ရန်ကုန် ၊ ၁၀-၁၂-၂၀၁၄
ရန်ကုန်စီးပွားရေး တက္ကသိုလ် နှင့် ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ် တို့ ပူးပေါင်း ဖွင့်လှစ်မည့် Master of Economics (M Econ) (CMU) မဟာဘွဲ့ သင်တန်းသို့ တက်ရောက်ရန် ဝင်ခွင့် လျှောက်လွှာများ ခေါ်ယူနေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ မဟာဘွဲ့ သင်တန်းသို့ တက်ရောက်လို သူများအနေဖြင့် တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်ဟု ဆိုသော်လည်း စီးပွားရေး ပညာဘွဲ့ ရရှိသူကို ဦးစားပေး ခေါ်ယူမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် စီးပွားရေး တက္ကသိုလ် များတွင် တာဝန် ထမ်းဆောင်လျက် ရှိသည့် ဆရာ၊ ဆရာမများ၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန စသည့် စီးပွားရေး ဖြင့် ဆက်စပ် လုပ်ကိုင်လျက် ရှိသည့် ဝန်ကြီး ဌာနများမှ ဝန်ထမ်းများလည်း အဆိုပါ သင်တန်းသို့ လျှောက်ထား နိုင်ကြောင်း သိရသည်။
မဟာဘွဲ့ သင်တန်း လျှောက်ထား သူများ အနေဖြင့် အင်္ဂလိပ်စာ၊ သင်္ချာနှင့် စာရင်းအင်းပညာ ကျွမ်းကျင်ရမည် ဖြစ်ပြီး တက္ကသိုလ် တစ်ခုခုတွင် အခြား သင်တန်း တက်ရောက် နေသူများကို ခေါ်ယူမည် မဟုတ်ကြောင်း သိရသည်။
ထို့ပြင် သင်တန်းဝင်ခွင့် ရေးဖြေ စာမေးပွဲ ဖြေဆိုရမည် ဖြစ်ပြီး သင်တန်း တက်ရောက်ရန် အဆင့်မီသူ များအား လူတွေ့ စစ်ဆေးရွေးချယ်ကာ သင်တန်းသား ဦးရေ ၄ဝ ဦး လက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။ သင်တန်းကာလမှာ တစ်နှစ်ခွဲ ကြာမြင့်မည် ဖြစ်ပြီး ရွေးချယ်ခံရသူများ အနေဖြင့် သတ်မှတ်ထားသည့် သင်ရိုးအတိုင်း အချိန်ပြည့်မီစွာ တက်ရောက် နိုင်ရမည် ဖြစ်သည်။ သင်တန်းကြေးမှာ လစဉ် ငွေကျပ် ၂ဝဝဝဝ သတ်မှတ် ထားသည်။ သင်တန်းပြီးဆုံး ပါက ပေးအပ်မည့် Master of Economics (M Econ) (CMU) မဟာဘွဲ့အား ချင်းမိုင် တက္ကသိုလ်မှ ဘွဲ့အပ်နှင်းမည် ဖြစ်ကြောင်း သိရသည်။
ချင်းမိုင်တက္ကသိုလ် မှ ပေးအပ်မည့် Master of Economics (M Econ) (CMU) အတွက် ရန်ကုန်စီးပွားရေး တက္ကသိုလ် နှင့်ပူးပေါင်းကာ တက္ကသိုလ်နှစ်ခု အကြား နားလည်မှု စာချွန်လွှာ ရေးထိုးထားပြီး ဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းအတွက် သင်တန်းနှင့် သက်ဆိုင်သော စာရွက်စာတမ်း များနှင့် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံ များကို www.econ.cmu.ac.th/yangonprogram တွင် ရယူရမည်ဖြစ်ပြီး ဘောဂဗေဒ ဌာန ရန်ကုန်စီးပွားရေး တက္ကသိုလ် (ကမာရွတ်နယ်မြေ) သို့ လျှောက်ထား ရမည်ဖြစ်ကြောင်း သိရသည်။(၄၄၈)
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment