www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 12, 2014

အမေရိကန်နိုင်ငံမှ ပေးသော မြေငလျင်တိုင်းတာ စက်ငါးခုကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလတွင် တပ်ဆင်ရန်စီစဉ်


ရန်ကုန် ၊ ၁၂-၁၂-၂၀၁၄

အမေရိကန်နိုင်ငံ မှ အကူအညီ ပေးထားသော မြေငလျင် တိုင်းတာစက် ငါးခုကို မြန်မာနိုင်ငံ နယ်စွန်နယ်ဖျား ဒေသများ၌ တပ်ဆင်ရန် ရည်ရွယ်ထားပြီး ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ တွင် တပ်ဆင်ရန် စီစဉ်ထားကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''တိုင်းတာရေးစက် ငါးခုကို ဇန်နဝါရီလ ထဲမှာ တပ်ဆင်သွားဖို့ စီစဉ်ထားတယ်။ နေရာကတော့ ရွေးချယ် နေပါတယ်။ သူတို့ ကိုယ်တိုင် လာရောက် လေ့လာပြီးမှ ရွေးချယ် တပ်ဆင် ပေးသွားမယ်လို့ သိရပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

ငလျင်၏ သဘောတရား အရ ငလျင်လှုပ်မည်၊ မလှုပ်မည်ကို ကြိုတင်ခန့်မှန်း ၍မရဘဲ ငလျင်လှုပ် ပြီးမှသာ ပြင်းအားနှင့် အကွာအဝေး စသည့် အချက်အလက် များကို တိုင်းတာခြင်း ဖြစ်ရာ အမေရိကန်နိုင်ငံမှ ပေးအပ်မည့် ငလျင်တိုင်းတာ စက်များ ရောက်ရှိ လာပါက သတင်း အချက်လက်များ ပိုမိုတိကျ မှန်ကန်စွာ ရရှိနိုင်ပြီး အကွာအဝေး တိကျစွာ တိုင်းတာ နိုင်မည် ဖြစ်သည်။

ငလျင်တိုင်းတာစက် တပ်ဆင်ရန် မြန်မာနိုင်ငံမှ ပညာရှင်များက လေ့လာမှုများ ပြုလုပ်လျက်ရှိပြီး တပ်ဆင်ရမည့် နေရာများ ကိုလည်း အဆိုပြု ထားပြီး ဖြစ်ကြောင်း သိရသည်။ ယခုလက်ရှိ တိုင်းတာလျက် ရှိသော ငလျင် တိုင်းတာစက်များ သည် ပင်လယ်ပြင်၌ ဖြစ်ပေါ်သော ငလျင်များကို တိုင်းတာ၍ ရသော်လည်း အင်အား၊ အကွာအဝေး တွက်ချက်မှုများ နှင့်ပတ်သက်၍ လိုအပ်ချက်များ ရှိနေသေးရာ ယင်းစက်များ ရောက်ရှိ လာပါက အချက်အလက် မှန်ကန်စွာ တွက်ချက် နိုင်မည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၃ ရက်အထိ မြန်မာပြည်တွင်း ဗဟိုပြု၍ ငလျင်အကြိမ် ၄ဝ လှုပ်ခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန် ထားသော စာရင်းများအရ သိရသည်။ ယခုအချိန် အထိ ပင်လယ်ပြင်၌ လှုပ်ခတ်ခဲ့ ဖူးသော ငလျင်များ ထဲတွင် ပြင်းအား အများဆုံးမှာ အင်အား ရစ်ခ်ျတာ စကေး ၅ ဒသမ ၈ ရှိပြီး အများစုမှာ ပြင်းအား ရစ်ခ်ျတာ စကေး ၄ နှင့် ၅ ကြားတွင် လှုပ်ခတ် ခဲ့ကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger