www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 24, 2014

အတွေး ၊ အမြင် နှင့် အတွေ့


အတွေး ၊ အမြင် နှင့် အတွေ့ 

မဒါလေး

လူကြီးနှင့်လူငယ် အတွေးအခေါ် အပြောအဆို မတူညီသော ယနေ့ အချိန်အခါတွင် နေရာတစ်ခုမှာ စကားပြော လာတော့သည်။ လူကြီး အတွေးမှာ လေးနက်သည်၊ တည်ငြိမ်သည်၊ နှောင့်နှေးသည်။ လူငယ် အတွေးမှာ ပွင့်လင်းသည်၊ ပြတ်သားသည်၊ မြန်ဆန်သည်။ တည်ငြိမ်မှု ကြောင့် စကားအရာ မြောက်သည်။ လေးနက်မှု ကြောင့် လိုက်နာနိုင်စွမ်း ရှိသည်။ သို့သော် ခေတ်အမြင် နှင့် ကွဲပြားသော အချို့အရာ များမှာ လုပ်ငန်းကိစ္စ ကို နှောင့်နှေး စေသည်။ လူငယ်များ ဘက်မှ ကြည့်လျှင် ပွင့်လင်းမှုကြောင့် လူအများ နားလည် လက်ခံ လွယ်သည်။ ပြတ်သားမှုကြောင့် တစ်ခါတစ်ရံ ဆုံးရှုံးမှုများ ရှိတတ် သော်လည်း မြန်မြန်ဆန်ဆန် ဆောင်ရွက်ခြင်း ကြောင့် မှားလျှင် ပြင်နိုင်စွမ်း တော့ ရှိသည်။

လူငယ်များ ဦးဆောင် နေချိန်တွင် လူကြီးများမှာ နောက်မှ ဝိုင်းဝန်း ထိန်းသိမ်း ပေးရန်သာ လိုအပ်သည်။ ထိန်းသိမ်းသည် ဆိုရာဝယ် အပြစ်တင် လိုက်ပြော နေခြင်းမျိုး မဟုတ်ဘဲ အကျိုးသင့် အကြောင်းသင့် တည့်မတ် ပေးခြင်းမျိုး ဖြစ်သည်။ လူကြီးက လူကြီးအမြင် အတွေ့အကြုံ နှင့် ပြောပါ လိမ့်မည်။ လူကြီးများ တွေ့ကြုံ ခဲ့ရသည် များကို ယနေ့ လူငယ်များ တွေ့ကြုံရန် ဆိုသည်မှာ မသေချာပါ။ အချို့အရာ များမှာ တွေ့ကြုံ မည်လည်း မဟုတ်ပါ။ ခေတ်စနစ်တို့ ပြောင်းလဲခြင်း နှင့်အတူ တွေ့ကြုံ ရမည့် အတွေ့အကြုံ များလည်း မတူနိုင်ပါ။ ယခင်က တစ်ကျပ်ရလျှင် ငါးမူး စုနိုင်သော အတွေ့အကြုံ နှင့်စနစ်မှာ ယနေ့ တစ်သိန်းရလျှင် တစ်သောင်း စုရန် ခက်ခဲသော ဘဝကို လက်တွေ့ကျကျ ဖြတ်သန်း နေရသော လူငယ်များ၏ နားတွင် ဆုံးမသည် နှင့်မတူဘဲ ခါးသီးလွန်း လှသည်။ ခံစားရခက် လှသည်။ လက်တွေ့နှင့် မတိုက်ဆိုင်သော ဥပမာများကို လက်ခံရန် လူငယ်တို့ ရင်ထဲကို ဝင်ကြည့် သင့်သည်။

လူငယ်မှာလည်း လူငယ်အတွေး၊ လူငယ်အမြင် ရှိပါသည်။ လူကြီးများ၏ ကြိုတွေးအမြင် များဖြင့် လူငယ်တို့၏ လမ်းများကို မပိတ်ဆို့၊ မတားဆီး သင့်ဟု မြင်မိသည်။ အင်္ဂလိပ် စကားပြော သင်တန်း ဆိုသည်မှာ ယနေ့ခေတ် လူငယ်များ မဖြစ်မနေ တက်ရမည့် သင်တန်းတစ်ခု ဖြစ်လာသည်။ ကွန်ပျူတာ မတတ်လျှင် ခေတ်နောက်ကျ သည်ဟု သုံးနှုန်း လာကြသည်။ ခေတ်နောက် မကျသည့် တိုင်အောင် လုပ်ငန်းခွင် ဝင်သော အခါတွင် အရာရာ နောက်ကျသည် ကတော့ သေချာသည်။ သူများစက်ဖြင့် လုပ်ကိုင် နေချိန်တွင် မိမိမှာ လက်ဖြင့် ရေးမှတ် နေရသည်။ သူများ တစ်မိနစ်ကို စာလုံး လေးငါးဆယ် ရိုက်နေချိန်တွင် မိမိမှာ စက်ကို ဘယ်နေရာက ဖွင့်ရမည်မသိ ဖြစ်နေတတ်သည်။ စသည် စသည်ဖြင့် အမျိုးမျိုး ကြုံတွေ့ နေရသည့် လူငယ်များ မှာလည်း ယနေ့အထိ မနည်းပေ။ ယနေ့ လူငယ်များမှာ ယခင်က လူငယ်များထက် ပိုပင်ပန်း ကြသည်။ ကျောင်းနေချိန် အရွယ် ဆိုလျှင်လည်း ကျောင်းနေချိန်မို့ သူ့ထက်ငါ အပြေးအလွှား ကြိုးစားကြ ရသည်။ ကျောင်းပြီးချိန် ဆိုလျှင်လည်း လုပ်ငန်းခွင် ဝင်ရန်အတွက် အမျိုးမျိုး လှုပ်ရှား ပြေးလွှား နေကြရသည်။ ဘွဲ့တစ်ခု ရရုံနှင့် မလုံလောက် တော့သော ယနေ့ အခြေအနေ တွင် ပြင်ပ ဗဟုသုတ မျိုးစုံကိုလည်း အဘက်ဘက်မှ လေ့လာ လိုက်စားကြ ရသည်။ ထိုသို့ လေ့လာထား သည်များကို ပြန်လည် အသုံးချရလျှင် တော်သေးသည်။ ခုတ်ရာတခြား ရှရာတခြား ဖြင့် သင်ယူထား သည်နှင့် ပြန်အသုံးချမှု မကိုက်ညီသော အခါတွင် လူငယ်ပီပီ စိတ်ဓာတ်တွေ ပြန့်ကျဲသွားကြ ပြန်သည်။

အကြောင်း အမျိုးမျိုးကြောင့် အကြိမ်ကြိမ် ပြန့်ကျဲနေသော စိတ်ဓာတ်များကို တစ်စစီ ကောက်ယူပြီး စုစည်း နေရချိန် များတွင် လူကြီးများ အနေဖြင့် စိတ်ဓာတ်ခွန်အား အပြည့်အဝ ပေးသင့်သည်။ မိမိတို့ ကြိုးစားခဲ့ ရသည်ထက် ယနေ့ လူငယ်များ ပိုမိုကြိုးစား နေကြသည်ကို နားလည် ပေးသင့်သည်။ နားလည် ပေးနိုင်ရန် လည်း လူကြီးများ ဘက်မှ ကြိုးစားသင့်သည်။ လုပ်ငန်းခွင် တော်တော် များများတွင် ငါလူကြီး ဟူသော အတွေးနှင့် အပြောများ၊ ငါတို့တုန်းက ဒီလိုမဟုတ် ဘူး ဆိုသော စကား အသုံးအနှုန်း များ၊ ငါတို့လောက် မလုပ်နိုင်ဘူး ဟူသော အပြောအဆို များ မပြောသင့်ပါ။ ယခင် အချိန်က ကုန်တိုက် တစ်ခုနှစ်ခု နှင့် စတိုးဆိုင် လေးငါးခု ရှိသော နေရာများတွင် ယခု မရေမတွက် နိုင်သော ဆိုင်များ ပေါ်ပေါက်လာသည်။ ရောင်းသူလည်း တစ်သောင်းမက သလို ဝယ်သူမှာလည်း တစ်သိန်းမက တော့ပေ။

အပြိုင်အဆိုင် ဈေးကွက်စနစ် နှင့် ယှဉ်ပြိုင်မှုများ ကြားတွင် သူ့ထက်ငါ တစ်လှမ်းသာအောင် ကြိုးစား နေကြရသော လူငယ်များကို အကူအညီ မပေးနိုင် သည့်တိုင် ကောင်းမွန်သော လမ်းညွန်မှုများ ပေးနိုင်အောင် ကြိုးစားသင့်သည်။ ယခင် ရေတစ်ခွက် ကို အပန်းမကြီး၊ တန်ဖိုး မကြီးဘဲ သောက်ခဲ့ ရချိန်တွင် ယခု ရေသန့် တစ်ဘူးကို ဈေးကြီးကြီး ပေး ဝယ်သောက် ရသည့်အချိန် ခံစားချက်ချင်း နှိုင်းယှဉ်ကြည့် မည်ဆိုလျှင်ပဲ လူငယ်များကို စာနာ နိုင်ပါလိမ့်မည်။ ရေသန့်စက်တွေ လေသန့်စက်တွေ ပေါ်လာတုန်းက ငြင်းဆိုခဲ့သည့် တချို့တချို့ သော လူကြီးများ ယနေ့ ကိုယ်တိုင် လက်ခံကျင့်သုံး နေရသည်ကို ပြန်စဉ်းစား ကြည့်မည် ဆိုလျှင် ပင် လူကြီး တစ်ယောက် အနေဖြင့် လူငယ်များနှင့် လူငယ်များ၏ ကြိုးစား ရုန်းကန်မှု အပေါ် နားလည် နိုင်မည်မှာ အမှန်ပင် ဖြစ်သည်။ ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုပေမယ့် ယနေ့ လူကြီးများ ကတော့ အသက်အရွယ် ကြီးသည့်တိုင် ငယ်မြဲ ငယ်နေဆဲ ဖြစ်သည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger