www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 6, 2014

တန်ဆောင်တိုင်ည ၏ အလှအပ ပံ့သကူပစ်ပွဲ


တန်ဆောင်တိုင်ည ၏ အလှအပ ပံ့သကူပစ်ပွဲ

ယနေ့သည် တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်သည်။ တန်ဆောင်မုန်း လပြည့်ညသည် ကုသိုလ် ကောင်းမှုများ ထုံမွမ်းနေသည့် မွေ့လျော်ဖွယ် ညတစ်ည ဖြစ်သည်။ လောကဓာတ် တစ်ခွင်လုံး အေးမြ ကြည်လင်လျက် ရှိပြီး ပျော်ပွဲရွှင်ပွဲ များနှင့် ပျော်စရာ ကောင်းသောည ဖြစ်သည်။ တန်ဆောင်မုန်း လပြည့်ညတွင် တန်ဆောင်တိုင် မီးထွန်းပွဲ၊ မသိုးသင်္ကန်း ရက်လုပ် လှူဒါန်းပွဲ၊ သာမညဖလ သုတ်တော် ဟောကြား တော်မူသည့်ပွဲ၊ မဲဇလီဖူးသုပ် ဝေငှသောပွဲ၊ ပံ့သကူပစ်ပွဲ စသည်တို့ဖြင့် ကြည်နူးဖွယ် ကောင်းသည့်ည ဖြစ်သည်။

ထိုပွဲများ အနက် ပံ့သကူပွဲသည် အလှူဒါန ကုသိုလ်ပြုသည့် ပွဲဖြစ်ပြီး ပျော်စရာ၊ ရင်ခုန်စရာ ကောင်းသည့်ပွဲ ဖြစ်သည်။ ရဟန်းတော်များ၊ သီလရှင် များက အလှူပစ္စည်း များကို ပံ့သကူ စာတန်းထိုး၍ ကျောင်း၊ ဘုရား၊ စေတီ၊ ဇရပ်များအနီး မြေပေါ်တွင် ထား၍ တွေ့သူတို့ အသုံးပြုနိုင်ရန် တန်ဆောင်မုန်း လပြည့်ည တွင် ပံ့သကူ ပစ်ကြသည်။

ထို့အတူ လူတို့ကလည်း မိမိတို့အိမ်ရှေ့ မျက်နှာစာ လမ်းများပေါ်တွင် ရွှေငွေစည်းစိမ် ပေါကြွယ်ဝ လိုသော အတိတ်နိမိတ်ဖြင့် လာဘ်ကောင်း စေရန် လူခြေတိတ်ချိန်၌ ပိုက်ဆံများ၊ ပစ္စည်းများကို ပံ့သကူပစ် ကြသည်။ ပံ့သကူပစ် ခြင်းသည် လှူခြင်းတစ်မျိုး ဖြစ်သည်။ ထိုသို့ ပံ့သကူ ပစ်ခြင်းကြောင့် ငွေအစုလိုက် အပြုံလိုက် ရရှိတတ်သည်။ ထီပေါက် တတ်သည်ဟု လည်း ယုံကြည် ကြသည့် အလေ့အထ တစ်ခုလည်း ဖြစ်သည်။

ပံ့သကူပွဲသည် ကုသိုလ်ပွဲ တစ်ခု ဖြစ်သကဲ့သို့ ရိုးရာ အစဉ်အလာ ပွဲလည်း ဖြစ်သည်။ ဤ ပံ့သကူ ပစ်သည့် ရိုးရာ အစဉ်အလာသည် တဖြည်းဖြည်း အတွေ့ရ နည်းလာပြီး တိမ်ကော လာသည့် အခြေအနေသို့ ရောက်နေပြီ ဖြစ်သည်။ ဤ ပံ့သကူ ပစ်သည့် ဓလေ့စဉ်လာ သည် မြန်မာတို့၏ ရက်ရောသည့် သဘော၊ အများကို ကိုယ်နှင့်အတူ ခံစား စေလိုသည့် သဘော၊ ပျော်ရွှင် စေလိုသည့် သဘောကို ထင်ရှားစေသော ဓလေ့ ဖြစ်သည်။

ယခုအခါ ပံ့သကူပစ်သည့် အလေ့အထ နည်းပါး လာသည့် အတွက် လူငယ်များ အကြားတွင် ပံ့သကူပစ်သည် ဆိုသည့် ဝေါဟာရကို မသိကြသူ များပြားလျက် ရှိနေသည်။ ဤသို့ဖြင့် မြန်မာ့ စိတ်ရင်း စေတနာကို ဖော်ပြသည့် တန်ဖိုးကြီးသည့် အလေ့တစ်ခု တိမ်ကော ပပျောက် သွားခြင်းမျိုး မဖြစ်သင့်ပေ။ မိမိ ပစ်လိုက်သည့် ပံ့သကူ ပစ္စည်းသည် တန်ဖိုး မကြီးမား သော်လည်း ပံ့သကူ ပစ္စည်း ရရှိသူ အနေဖြင့် ပျော်ရွှင်မှုကို ဖြစ်စေသည်။ အပျော် မျှဝေခံစား သည့် အလေ့တစ်ခု ဖြစ်သည်။ သို့ဖြစ်၍ ကုသိုလ် လည်းဖြစ်စေ၊ ရိုးရာ အစဉ်အလာ ကို ထိန်းသိမ်းရာ ရောက်သည့် ပံ့သကူပစ် သည့် အလေ့အထကို အခြားပွဲများ အကြား၌ တိမ်မြုပ် ပျောက်ကွယ် မသွားရန် သတိပြုသင့် ပေသည်။

သို့ဖြစ်ရာ ကုသိုလ် ကောင်းမှု၊ ပျော်ရွှင်မှု တို့ဖြင့် ထုံမွမ်းထားသည့် တန်ဆောင်မုန်း လပြည့်ည၏ အလှအပကို ပိုမို ပြည့်စုံစေရန် ကုသိုလ် လည်းရ၊ ပျော်ရွှင်မှု ကိုလည်း ဖြစ်စေသည့် မြန်မာ့စိတ်ရင်း အလှကို ဖော်ပြသည့် ပံ့သကူ ပစ်ပွဲကိုလည်း ဆင်နွှဲရန် မမေ့စေရေး အသိပေး ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger