(၆၇)နှစ်ပြည့် ချစ်သည့်ပန်း ၊ လန်းဆန်းဖြာဝေ တပ်မတော်(လေ)
မောင်မန်းညို (မဟာဝိဇ္ဇာ)
၁၉၄၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် Myanmar Air Force Act. 1947 ကို ပြဋ္ဌာန်း လိုက်ခြင်းဖြင့် တပ်မတော်(လေ) ဖွဲ့စည်းပေါ်ထွန်း လာခဲ့ရာ ၂ဝ၁၄ ခုနှစ်တွင် (၆၇) နှစ်ပြည့်မြောက် ခဲ့ပြီး ဖြစ်ပါသည်။ (၆၇) နှစ်တာ ဖြတ်သန်း ခဲ့ရသော ကာလ တစ်လျှောက်တွင် နိုင်ငံတော်နှင့် တပ်မတော် အတွက် လေကြောင်း စွမ်းအားတစ်ရပ် အဖြစ် ကဏ္ဍစုံမှ ပါဝင် ထမ်းဆောင် ခဲ့ပြီး တိုးတက် ဖြစ်ထွန်းမှုများ နှင့်အတူ ထမ်းဆောင်ဆဲလည်း ဖြစ်ပါသည်။
လွတ်လပ်ရေး ရပြီးချိန်မှ ယနေ့အထိ နိုင်ငံ ဓနအင်အား၊ စွမ်းအား အရင်းအမြစ်၊ လူသား စွမ်းရည် တို့ကို အခြေအနေ အချိန်အခါ အလျောက် လိုအပ်ချက် များကို ဖြည့်ဆည်း ဆောင်ရွက်ရင်း အရှေ့တောင် အာရှဒေသ အတွင်း တန်းတူရည်တူ လေကြောင်း စွမ်းအား ဖြစ်စေရေး ဆောင်ရွက်လျက် ရှိပေသည်။
လွန်ခဲ့သော နှစ်ပေါင်း ၆ဝ ကျော် ၇ဝ နီးပါး ကာလသည် ဒုတိယ ကမ္ဘာစစ်ပြီးစ အချိန် လွတ်လပ်ရေး နှင့်အတူ ဖြစ်ပေါ်လာသော ပြည်တွင်း စည်းလုံး ညီညွတ်မှု ပျက်ပြားခဲ့မှုကို ပြည်သူများနှင့် အတူ တပ်မတော် (ကြည်း၊ရေ၊ လေ) တို့က မဆုတ်မနစ် သော ဇွဲ၊ လုံ့လ တို့ကို အရင်းတည်လျက် အသက် သွေးချွေးများ ပေးဆပ်ကာ နိုင်ငံ အချုပ်အခြာ အာဏာ တည်တံ့အောင် ဆောင်ရွက်နိုင်ခဲ့ သဖြင့်လည်း ယနေ့ ပိုင်နက် နယ်နိမိတ် အတိုင်ြး ပည်ထောင်စုကြီး အဖြစ် တည်မြဲခဲ့ခြင်း ဖြစ်ပါသည်။
ထိုသို့ စွမ်းဆောင် နိုင်ခြင်း မရှိခဲ့ပါက အစိတ်စိတ် အမြွှာမြွှာ သူတစ်လူ ငါတစ်မင်း ဖြစ်နိုင်ပေမည်။ ထိုခေတ် ထိုအချိန်က ရန်ကုန်မြို့ အင်းစိန်တွင်ပင် တိုက်ပွဲများ ဖြစ်ပွားနေရာ မင်္ဂလာဒုံ လှော်ကားကန် အနီးရှိ လေယာဉ်ကွင်း ငယ် (ယခု မင်္ဂလာဒုံ လေယာဉ်ကွင်း မဟုတ်ပါ) အသုံးပြုလျက် တိုက်ရင်း လေ့ကျင့်၊ လေ့ကျင့်ရင်း တိုက် ဆိုသကဲ့သို့ လေသူရဲများ မွေးထုတ်သင်ကြား ပေးခဲ့ရသည်။ တိုက်ပွဲဝင်ရန် လက်နက်ခဲယမ်း မပြည့်စုံသဖြင့် လက်လုပ်ဗုံးများ တီထွင် ပြုလုပ်ကာ တိုက်ပွဲဝင် ခဲ့ရသည်။ လေကြောင်း စက်ပစ်သမားများ မွေးထုတ်နိုင်ခြင်း မရှိသေး၍ ခြေလျင်မှ စစ်သည်များကို လေယာဉ်ပေါ် တင်၍ စက်သေနတ် ပစ်ခတ် တိုက်ပွဲဝင်ခဲ့ ရသည်။
ယနေ့ အချိန်အခါ တွင်တော့ ထို အခြေအနေ များမှာ အိပ်မက် ပမာပင်၊ မျိုးဆက်မြင့် စွမ်းရည်မြင့် ဘက်စုံသုံး တိုက်လေယာဉ်များ၊ အသံထက် မြန်သော ဂျက်လေယာဉ် များ၊ ဗုံးကြဲ ဂျက်တိုက် လေယာဉ်များ၊ ကြားခံ လေ့ကျင့်ရေး ဂျက်လေယာဉ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ အပေါ့စားနှင့် အလတ်စား သယ်ယူ ပို့ဆောင်ရေး လေယာဉ်/ ရဟတ်ယာဉ်များ၊ လေ့ကျင့်ရေး လေယာဉ်/ ရဟတ်ယာဉ် များအပြင် ပျံသန်းမှု အထောက်အကူပြု မြေပြင် အခြေစိုက် အီလက်ထရွန်နစ် ကိရိယာများ၊ သမားရိုးကျဗုံး၊ ဒုံး၊ စက်သေနတ်များ၊ ဝေဟင် - ဝေဟင်၊ ဝေဟင် - မြေပြင် တိကျလမ်းညွှန် စနစ်သုံး ဒုံးပျံများ၊ လူသား အချင်းချင်း စာနာမှု အထောက်အကူ ပြုရှာဖွေ ကယ်ဆယ်ရေး ဆိုင်ရာ ကိရိယာများ၊ လေယာဉ်/ ရဟတ်ယာဉ် အကြီးစား ပြင်ဆင်ရေး စက်ကိရိယာများ၊ ယင်းတို့ကို ကိုင်တွယ် အသုံးပြုနိုင်မည့် လူ့စွမ်းအား အရင်းအမြစ်များ ဖြင့် နိုင်ငံတော် ကာကွယ်ရေးကို အာမခံ နိုင်သည့် စွမ်းရည်တစ်ရပ် ဖြစ်ရေးကို ကြိုးပမ်း အကောင်အထည် ဖော်လျက် ရှိပါသည်။
တပ်မတော် အနေဖြင့် နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်နိုင်ရန် လေ့ကျင့်ရေးဖြင့် တည်ဆောက်ခြင်း အခန်းကဏ္ဍ တစ်ရပ်ကိုလည်း အထူး အလေးထား ဆောင်ရွက်လျက် ရှိပါသည်။ လေသူရဲ အရာရှိများ၊ေ လယာဉ်သားများ၊ စက်မှုလက်မှု အရာရှိ/ စစ်သည်များ၊ အုပ်ချုပ်ရေး အရာရှိ/ စစ်သည်များ မွေးထုတ်နိုင်ရန် တပ်မတော် အကြီးအကဲ၏ လမ်းညွှန်ချက်ဖြင့် တပ်မတော် (လေ) ၏ လေ့ကျင့်ရေး ကျောင်းကြီးများကို အသွင်သဏ္ဌာန် ဥပဓိအရရော အနှစ်သာရ အရပါ အဆင့်မြှင့် တင်ဆောင်ရွက်လျက် ရှိသည်။ သမားရိုးကျ လေ့ကျင့်ရေး လေယာဉ်များဖြင့် လေသူရဲများ မွေးထုတ်သည့် အခြေအနေမှ ခေတ်မီ Glass Cockpit သုံး လေ့ကျင့်ရေး လေယာဉ်များဖြင့် သင်ကြား ပေးနိုင်ရေး ကြိုးပမ်းလျက် ရှိပါသည်။ ဤသည်မှာ မျိုးဆက်မြင့် လေယာဉ်/ ရဟတ်ယာဉ် များကို ပျံသန်း မောင်းနှင်ရန် အတွက် အရည်အသွေးမြင့် လူ့စွမ်းအား အရင်းအမြစ် များကို ဖြစ်ပေါ်စေပါသည်။ ကျစ်လျစ်ပြီး ထိရောက်သည့် လေကြောင်း စွမ်းအားကို ပိုင်ဆိုင်သည့် တပ်မတော်(လေ) တစ်ရပ် ဖြစ်ရန်မှာ မျိုးဆက်မြင့် လေယာဉ်/ ရဟတ်ယာဉ်များ ရှိနေရုံနှင့် မပြည့်စုံပါ။ လေယာဉ်မောင်း သင်ကျောင်းမှ မွေးထုတ် လိုက်သည့် လေသူရဲများအား အချိန်တို/ ကာလတို အတွင်း စစ်ဆင်ရေး ဆောင်ရွက် နိုင်စွမ်းရှိသည့် လေသူရဲများ ဖြစ်လာစေရေး စဉ်ဆက်မပြတ် အဆင့်မြှင့်တင် လေ့ကျင့် ပျံသန်းသွားရန် လိုအပ်မည် ဖြစ်ပါသည်။
ပုံမှန်အားဖြင့် တပ်မတော်(လေ) ၏ လေသူရဲများ ကို စစ်တက္ကသိုလ် ဗိုလ်လောင်း များမှ ရွေးချယ်သော်လည်း နည်းပညာပိုင်း ကျွမ်းကျင်မှုကို အထောက်အကူ ပြုစေရန် တပ်မတော် နည်းပညာ တက္ကသိုလ်ဆင်း အရာရှိအချို့ကိုလည်း လေသူရဲအဖြစ် မွေးထုတ် ပေးလျက် ရှိပါသည်။
လေကြောင်း ဆေးပညာအရ ဆိုလျှင် ယခင်က လေသူရဲလောင်း များအား ရွေးချယ်ရာတွင် သမားရိုးကျ Analog စနစ်သုံး စက်ပစ္စည်းများကို အသုံးပြုခဲ့ ရသည်။ ယခုအခါ ကမ္ဘာ့ဆွဲအားကို အန်တုရင်ဆိုင် ပျံသန်းမောင်းနှင် ရာတွင် ရှိမည့် ကျန်းမာရေး အခြေအနေကို မြေပြင်၌ပင် စစ်ဆေးနိုင်သည့် ပျံသန်းရေး အထောက်အကူပြု ခေတ်မီ စက်ပစ္စည်းများကို ပိုင်ဆိုင် အသုံးပြုနိုင် နေပြီ ဖြစ်ပါသည်။ ဤ အခြေအနေ များသည် လေကြောင်း ဆေးပညာ ရှုထောင့်အရ ခေတ်မီ လေတပ်မတော် အဖြစ် လှမ်းချီလျက် ရှိသည့် တပ်မတော်(လေ) အနေဖြင့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ရေး အတွက် အောင်မြင်မှု တစ်ရပ်ပင် ဖြစ်သည်။
လေကြောင်း အင်ဂျင်နီယာ အရာရှိများ၊ စက်မှုလက်မှု စစ်သည်များ လေ့ကျင့်ပြုစု ပျိုးထောင် ရာတွင်လည်း လေယာဉ်/ ရဟတ်ယာဉ် ကိုယ်ထည်များ၊ ဂျက်အင်ဂျင်နှင့် ပန်ကာတပ် အင်ဂျင်များ၊ လေကြောင်း လျှပ်စစ် နှင့် ချိန်ခွက်ဆိုင်ရာ ပစ္စည်းကိရိယာများ၊ လေကြောင်း အီလက်ထရွန်နစ် နှင့် ဆက်သွယ်ရေး ပစ္စည်း ကိရိယာများ၊ လက်နက်စနစ် ဆိုင်ရာ ပစ္စည်း ကိရိယာများ ပြင်ဆင်ခြင်းများ ဆောင်ရွက် နိုင်သည့် အရာရှိ/ စစ်သည် များအဖြစ် မွေးထုတ် ပေးနိုင်ပြီ ဖြစ်ပါသည်။
တပ်မတော် အကြီးအကဲ၏ လမ်းညွှန်ချက် ဖြစ်သော Standard Army ဖြစ်ရေးအတွက် ဆောင်ရွက်ရာတွင် တပ်မတော်(လေ) သည် Professional Skill ပြည့်ဝစွာဖြင့် ကျစ်လျစ်ထိရောက် ထက်မြက်သည့် လေကြောင်း စွမ်းအား ပိုင်ဆိုင်ရေးအတွက် တက်ညီလက်ညီ ကြိုးပမ်း အကောင်အထည် ဖော်လျက် ရှိပါသည်။ လေကြောင်း စွမ်းအားကို ဖြစ်ပေါ်စေသည့် လေယာဉ်/ ရဟတ်ယာဉ်များ၊ ပျံသန်း တိုက်ပွဲဝင်မည့် လူ့စွမ်းအား အရင်းအမြစ်များ၊ စက်ကိရိယာ များကို ထိန်းသိမ်း ပြုပြင်ကြမည့် ပညာရှင် အရင်းအမြစ်များ စသည်တို့ဖြင့် Standard Army ဖြစ်ရေး ရည်မှန်းချက်အား ပြည့်မီလာမည့် အခြေအနေ တစ်ရပ်အဖြစ် ရှုမြင်မိ ပါသည်။
တပ်မတော်၏ နိုင်ငံတကာ ဆက်ဆံရေး မြှင့်တင် နိုင်မှုကဏ္ဍ တစ်ရပ် အဖြစ်လည်း (၁၁) ကြိမ်မြောက် အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံနှင့် ပထမအကြိမ် အာဆီယံလေတပ်များ ပညာရေး နှင့် လေ့ကျင့်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး များကို တပ်မတော်(လေ) မှ ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၂၃ ရက်မှ စက်တင်ဘာ ၂၆ ရက်အထိ အိမ်ရှင်နိုင်ငံ အဖြစ် အောင်မြင်စွာ လက်ခံ ကျင်းပနိုင်ခဲ့ ပါသည်။ တပ်မတော်(လေ) ၏ သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် နိုင်ငံတကာ ညီလာခံ အား ကျင်းပ နိုင်ခဲ့ခြင်းလည်း ဖြစ်ပါသည်။
တပ်မတော်သည် တိုင်းရင်းသား ပြည်သူအပေါင်း ၏ ရင်နှစ်သည်းချာ သားလှရတနာ တို့ဖြင့် ဖွဲ့စည်းထားသည် ဖြစ်ရာ ပြည်သူတို့၏ အကျိုးစီးပွား၊ အသက်အိုးအိမ် စည်းစိမ်တို့ကို အစဉ် ကာကွယ် စောင့်ရှောက် ခဲ့သည်ချည်း ဖြစ်သည်။ သဘာဝ ဘေးအန္တရာယ် ကျရောက်ခဲ့ လျှင် လည်း တပ်မတော် (ကြည်း၊ ရေ၊ လေ) တို့သည် မိမိ စွမ်းဆောင်နိုင်ရည် အလိုက် ကျရာတာဝန်ကို မဆုတ်မနစ် ထမ်းဆောင်ခဲ့ သည်များကို လွတ်လပ်ရေး ရပြီး သမိုင်း တစ်လျှောက်နှင့် မကြာသေးမီ ကာလက ဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်း၊ ပခုက္ကူရေဘေး၊ တာလေ နှင့် သပိတ်ကျင်း မြေငလျင် စသော သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး ဆောင်ရွက်ချက် များအား မျက်ဝါးထင်ထင် တွေ့မြင်ကြ ရမည် ဖြစ်ပါသည်။ အရေးကြုံတိုင်း ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ အချုပ်အခြာ အာဏာကာကွယ် စောင့်ရှောက်ရေး စသော သမိုင်းပေး တာဝန်များကို ပြည်သူများနှင့် အတူ လက်တွဲ ဆောင်ရွက်သည့်ပြည်သူချစ်သော တပ်မတော် ဖြစ်ပါသည်။ ဖော်ပြပါ ဖြစ်စဉ်များတွင် တပ်မတော်(လေ)သည် ညီနောင် တပ်မတော်(ကြည်း)၊ တပ်မတော်(ရေ)တို့နှင့် လက်တွဲလျက် ပြည်သူ့ရင်နှစ် ပြည်ချစ်ပန်းအဖြစ်၊ ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ခဲ့မှု များအဖြစ် သမိုင်းမော်ကွန်း ကမ္ပည်း တင်နိုင်ခဲ့ပေပြီ။
ယနေ့ အချိန်အခါတွင် (၆၇) နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့ အခါသမယ ဖြစ်သည်နှင့် အညီ ဒီဇင်ဘာ ၁၅ ရက်နေ့ ရောက်တိုင်း ဆရာတော်၊ သံဃာတော် များအား အရုဏ်ဆွမ်းနှင့် လှူဖွယ်များ ဆက်ကပ်လှူဒါန်းခြင်း၊ တပ်မတော်(လေ) နှစ်ပတ်လည်နေ့ စစ်ရေးပြနှင့် လေယာဉ်၊ ရဟတ်ယာဉ် များ၏ စွမ်းရည်ပြ ပျံသန်းခြင်းများကို အစဉ်အလာ မပျက် ကျင်းပ နိုင်ခြင်းဖြင့် ထူးချွန် ထက်မြက်သည့် ထိရောက်သော လေကြောင်းစွမ်းအား တစ်ရပ်ကို ဦးတည်သည့် စိတ်ဓာတ်များ ဆပွား ဖြစ်ထွန်းစေလျက် လန်းဆန်း ဝေဆာသည့် တက်ကြွမှု စွမ်းအားသစ်များ ပေါ်ပေါက်စေကြောင်း သုံးသပ်ရှုမြင် မိပါသည်။
ဝေဟင်တွင် စစ်ဆင်ရသော တပ်မတော်(လေ) သည် အရည်အချင်း အရည်အသွေး ပြည့်ဝမှသာ အန္တရာယ် ကင်းရှင်းစွာဖြင့် တိုင်းပြည် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်မည့် ထူးခြားသော ဂုဏ်ဒြပ်ရှိသည့် တပ်ဖွဲ့ ဖြစ်ပါသည်။ စက်ကိရိယာ များ၏ စွမ်းရည်မြင့်မှု၊ ထိန်းသိမ်းပြုပြင် နိုင်မှုများနှင့် အတူ ထို စက်ကိရိယာများ ၏ စွမ်းဆောင်နိုင်ရည်ကို ကျွမ်းကျင် ပိုင်နိုင်စွာ ပျံသန်း ထိန်းချုပ် ဆောင်ရွက်နိုင်မှု များသည် အရည်အချင်း ပြည့်ဝသော လူ့စွမ်းရည်များ ဖြင့်သာ အန်တု ကျော်လွှား နိုင်မည် ဖြစ်ပါသည်။ အပြောမဟုတ် အလုပ်ဖြင့် သက်သေ ပြရသည့် ဂုဏ်ရည်ပင် ဖြစ်ပါသည်။ သမိုင်းစဉ်ဆက် ဖြတ်သန်း ခဲ့ရသော တပ်မတော်၏ အရည်အသွေး ကြောင့် ပြည်သူများ ချစ်သော ပြည်ချစ်ပန်း ဖြစ်ခဲ့ရ သကဲ့သို့ ရုပ်ဝတ္ထုပစ္စည်း ကိရိယာများ အဆင့်မြင့်မား လာမှုသည် အခြေခံ အဆောက်အအုံ ( Infrastructure ) ဆိုင်ရာများ ပြည့်စုံဖူးပွင့် လာခြင်းနှင့်အတူ အရည်အချင်းပြည့် လူ့စွမ်းအား အရင်းအမြစ် များကို လေ့ကျင့်မွေးထုတ် ပေးနိုင်ခြင်း ဟူသည့် ဖူးပွင့်သည့် ပန်းအား လန်းဆန်းဖြာဝေ စေသည့် အခြေအနေ ဖြစ် ရာ '' (၆၇)နှစ်ပြည့် ချစ်သည့်ပန်း၊ လန်းဆန်းဖြာဝေ တပ်မတော်(လေ) ''ဟု (၆၇)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည် နေ့အား ဂုဏ်ပြု မှတ်တမ်းတင် အပ်ပါသည်။ ။
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment