www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 12, 2014

အခွင့်အရေး နှင့် အခွင့်အလမ်း


အခွင့်အရေး နှင့် အခွင့်အလမ်း

လူတိုင်းလူတိုင်း ၌ တူညီသော အခွင့်အရေး ရှိသည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် ထို အခွင့်အရေးကို ရအောင် ယူတတ်သူက နည်းသည်။ ထို့ကြောင့် ထို အခွင့်အရေးကို ဆုံးရှုံးကြ ရသည်။ အခွင့်အရေးကို အမိအရ အသုံးချ တတ်သူများသည် ကြီးပွားတိုးတက် ကြသည်။ သို့သော် လူတိုင်း အခွင့်အရေး ကို သတိမမူ ကြဘဲ ဘာသိဘာသာ နေထိုင်၍ ဘဝကို ကုန်ဆုံးသွားတတ် ကြသည်။

အခွင့်အရေးကို အခွင့်အရေးမှန်း မသိ၍ အခွင့်အရေး ကောင်းကို လွဲချော် သွားကြသူက များသည်။ အခွင့်အရေး ဟူသည် အိမ်တံခါးဝ လာ၍ တံခါးခေါက်ပြီး အသိပေးသူ မဟုတ်။ အခွင့်အရေး ကို လူတိုင်း သိနိုင်သည်လည်း မဟုတ်ပေ။ သို့သော် အခွင့်အရေးကို လူတိုင်း သိအောင် ကြိုးစား၍ အသုံးချ နိုင်သည်။ အခွင့်အရေးကို အခွင့်အရေးမှန်း သိသော်လည်း မှန်ကန်စွာ အသုံးမချ နိုင်ပါက တိုးတက် ကြီးပွားမှုကို မရနိုင်ပေ။ မှန်ကန်စွာ အသုံးချ တတ်ပါမှ တိုးတက် ကြီးပွား နိုင်သည်။

ဘောလုံး ကစားသောတိုက်စစ်မှူးသည် လျှပ်တစ်ပြက် ရလိုက်သော အခွင့်အရေး ကောင်းကို အမိအရ အသုံးချ၍ မှန်ကန်စွာ ဂိုးသွင်းနိုင်မှ သာ ဂိုးကိုရရှိ သကဲ့သို့ဖြစ်သည်။ သတင်းသမား သည် သတင်းတစ်ပုဒ် ကိုရေးရန် အခွင့်အရေး ကောင်း ရရှိချိန်၌ အမိအရ အသုံးချ၍ မှန်ကန်သော ဆုံးဖြတ်ချက် နှင့်ရေးမှ သတင်းကောင်း တစ်ပုဒ်ကို ရရှိနိုင်သည်။

လျင်မြန်သော ဆုံးဖြတ်ချက်၊ လျင်မြန်သော လှုပ်ရှားမှုကို အသုံးပြု၍ အခွင့်အရေး ကို မှန်ကန်စွာ အသုံးပြုသူ တို့သည် မိမိတို့ အသက်မွေးရာ အလုပ်အကိုင် အခွင့်အလမ်း များကို ရယူ၍ ဘဝ၌ အောင်မြင်မှုကို ရရှိသွား ကြသည်။ အောင်မြင်သူ ဖြစ်ရန်မှာ ဗေဒင်မေး၍ လုပ်ယူရသော ကိစ္စမဟုတ်ပေ။

အခွင့်အရေး ဆိုသည်မှာလည်း ထိုနည်း လည်းကောင်းပင် ဖြစ်သည်။ လျှပ်တစ်ပြက် ရရှိလိုက်သော အသိတစ်ခုကို အမိအရ စွဲကိုင် အသုံးချ တတ်မည် ဆိုလျှင် ဂိုးတည်း ဟူသော အခွင့်အလမ်း ကောင်းကို ရရှိ၍ အောင်မြင်မည် ဖြစ်သည်။ အလုပ်တစ်ခုကို လုပ်ရန်အတွက် မိမိ၌ အကျိုးရှိခြင်း၊ မရှိခြင်းကို အချိန်ဆွဲ စဉ်းစား နေလိုက်၍ အခွင့်အရေး ကောင်းတစ်ခု လက်လွတ်ဆုံးရှုံး သွားနိုင်သည်။

သို့သော် အလုပ်တိုင်းကို ဆင်ကန်း တောတိုး လုပ်ရမည်ဟု မဆိုလိုပါ။ စဉ်းစားဆင်ခြင် လုပ်ကိုင်ခြင်းသည် အရေးကြီး၏ ပေါ်ပေါက် လာသော အခွင့်အရေး တစ်ခုကို မှန်ကန် မြန်ဆန်စွာ လုပ်ကိုင် ခြင်းဖြင့် အောင်မြင် ကြီးပွား ချမ်းသာ နိုင်ခြင်းကို ဆိုလိုသည်။ အလုပ်ကို ဖင့်နွှဲစွာ လုပ်ကိုင်ခြင်း၊ တွေဝေ နေခြင်းမျိုး မဖြစ်စေရန် ဆိုလိုခြင်း ဖြစ်သည်။

လောက၌ အခွင့်အရေး ကောင်းကို အမိအရ အသုံးချ တတ်သူတို့ ကြီးပွား တိုးတက်သည်။ မည်သည့် အလုပ်ကို လုပ်သည် ဖြစ်စေ အခွင့်အရေးကို သိတတ်ရန် လိုသည်။ သိသည့်အတိုင်း လျင်မြန်စွာ စဉ်းစား လုပ်ကိုင်သွားရန် လိုအပ်သည်။ သို့ဖြစ်ရာ မိမိဘဝ တိုးတက် အောင်မြင် ကြီးပွားရန် အခွင့်အရေး ကောင်းကို သိရှိကာ အလုပ်ကို လျင်မြန်စွာ လုပ်ကိုင်၍ အခွင့်အလမ်း ကောင်းကို ရယူကြ ရမည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger