www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 29, 2014

အသံဝင်ခြင်း


အသံဝင်ခြင်း

ဒေါက်တာလွင်သန့် (ဆေး-၂)


အသံဝင်ခြင်း၊ အသံပျက်ခြင်း မှာ အသံအိုးနှင့် ဆိုင်သော ရောဂါ အမျိုးမျိုးကြောင့် ဖြစ်သည်။ အလွန် အားနည်းခြင်း၊ အာဟာရ ဓာတ်ချို့တဲ့ခြင်း နှင့် ပြင်းထန်သော သွေးအားနည်းခြင်း တို့ကြောင့် အသံပျက်လေ့ ရှိသည်။ 

အသံကို လွန်ကဲစွာ အသုံးမပြုဘဲ အသံဝင်၊ အသံပျက် လာလျှင်၊ ရုတ်တရက် အသံဝင် လာလျှင်၊ မကြာခဏ အသံဝင် တတ်လျှင်၊ ရက်ကြာမြင့်စွာ အသံဝင် အသံပျက် နေလျှင် ယင်းတို့၏ နောက်ကွယ်တွင် အကြောင်းရင်းခံ ရောဂါဆိုးများ ရှိနေတတ် သည်ကို သတိပြု သင့်သည်။ အသံဝင်ခြင်း သဘောမှာ စာကြည့်များလျှင် မျက်စိညောင်း လာသည်။ လမ်းလျှောက်များလျှင် ခြေထောက် ညောင်းလာသည်။ စကားပြောဖန် များလျှင်၊ ကျယ်လောင်စွာ အော်ဟစ်လာ လျှင် အသံဝင်လာမည် ဖြစ်သည်။

သဘာဝ = အသံဝင်ခြင်း ၊ အသံပျက်ခြင်း မှာ အသံနှင့် ဆိုင်သော ရောဂါအမျိုးမျိုး ကြောင့်ဖြစ်သည်။ အကြောင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်သော အသံအိုး ရောင်ခြင်း အမျိုးမျိုး၊ အသံအိုးတွင် အဆုတ်ရောဂါ ပိုးဝင်ခြင်း၊ ကာလသား ရောဂါကြောင့် အသံအိုးတွင် အသားပို၊ အနာဖြစ်ခြင်း၊ ဝက်သက်ရောဂါ၊ ဆုံဆို့နာ၊ အသံအိုး အကျိတ်လုံး နှင့် ကင်ဆာ ရောဂါ တို့ဖြစ်သည်။ အသံအိုး ထိခိုက်၍ လည်း အသံဝင် နိုင်သည်။

သိုင်းရွိုက်ကလင်း ချို့ယွင်းမှု လွန်ကဲခြင်း၊ ခန္ဓာကိုယ် တစ်ကိုယ်လုံးရှိ ကြွက်သားများ အားနည်းခြင်း၊ အရက်စွဲခြင်း၊ မေးခိုင်ရောဂါ နှင့် တခြား ကြွက်သားများ တက်တတ်သည့် ဝေဒနာ များကြောင့်လည်း အသံဝင် နိုင်သည်။

ဦးနှောက်အကျိတ် ချို့ယွင်းမှုကြောင့်  ဖြစ်သော ခန္ဓာကိုယ် အဆမတန် မူမမှန် ကြီးထွားသည့် ရောဂါတွင် အသံပျက် နိုင်သည်။ အလွန် အားနည်းခြင်း၊ အာဟာရ ချို့တဲ့ခြင်း၊ ပြင်းထန်သော သွေးအား နည်းခြင်း၊ လေဖြတ်ခြင်း တို့တွင် အသံပျက်လေ့ ရှိသည်။ အသံမဝင် ရအောင် အသံဝင်ခြင်း မဖြစ်စေ ရန် အလွန်အမင်း ဟစ်အော် ပြောဆိုခြင်း၊ မရပ်မနား အချိန် ကြာမြင့်စွာ စကားပြောခြင်း၊ သီချင်း ဟစ်ကြွေးခြင်း တို့ကို ဆင်ခြင် သင့်သည်။ အစားမှန်၊ အနေမှန်ရန် လိုအပ်သည်။ အသံဖြင့် အဓိက နာမည်ကြီး သူများ (အဆိုတော်များ၊ ဗုဒ္ဓဘာသာဝင် ဘုန်းကြီးများသည် တစ်လလျှင် သုံး၊ လေးရက်ခန့် သီချင်းမဆို၊ တရား မဟောဘဲ အနားပေး ခြင်းဖြင့် အသံဝင်ခြင်း
ကို ကာကွယ် နိုင်သည်။)

အကယ်၍ အသံ လွန်ကဲစွာ အသုံးမပြုဘဲ အသံဝင် အသံပျက်လျှင်၊ ရုတ်တရက် အသံဝင် လာလျှင်၊ မကြာခဏ အသံဝင် တတ်လျှင်၊ ရက်ကြာမြင့်စွာ အသံဝင်၊ အသံပျက် နေလျှင် စသော သဘာဝ မကျသည့် အသံဝင်ခြင်း မျိုးတို့၏ နောက်ဆက်တွဲ အကြောင်းရင်း ရောဂါများ ရှိတတ်၍ ယင်းတို့ ဖြစ်ပေါ်ပါက နီးစပ်ရာ ဆရာဝန် သို့မဟုတ် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်ထံ အချိန်မီ သွားရောက်ပြသ တိုင်ပင်၍ ထိရောက်သော ဆေးကုသမှုကို စောစီးစွာ ခံယူသင့်သည်။

ဓာတ်စာ = နို့နှင့် နို့ထွက်ပစ္စည်း များသည် အဆုတ်၌ ချွဲ၊ သလိပ် ဖြစ်ပေါ်မှု ပိုများလာ သဖြင့် အသံဝင်တာ မသက်သာခြင်း ဖြစ်သည်။ သကြားနှင့် သကြားဓာတ် ပိုသည့် အစားအစာ များ ရှောင်ရမည်။ အဆီများသော အစားအစား၊ အသင့် အမြန်စား အစားအစာ (ဟမ်ဘာဂါ၊ စနပ်၊ ပီဇာ) မုန့်များ ရှောင်ရမည်။ စိတ်ဖိစီးမှု လျှော့ချ ရမည်။ အသံအိုး နာနေသဖြင့် စကားပြော ခြင်းမှ အနားယူ ရမည်။ အချဉ်များ သည့် အစာ စားသင့်သည်။

ဆေးစားခြင်း = လေပြွန် ရောင်ရမ်းနာ ကုသခြင်း၊ တီဘီရောဂါ အတွက် တီဘီဆေး (DOTS) ဖြင့် ခြောက်လ သို့မဟုတ် ရှစ်လ ပြီးပြတ်အောင် ကုသခြင်း လုပ်ဆောင် နိုင်ပြီး ဆရာဝန်၏ လမ်းညွှန်မှု နှင့် ကုသမှု များကိုခံယူသင့် ပါသည်။ ။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger