လူတိုင်း သင်ယူနိုင်မည့် အွန်လိုင်းပညာရေး
တက္ကသိုလ် ပညာရပ်ဆိုင်ရာ ဘာသာရပ်များကို အွန်လိုင်းမှတစ်ဆင့် ဆည်းပူးလေ့လာ နိုင်စေမည့် သင်တန်းများ ဥရောပ နိုင်ငံများတွင် ခေတ်စားလာရာ ဥရောပရှိ ပညာရှာမှီး လိုသူ လူငယ် လူရွယ်များ အကြား ပိုမိုရေပန်းစား လာသည်။
လက်ပ်တော့ ဟူသည့် ကွန်ပျူတာငယ် တစ်လုံးရှိရုံဖြင့် အွန်လိုင်း ပညာရေးနှင့် ချိတ်ဆက်ကာ မိမိ ကြိုက်နှစ်သက်ရာ ဘာသာရပ်ကို ရွေးချယ် လေ့လာသင်ယူခွင့် ရလာ နိုင်သည်မှာ ခေတ်သစ် ပညာရေး စနစ်၏ ထူးခြားချက်ဟု ဆိုရမည် ဖြစ်သည်။ လုပ်ငန်းခွင် မပျက်၊ အိုးမကွာ၊ အိမ်မကွာ ပညာသင်ယူခွင့် ရနိုင်သည်မှာ ကြီးမားသည့် အခွင့်အလမ်း တစ်ရပ် ဖြစ်သည်။
ဆရာဖြစ်သူက လိုအပ်သည့် သင်ခန်းစာများ အွန်လိုင်းမှ တစ်ဆင့် ပို့ချပေးမှုကို ကမ္ဘာ အရပ်ရပ်ရှိ ကျောင်းသား၊ ကျောင်းသူ များ၏ရှေ့တွင် လက်ပ်တော့ လေးများချကာ နားထောင် မှတ်သားပြီး သင်ခန်းစာများကို ကျေညက်သည် အထိ အေးဆေး သက်သာစွာဖြင့် လေ့လာ ဆည်းပူး သင်ယူနိုင်သည်။
ဆရာနှင့် ကမ္ဘာတစ်ဝန်း မှတပည့်များ မျက်နှာချင်းဆိုင် ထိုင်ကာ အနီးကပ် သင်ယူ နေသကဲ့သို့ ဖြစ်သည်။ အွန်လိုင်း ပညာရေး၏ အကျိုးကျေးဇူး ကြောင့် ကမ္ဘာပတ်၍ ပင်ပင်ပန်းပန်း ငွေကုန်ခံ ရမည့် ပညာ သင်ကြားမှုကို ကမ္ဘာ့ရွာကြီး အတွင်းမှ အိမ်လေးတစ်လုံး အတွင်း စာသင်ခန်း တစ်ဆောင် အဖြစ် အသုံးပြုနိုင်ပြီ ဖြစ်သည်။
အမေရိကန် ပြည်ထောင်စု ဂျော့တောင်း တက္ကသိုလ်မှ ပါမောက္ခတစ်ဦး က သူ၏ ဘာသာရပ်ကို ကမ္ဘာ့ နိုင်ငံပေါင်း ၁၅ဝ တွင်ရှိနေသော ကျောင်းသား၊ ကျောင်းသူ ဦးရေ ၃ဝဝဝဝ ခန့်တို့ကို အွန်လိုင်း မှတစ်ဆင့် ပညာသင်ကြား ပေးလျက် ရှိသည်။ ဤသည်မှာ ခေတ်သစ် ပညာရေး စနစ်သစ် ၏ ထူးခြားသည့် ဝိသေသ တစ်ခု ဖြစ်သည်။
မြန်မာနိုင်ငံ တွင်လည်း အွန်လိုင်း ပညာရေး စနစ်သစ်ကို ၂ဝ၁၂- ၂ဝ၁၃ ပညာသင်နှစ်မှ စ၍ ဖွင့်လှစ်သင်ကြား ပေးလျက် ရှိကြောင်း သိရသည်။ ပညာလို အိုသည်မရှိ ဆိုရိုးစကားနှင့် အညီ အွန်လိုင်း ပညာရေး စနစ်တွင် အရွယ်စုံ၊ အလွှာစုံမှ ပါဝင်သင်ယူ ခဲ့ကြရာ ခေတ်စနစ်နှင့် အညီ ပညာရေး ပြုပြင် ပြောင်းလဲမှု များ၏ အကျိုးဆက် ဖြစ်သည်။
မည်သည့် ကျူရှင်မှ တက်ရောက်စရာ မလိုဘဲ အရည်အသွေး ပြည့်မီသော ပညာရေး စနစ်သစ်တွင် မိမိကြိုးစား အားထုတ်လျှင် အားထုတ် သလောက် ထိုက်တန်သော အကျိုး ဖြစ်ထွန်းမှု ရှိလာမည် ဖြစ်သည်။ ၂၁ ရာစု ပညာရေးသည် အသိပညာ ဟူသည့် ပညာ တတ်မြောက်ခြင်း ဦးတည်ချက်မှ ဦးနှောက် ဖွံ့ဖြိုးစေခြင်း၊ သန်စွမ်း စေခြင်းသို့ ဦးတည် ပြောင်းလဲလျက် ရှိရာ အဆိုပါ အွန်လိုင်း ပညာရေး စနစ်က အထောက်အကူ ပြုမည် ဖြစ်သည်။
သို့ဖြစ်ရာ ပြုပြင် ပြောင်းလဲမှု ဖြစ်စဉ်များတွင် ပဓာနကျသည့် ပညာရေး ပြုပြင် ပြောင်းလဲမှု တစ်ရပ်ဖြစ်သော အွန်လိုင်း ပညာရေးသည် ယနေ့ခေတ် ကာလအတွက် ဆီလျော် လိုက်ဖက်သော ပညာရေး စနစ်သစ် ဖြစ်သောကြောင့် လူတိုင်း ပါဝင်သင်ယူ နိုင်မည့် အခွင့်အလမ်း တစ်ရပ် ဖြစ်ပါကြောင်း ရေးသားလိုက်ရ ပေသည်။
( အယ်ဒီတာ့အာဘော် )
#Yadanarpondaily
#ရတနာပုံနေ့စဉ်
No comments:
Post a Comment