မလိုလားအပ်သော မာန်မာနများ ဖယ်ရှားစေလို
အောင်ခန့်ဖြိုးဝေ ( တောင်ငူ )
စာရေးသူတို့၏ လူနေမှု ဘဝတွင် အမှား တွေ့နေလျှင် အမှန်ပြင် ရမည်ကို လူတိုင်းလိုလို သိနေကြ သော်လည်း ထိုအမှားကို အမှန်တကယ် ပြုပြင် ရတော့မည် ဆိုလျှင် များသော အားဖြင့် ဝန်လေးနေတတ် ကြသည်။ ပျက်စရာရှိလျှင် ပျက်ချင်ချင် တည်းဆိုသလို ဆက်၍ ဆက်၍ ပျက်နေတတ် ကြသည်။
မိမိဘက်က အနည်းငယ် လျှော့လိုက်၊ တိုးလိုက်ရုံ မျှဖြင့် ကိစ္စပြေလည် သွားမည်ကို သိလျက်နှင့် တင်းခံနေတတ် ကြသည်။ ယင်းသို့ လျှော့လိုက်၊ တိုးလိုက် ခြင်းဖြင့် မိမိဘက်မှ သိက္ခာကျဆင်း သွားမည်ဟု အထင် ရောက်တတ် ကြသည်။ သို့ဖြစ်၍ မိမိ၌ရှိသော ''မလိုလား အပ်သော မာန်မာန'' ကို အရင် ဖယ်လိုက်ခြင်း အားဖြင့် မိမိ တည်ဆောက် နေသော ဘဝကို အလျှော့အတင်း လုပ်နိုင်ကြောင်း လူအများ သတိမူမိ ကြရန် လိုအပ် ပေသည်။
မြန်မာ့ရိုးရာ ပုံပြင်များတွင် ကျီးနှင့်ဘုတ် ပုံပြင်သည် ဤသဘော ဖော်ဆောင် ထားသည်ကို တွေ့ရမည် ဖြစ်သည်။ အစဉ်အလာအရ အမျိုး အချင်းချင်း ရန်သူများ ဖြစ်ခဲ့ကြ သော်လည်း တစ်ဦးအပေါ် တစ်ဦး အလျှော့အတင်း လုပ်ကာ အလွန်တရာ ချစ်ကြည် ရင်းနှီးသော မိတ်ဆွေများ ဖြစ်လာ ကြသည်။ ကျီးဘက်မှ ရန်လိုမှုကို လျှော့၍ ချစ်ကြည် ရင်းနှီးမှု မေတ္တာကို တိုး၍ လည်းကောင်း၊ ဘုတ် ဘက်မှလည်း ရန်လိုမှု များကို လျှော့၍ ချစ်ကြည် ရင်းနှီးမှု မေတ္တာကို တိုး၍ လည်းကောင်း ရေရှည်ခိုင်မာ မြဲမြံသော မိတ်ဆွေများ အဖြစ် တက်လှမ်း နိုင်ခဲ့ကြသည် သာမက ''ကျီးကို ဘုတ်ရိုသေ၊ ဘုတ်ကို ကျီးရိုသေ'' ဆိုသည့် ပေါင်းသင်း ဆက်ဆံရေး ပုံစံတစ်ခုကို အခိုင်အမာ ချပေးနိုင်ခဲ့ ကြပေသည်။
ကန်တော်မင်းကျောင်း ဆရာတော် က လူမှုကိစ္စများ ပြုမူ ဆောင်ရွက်သည့် အခါတွင် ''မပေါ့မသေး၊ မနှေးမလျင်၊ ရွှေချိန်ခွင် သို့၊ မတင်းမလျော့၊ လှေပေါင်ဖော့ သို့၊ မလျှော့ပညာ၊ တံငါလုလင်၊ မျှားကြိုးငင် သို့'' ဟု ဥပမာများနှင့် ဖော်ပြ ထားသည်။ လူမှုရေးရာ ပြုမူ ဆောင်ရွက်ချက် များတွင် အစွန်း ရောက်သော အပြုအမူ လုပ်ဆောင်ချက် များ ဖြစ်မသွားအောင် ဘဝလမ်းညွှန်များ အဖြစ်ခံယူ တည်ဆောက် သွားသင့်ကြ ပေသည်။
မင်းတုန်းမင်း နှင့် ညီတော် ကနောင်မင်းသား တို့သည် အိမ်ရှေ့မင်းသား ခန့်အပ်ရေး တစ်ဖက်နှင့် တစ်ဖက် တင်းမာ နေကြရာ ညီလာခံကို ရက်အတန်ကြာ မတက်ဘဲ ကနောင်မင်းသား သည် နောင်တော် အပေါ် မကျေနပ် ကြောင်း ပြသ ခဲ့သည်။ ဤ အခြေအနေကို သိသော မင်းတုန်းမင်း သည် ပညာရှိ စာဆို ဦးပုညအား ခေါ်ယူ၍ နောင်တော်နှင့် ညီတော် နှစ်ဦး စိတ် အခန့်မသင့် ဖြစ်နေမှုကို ကျေအေး ပြေပျောက် သွားစေမည့် ပြဇာတ်တစ်ပုဒ် ကို ရေးစေပြီး သဘင်ဆောင်တွင် ကပြရန် တာဝန် ပေးခဲ့သည်။ ဦးပုည ကလည်း သွေးအရင်း ခေါက်ခေါက် ညီအစ်ကိုရင်း ပင် မဆိုထားနှင့် သွေးမတော် သားမစပ်သူ သူစိမ်း တစ်ရံဆံ တစ်ယောက်ကိုပင် အိမ်ရှေ့အရာ ပေးဝံ့သူ ဥဒ္ဒယကုမ္မာ မင်းကြီး အကြောင်း ပါသည့် ဂင်္ဂါမာလ ဇာတ်တော်ခေါ် ရေသည်ပြဇာတ် ကိုရေး၍ သဘင်ဆောင် တွင် တင်ဆက် ကပြ စေခဲ့သည်။ ထိုပြဇာတ်ကို မင်းတုန်းမင်း နှင့် ကနောင်မင်းသား တို့ကြည့်ရှုပြီး သည့်နောက် တွင် ယခင်က ရှိခဲ့သော မကျေလည်မှု များသည် ကင်းစင် ပပျောက် အေးငြိမ်းသွားကာ ညီနောင်နှစ်ဦး ချစ်ကြည်စွာ ဆက်လက် နေထိုင် ခဲ့ကြကြောင်း မြန်မာ့ သမိုင်းစဉ်တွင် ပြောစမှတ် ကျန်ခဲ့သော ဖြစ်ရပ်တစ်ခု ရှိခဲ့သည်။ ဤသည်မှာ မင်းတုန်းမင်း ဘက်မှ ညီတော်အပေါ် သည်းခံ ခွင့်လွှတ်ပြီး မာန်မာန ကိုလျှော့၊ မေတ္တာကို တိုးလိုက်ခြင်းဖြင့် စိတ်ချမ်းမြေ့ ဖွယ်ပြေလည် ငြိမ်းအေးမှုကို ရယူဖန်တီး တည်ဆောက် နိုင်ခဲ့ကြောင်း ဖော်ပြခြင်းပင် ဖြစ်ပေသည်။
ဆင်ခြင် စဉ်းစားမှု၊ ကိုယ်ချင်း စာနာမှု၊ အကျိုးကို လိုလားမှု၊ ခွင့်လွှတ် သည်းခံမှု စသော စိတ်ထားကောင်း များကို အခြေခံထားပြီးမှ သာလျှင် ကောင်းသော မာန၊ မှန်ကန်သော မာန တို့သည် ဖြစ်တည် လာနိုင်သည်။ ထိုမာနမျိုး ဖြင့်သာလျှင် တစ်ဦးအပေါ် တစ်ဦး အလျှော့ အတင်း၊ အတိုးအဆုတ် လုပ်ကာ ငြိမ်းအေး သာယာစွာ အတူတကွ နေထိုင်နိုင် ကြမည်မှာ အမှန်မလွဲ ပါကြောင်း ရေးသား တင်ပြလိုက် ပါသည်။ ။
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment