။ နေရောင် တောက်တောက် အောက်တွင် ထိုပုံးပြောင်ပြောင် ကပင် သူ့ကိုလူများ သတိထား မိသည့် အကြောင်းတစ်ခု ဖြစ်မည် ထင်သည်။

ထိုပုံးထဲတွင် သကြားလုံး အစ ကွမ်းယာ၊ ဆေးလိပ်၊ ပီကေ၊ တစ်ရှူး အဆုံး အခြား ရောင်းချစရာ များစွာ ထည့်ထားသည်။ ကျန် လက်တစ်ဖက် က ရေသန့်ဘူး သုံးလေးဘူး ခန့် ဆွဲထားသည်။ မီးပွိုင့်တွင် လာရပ်သော ကားတန်း ရှည်ကြီး ရှေ့နောက် ပြေးလွှားကာ မမောနိုင် မပန်းနိုင် တကြော်ကြော် အော်ရောင်း နေတော့သည်။ ကားတန်း တစ်ခုနှင့် တစ်ခု ကူးသွား ရာတွင်လည်း အတူ ယှဉ်ရောင်းသော လူငယ်များထက် ထိုသူက ရှေ့ရောက် နေတတ်သည်။ တစ်ခါတစ်ရံ ဂျာနယ် ရောင်းသော ကလေးများ ကိုလည်း အားမလို အားမရ ဖြစ်ကာ မြန်မြန်သွားရန် အော်ဟစ် ပြောဆို တတ်သေးသည်။ ကားရှင်းချိန်တွင် လမ်းဘေး ပလက်ဖောင်း နားမှ သစ်ပင် အောက်တွင် ငွေများကို ရေတွက်ကာ ပစ္စည်းများကို စီနေ တတ်သည်။

ထိုသူ့ထံတွင် မောပန်းခြင်း မရှိဘဲ နေပူပူတွင် ဘာကြောင့် ဒီလို လှုပ်ရှား သွားလာကာ အော်ဟစ် နေနိုင်သည်ကို သိချင်စိတ်များ ဖြစ်ပေါ် လာသည်။ ကားစောင့်ရင်း ပင် ထိုလူအနား တစ်ရှူးတစ်ထုပ် ဝယ်ကာ သိချင်တာများ မေးကြည့် မိသည်။ အစပိုင်းတွင် ဘာသဘော နှင့် မေးတာလဲ ဆိုသည့် အကဲခတ်သည့် မျက်လုံးများ နှင့် ကြည့်နေသည်။ ပြီးမှ နဖူးမှ စီးကျနေသော ချွေးများကို တဘက်အစိမ်း နှင့် အကြမ်း ပွတ်သုတ်လျက် ပုံးထဲကို ဖွင့်ကြည့်ပါဟု ပြောသည်။ ကျွန်မ တွေ့ရသည်က ကွမ်းယာထုပ်များ၊ ဆေးလိပ်ဘူးများ၊ သကြားလုံး၊ ပီကေ အစုံပါပဲ။ ပုံးစ ဖွင့်ဖွင့်ချင်းတွင် ကွမ်းနှင့် ဆေးလိပ်တို့မှ ရသည့် စူးရှသော အနံ့များကြောင့် မျက်နှာ ရှုံ့မိတော့ ကျွန်မကို ကြည့်လျက် ရယ်နေသည်။ သူဘာများ ပြောချင်တာ ပါလိမ့်။ မြင်ရသမျှကို ပြောတော့ ပိုတောင် ရယ်နေသေးသည်။

ဒီလို လူတစ်ယောက်က ကျွန်မကို ကြည့်ကာ ရယ်နေသည် ဆိုတော့ နည်းနည်းစိတ်တို မိသည်။ ဒီလိုမေးလို့များ မသိရ ကောင်းလား ဆိုသည့် သဘောဖြင့် လှောင်ရယ် လေသည်လား။ ဒါမှမဟုတ် မေးတာကို မဖြေချင် လို့များ လှောင်ရယ် လေသလား ဇဝေဇဝါ ဖြစ်ကာ ရှက်ကိုး ရှက်ကန်း ဖြစ်မိသည်။

သူ့မျက်နှာကို ကြည့်သော ကျွန်မကို ''မြင်လား'' ဟု ထပ်မေးပြန်သည်။ ဘာကို ဆိုလိုတာ ပါလိမ့်။ ''မမြင်ဘူးလား သေချာကြည့်ပါ'' ဟု ပြောပြန်သည်။ ဘယ်လိုမျှ မတတ်သာသည့် အဆုံး ''ဦးလေးပြောတာ ကျွန်မ မမြင်ဘူး''။ ''ဦးလေး မဖြေချင်လဲ ကျွန်မ သွားတော့မယ်'' ဟု ပြောလိုက် မိသည်။

ထိုခဏ သူ၏ မျက်လုံးများ အရောင် ပြောင်းသွားသည် ကို တွေ့လိုက်ရသည်။ ''ဘဝတွေ ရှိတယ် ကလေးမရဲ့ ဘဝတွေ'' သူ့စကားကို နားမလည် သကဲ့သို့ ကြည့်နေသော ကျွန်မကို ''ဦးလေးကို မှီခိုနေတဲ့ မိန်းမနဲ့ ကလေး သုံးယောက် တစ်ယောက်ချင်း စီရဲ့ဘဝတွေကို ဦးလေး ဒီထဲမှာ လွယ်ထားတယ်''ဟု ပြောပြသည်။

ထို့နောက် သူ့ဇနီးမှာ သူတို့နေသော ပျံကျရပ်ကွက် တွင် အကြော်ရောင်းကာ မိသားစုတာဝန်ကို တစ်ဖက်တစ်လမ်း မှ နိုင်သလောက် ဝိုင်းယူကြောင်း၊ ကလေး သုံးယောက်အနက် အကြီးနှစ်ယောက် မှာ ကျောင်းနေပြီး အငယ်ဆုံး ကလေးမှာ မူကြိုအရွယ်သာ ရှိသေးကြောင်း၊ အကြီး နှစ်ယောက် ကျောင်းအပ်ခ အတွက် ကျောင်းဝင်ကြေး ကင်းလွတ်ခွင့် ရသဖြင့် မပူပင် ရသော်လည်း အငယ်လေးကိုမူ နေ့ကလေးထိန်း ကျောင်းပို့ရန် ခက်ခဲသည့် အတွက် မပို့နိုင်ကြောင်း ထို့ကြောင့် ဇနီးဖြစ်သူ က အလုပ်တစ်ဖက်၊ ကလေးတစ်ဖက်ဖြင့် အိမ်တာဝန်ကို နိုင်သည့်ဘက်မှ ယူကြောင်း၊ မိသားစု တစ်နေ့ဝင်ငွေ ငွေကျပ် ရှစ်ထောင်နှင့် တစ်သောင်းခန့် ရှိသော်လည်း နေစရိတ်၊ စားစရိတ် နှင့် ကလေးများ အထက်တန်း တက်လျှင် အဆင်ပြေရန် စုဆောင်းနေပုံ များကို ပြောပြသည်။ မိမိ၏ သားနှင့် သမီးအကြီး နှစ်ယောက်မှာလည်း ကျောင်းမှ ပြန်လာလျှင် တစ်ခါတစ်ရံ အကြော်များကို ရပ်ကွက်အတွင်း လှည့်ရောင်းကာ တစ်ဖက်တစ်လမ်း မှကူညီ လုပ်ကိုင်ပေးကြ ကြောင်း၊ ပညာရေးတွင် လည်း အဆင့်တစ် မှ တစ်ဆယ်အတွင်း ၀င်သည့် ကလေးများ ဖြစ်သည့်အတွက် ဖခင် တစ်ယောက် အနေနှင့် အတန်းကြီး လာချိန်အတွက် အဆင်ပြေရန် ယခု ကတည်းက ပိုမိုကြိုးစား လုပ်ကိုင်ရကြောင်း ပြောပြသည်။ 

မမောမပန်းနိုင် ပြောပြအပြီး မှာတော့ သစ်ပင်အောက် ချထားသော အိတ်ထဲမှ ရေသန့်ဘူးကို ထုတ်ကာ သောက်လိုက်သည်။ အနည်းငယ် ညစ်ပေနေသောရေသန့်ဘူးကို အကြည့်မှာတော့ ''ကိုယ်သောက်ဖို့ ရေက အိမ်က ထည့်လာတာ၊ ရေသန့်က နီးရာစတိုးဆိုင်က အေးပြီးသားကို သုံးလေးဘူး တစ်ခါကုန်ရင် တစ်ခါ ယူပြီးရောင်းတာ '' ဟု ထပ် ရှင်းပြသည်။

ယခုကဲ့သို့ ဘဝကို အားတက်သရော ရုန်းကန် နေကြသည်ကို မြင်ရချိန်မှာ အလုပ်မလုပ်ဘဲ ခင်ပွန်းသည် လုပ်ခလစာကိုသာ မျှော်လင့်နေသော ဇနီးမယားများ၊ မိဘများကို ကူညီရန် မပြောနှင့် မုန့်ဖိုးမှန်မှန် မပေးလျှင် ပင် အပြစ်မြင် စိတ်ကောက် တတ်သော ကလေးများ၊ အလုပ်ရွေးကာ ဘဝအရေး စိတ်မအေး ရသူများကို မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်း မြင်ယောင် မိသည်။ ထို အသိအမြင်ကြောင့် သူ့ကို ကျေးဇူးတင်မိ သလို အိတ်ထဲမှ ပိုက်ဆံထုတ်ကာ ရေသန့်ဘူးနှင့် အခြားမုန့်များ ကိုထပ် ဝယ်ယူ လိုက်သည်။ခ ဏအကြာ မီးပွိုင့်အနီး ကားများ ပိတ်ချိန်မှာတော့ သံပုံးကို ကောက်လွယ်ကာ တက်ကြွသော ခြေလှမ်းများဖြင့် ထွက်သွား တော့သည်။

ပြန်မအမ်းရန် ပြောသော်လည်း ပြန်အမ်းသွားသော ငွေအကြွေ လေးများကို ပြန်အထည့် ကျွန်မ လွယ်ထားသော ခေတ်ပေါ် အိတ်ထဲမှာတော့ အလှပြင်ရန်ဘီး၊ နှုတ်ခမ်းနီနှင့် ဖုန်းတစ်လုံး ကလွဲပြီး ဘာမျှ မပါတာကို သတိထားမိကာ ကျွန်မကိုယ် ကျွန်မ ရှက်မိ ပါတော့သည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page