www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 2, 2014

အသင်းအဖွဲ့များနှင့် ယနေ့လူငယ်များ


အသင်းအဖွဲ့များနှင့် ယနေ့လူငယ်များ

အရှင်အဂ္ဂသာရ (မန္တလေး)

လွန်ခဲ့တဲ့ ငါးနှစ်ကျော် လောက်ကစလို့ လူမှုပတ်ဝန်းကျင် နေရာဒေသ အသီးသီးမှာ လူမှုရေး အသင်းအဖွဲ့တွေ အမျိုးမျိုး ပေါ်ထွက်ခဲ့ ပါတယ်။ ၂ဝဝ၈ ခုနှစ်မေလ မြန်မာပြည် အောက်ပိုင်း နာဂစ်မုန်တိုင်း မှာ ဒုက္ခရောက်ခံစားကြရရှာတဲ့ လူတွေကို ကြည့်ပြီး ပံ့ပိုးကူညီ လှူဒါန်းကြရာ ကနေ တစ်စတစ်စနဲ့ အသင်းအဖွဲ့တွေ ပေါ်ပေါက် လာကြတာ ဖြစ်ပါတယ်။

နာမှုကူညီရေး အသင်းအဖွဲ့၊ လူမှုကူညီရေး အသင်းအဖွဲ့၊ ဘုံဆွမ်းလောင်း အသင်းအဖွဲ့...စတဲ့ စတဲ့ အသင်းအဖွဲ့ တွေဟာ အခုအချိန်မှာ ဆိုရင် နေရာဌာနတိုင်း လိုလိုမှာ ရှိနေပြီ ဖြစ်ပါတယ်။ တချို့က ဝါသနာတူရာ လူတွေ စုပေါင်းပြီး ကိုယ်ပိုင်ငွေနဲ့ စိုက်ထုတ်ကာ ဖွဲ့စည်း တည်ထောင် ကြတဲ့ အသင်းအဖွဲ့တွေ ရှိသလို တချို့ကလဲ အများစုသော ကုသိုလ်ရှင် တွေရဲ့ စုပေါင်းလှူဒါန်း မှုနဲ့ဖွဲ့စည်း တည်ထောင် ထားကြတဲ့ အသင်းအဖွဲ့ လဲရှိကြပါတယ်။ အသင်းအဖွဲ့တွေ အားလုံးဟာ ခေါင်းစဉ် အမျိုးမျိုးတပ် ပြီး နာမည်မျိုးစုံ ကွဲပြားခြားနား ပင် ခြားနား နေသော်လည်း အားလုံးသော အသင်းအဖွဲ့ တွေရဲ့တူညီချက် ကတော့ အများအကျိုးကို ကူညီဆောင်ရွက် ပေးလိုခြင်း၊ လိုအပ်ချက် နေရာတွေကို ကွက်လပ်ဖြည့် ပေးခြင်းဆိုတဲ့ ရည်ရွယ်ချက်မျိုး တွေပဲ ဖြစ်ပါတယ်။

အသင်းအဖွဲ့တိုင်း လိုလိုမှာ လူငယ်တွေလဲ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက် လာကြတာကိုလဲ တွေ့ရသလို တချို့သော အသင်းအဖွဲ့တွေ မှာဆိုရင် လူငယ်တွေချည်း ဦးစီးဦးဆောင် ပြုကာ လုပ်ကိုင် ဆောင်ရွက်နေ ကြတဲ့ အသင်းအဖွဲ့ တွေကိုလဲ တွေ့မြင် နေရပါတယ်။ ဘယ်နေရာ၊ ဘယ်အသင်း အဖွဲ့ကိုပဲ ကြည့်လိုက် ကြည့်လိုက် လူငယ်လူရွယ် လေးတွေရဲ့ ကိုယ်ပိုင် အသိစိတ်ဓာတ် နဲ့ လုပ်ကိုင် ဆောင်ရွက် နေကြတာကို မြင်ရတာ ဟာ အတော်ပဲ ဝမ်းသာစရာ ကောင်းလှပါတယ်။ လူငယ်ဆိုတဲ့ နေရာမှာ အသက် နှစ်ဆယ်ကျော်၊ အစိတ်ရှိမယ့် အမျိုးသား၊ အမျိုးသမီး၊ ဘွဲ့ရပညာတတ်၊ ဝန်ထမ်း အမျိုးသား၊ အမျိုးသမီးတွေ၊ ဆင်းရဲတဲ့သူ၊ ချမ်းသာတဲ့သူ တွေရော အစုံအလင်ပါပဲ။ တချို့လဲ ကျောင်းပညာရေး တစ်ဖက်နဲ့ လူမှုရေး အသင်းအဖွဲ့တွေမှာ ကုသိုလ်ပြု ပါဝင် ဆောင်ရွက် နေကြတဲ့ လူငယ်တွေလဲ အများအပြားပါပဲ။ အားလုံးဟာ တတ်နိုင်ရာ တစ်ထောင့် တစ်နေရာ ကနေ ပါဝင်ကူညီ ဆောင်ရွက်ကြရင်း လိုအပ်ချက် လေးတွေကို လိုက်လံ ဖြည့်ဆည်းပေး နေကြပါတယ်။

အဲဒီလို လူငယ်လေးတွေ အနေနဲ့ ပင်ကိုယ် အသိစိတ်ဓာတ် ရှိစွာနဲ့ လူမှုအကျိုးပြု လုပ်ငန်းတွေကို အသင်းအဖွဲ့ တွေကနေ တစ်ဆင့် လုပ်ကိုင် ဆောင်ရွက်နေကြ တာဟာ တိုင်းပြည် အတွက်လဲ နောင် အနာဂတ်မှာ လူငယ်တွေကို ယုံကြည်အားကိုး အားထား ပြုချင်စရာ ဖြစ်လာပါတယ်။ ပြောရမယ်ဆိုရင် ယနေ့အချိန်မှာ လူငယ်တွေရဲ့ အခန်းကဏ္ဍ ပါဝင် ဆောင်ရွက်မှုဟာ အတော်လေးကို အရေးပါ အရာရောက် နေပါတယ်။ 

လူငယ်လူရွယ် လေးတွေဟာ ပင်ကိုယ် အသိစိတ်ဓာတ်နဲ့ ကိုယ်ကျိုး မဖက် လူမှုရေး ကိစ္စတွေကို ဝင်ရောက် လုပ်ကိုင်နေကြ တာဟာ အင်မတန် မှပဲ ချီးကျူးဂုဏ်ယူ စရာ ကောင်းသလို အခုလို လူငယ်တွေရဲ့ လုပ်ကိုင်
ဆောင်ရွက်မှုတွေ အပေါ်မှာလဲ လူကြီးတွေ အနေနဲ့ (တာဝန်ရှိ ပုဂ္ဂိုလ် တွေအနေနဲ့) မြှောက်စားသင့်တာ မြှောက်စားကာ ဂုဏ်ပြုသင့် ဂုဏ်ပြုထိုက် တဲ့ လူငယ်လေး တွေကို ချီးကျူး ဂုဏ်ပြုသင့် ပါတယ်။

အကျိုး တစ်စုံတစ်ရာ ရရှိဖို့ဆိုတဲ့ မျှော်လင့်ချက်မျိုး လူငယ်လေးတွေ အနေနဲ့ မျှော်လင့် မထားကြ ပေမယ့်လဲ အဲဒီလို တာဝန်ရှိ လူကြီးတွေရဲ့ အသိအမှတ်ပြုမှု ကိုတော့ ခံစားရယူချင် ကြတာဟာ အများစုသော လူငယ်တွေရဲ့ ရင်ထဲမှာ ကိန်းဝပ်နေတတ် ပါတယ်။ တာဝန်ရှိ လူကြီးတွေ အနေနဲ့ လူငယ်တွေကို ချီးကျူးဂုဏ်ပြု တာနဲ့ လူငယ်လေးတွေရဲ့ အသိစိတ်ထဲ မှာလဲ လူမှုအကျိုးပြု လုပ်ငန်းတွေကို ပိုမို လုပ်ချင် ကိုင်ချင်စိတ် ရှိလာနိုင် သလို အဲဒီလို လုပ်ဆောင် ပေးခြင်းအားဖြင့် အခြားသော လူငယ်တွေကို လဲ အသင်းအဖွဲ့တွေမှာ ပါဝင်ဆောင်ရွက် လာနိုင်အောင် ဆွဲဆောင်ခြင်း တစ်မျိုးလဲ ဖြစ်ပါတယ်။

နောက်ပြီး ယနေ့အချိန်မှာ လူငယ်တွေ အနေနဲ့ အသင်းအဖွဲ့ လူမှုရေး လုပ်ငန်းတွေကို ထဲထဲဝင်ဝင် လုပ်ကိုင်ဆောင်ရွက် နေကြတယ်လို့ ဆိုပေမယ့်လဲ တိုင်းပြည်မှာ ရှိနေတဲ့ လူငယ် အင်အားထက် စာရင် အင်မတန်မှ နည်းပါး နေပါသေးတယ်။ လူငယ် အတော်များများဟာ လမ်းမထက် ပေါ်မှာ ကားတွေတဝီဝီ၊ ဆိုင်ကယ်တွေ တဝီဝီ မောင်းနှင်ကာ လမ်းဘေးဝဲယာ တစ်လျှောက် အချိန်တွေ ကုန်ဆုံးနေကြ ပါတယ်။ လူငယ်တွေ အနေနဲ့ လက်ရှိ အနေအထားထက် အသင်းအဖွဲ့ တွေမှာ ပါဝင်ပြီး လူမှုအကျိုးပြု လုပ်ငန်းတွေကို တစ်ပိုင်တစ်နိုင် အချိန်ပိုင်း အနေနဲ့ ပါဝင်ဆောင်ရွက် သင့်ပါတယ်။ ဒီလို လူမှုအကျိုးပြု လုပ်ငန်း၊ အသင်းအဖွဲ့ တွေမှာ လုပ်ကိုင်ပါဝင် ဆောင်ရွက်တာဟာ လူငယ်လူရွယ် တွေအနေနဲ့ မကောင်းတဲ့ စိတ်အာရုံ နောက်ကို မလိုက်နိုင်အား တော့ဘဲ လူမှုအကျိုးပြု လုပ်ငန်းအပေါ်မှာ စိတ်ပါဝင်စားမှု ရှိလာမှာ ဖြစ်သလို ဘာသာရေးနဲ့ ပတ်သက်ပြီး တော့လဲ ပိုမိုနီးစပ် လာနိုင်မှာ ဖြစ်ပါတယ်။

ယနေ့ခေတ် လူငယ် အတော်များများဟာ အရွယ်ရောက်ပြီ ဆိုတာနဲ့ အပျော်အပါး လိုက်စားကြရင်း သူငယ်ချင်း အပေါင်းအသင်း တွေနဲ့ ပျော်ကာ မော်ကာ အချိန်တွေ ကုန်လွန် သွားကြတာ များပါတယ်။ အရက်ဆိုင်၊ ဘီယာဆိုင်၊ လက်ဖက်ရည်ဆိုင်၊ လမ်းဘေး ကွမ်းယာဆိုင် တွေမှာ တစ်နေကုန် တစ်နေခန်း မထတမ်း ထိုင်နေ တတ်ကြတဲ့ လူငယ် ကာလသား တွေကိုလဲ နေရာတိုင်းမှာ တွေ့ရတတ် ပါတယ်။ တိုင်းပြည်တစ်ပြည် တိုးတက် ဖို့အတွက် လူငယ်လူရွယ် မျိုးဆက်သစ် တွေရဲ့ အင်အားဟာ အင်မတန် မှ လိုအပ်လှ ပါတယ်။ လူကြီးလုပ်တဲ့ ပုဂ္ဂိုလ်တွေက နေရာဌာန အဖွဲ့အစည်း တစ်ခုကို ရေရှည် လုပ်ဆောင် သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီတော့ လူကြီးလုပ်သူ တွေက လူငယ်တွေရဲ့ လက်ထဲကို မဖြစ်မနေ ကိုပဲ လွှဲအပ် ကြရမှာ ဖြစ်ပါတယ်။ အဲဒီလို အချိန်မှာ လူငယ်တွေ အနေနဲ့ ခေါင်းရှောင် နေလို့ မဖြစ်ပြန်ပါဘူး။ အခုလို ငယ်ရွယ်စဉ် အချိန် ကတည်းက အသင်းအဖွဲ့တွေမှာ ပါဝင်ပူးပေါင်း လုပ်ဆောင်ကြ တာဟာ ကိုယ့်မိသားစု အတွင်း မှာပဲဖြစ်ဖြစ်၊ ကိုယ်ကိုယ်တိုင် ဦးစီးဦးဆောင် ပြုတဲ့ အဖွဲ့အစည်း တစ်ခုမှာ ပဲ ဖြစ်ဖြစ် နောင်တစ်ချိန်မှာ လုပ်ငန်းကိုင်တာ လုပ်ကိုင် ဆောင်ရွက်ဖို့ အတွက် အတွေ့အကြုံ ကောင်းတွေကို ရရှိမှာ ဖြစ်ပါတယ်။

အဲဒီတော့ လူငယ်လူရွယ် တွေအနေနဲ့ လမ်းမထက်ပေါ်မှာ ကားတွေတဝီဝီ၊ ဆိုင်ကယ်တွေ တဝီဝီ မောင်းနှင်ကာ လမ်းဘေး ဝဲ၊ ယာ တစ်လျှောက် အချိန်တွေ ကုန်နေကြမယ့် အစား အသင်းအဖွဲ့တွေနဲ့ ပရဟိတ လူမှုအကျိုးပြု လုပ်ငန်းတွေကို ပါဝင်လုပ်ကိုင် ဆောင်ရွက် သွားကြဖို့ တိုက်တွန်း ရေးသား လိုက်ရပါတယ်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger