www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 20, 2014

မြန်မာ့ယဉ်ကျေးမှုနှင့်အညီ ဝတ်စားဆင်ယင်ကြပါစို့


မြန်မာ့ယဉ်ကျေးမှုနှင့်အညီ ဝတ်စားဆင်ယင်ကြပါစို့

အောင်ဝင်း (ဖျာပုံ)

သီတင်းဝါလ ကျွတ်ပြီး ပွင့်လင်းရာသီ ရောက်သည်နှင့် မြို့ပြနှင့် ကျေးလက်မကျန် ဗုဒ္ဓပူဇနိယ ပွဲတော်များ၊ အလှူမင်္ဂလာ ပွဲများနှင့် ပျော်ပွဲရွှင်ပွဲ များက နယ်မြေဒေသ ယဉ်ကျေးမှုများ နှင့်အညီ စည်ကား သိုက်မြိုက်စွာ ဆင်ယင် ကျင်းပလျက် ရှိနေကြသည်။

အလှူရေစက် လက်နှင့်မကွာ၊ သဒ္ဓါမချို့သည့် မြန်မာတို့၏ စိတ်ဓာတ်များကား ဘာသာသာသနာ နှင့် ယဉ်ကျေးမှု ထုံးဓလေ့ တို့ကို အလှူဒါန ပြုခြင်းတို့ဖြင့် ထိန်းသိမ်း စောင့်ရှောက်ကြ ရပေမည်။ မြန်မာ့ ယဉ်ကျေးမှုသည် မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့် ဘာသာတရား အပေါ် သက်ဝင်ယုံကြည် မှုဖြင့် ထိန်းကျောင်း ထားသည်။ ဘာသာအယူဝါဒသည် လူတို့ကိုယဉ်ကျေးသိမ်မွေ့အောင် ဆုံးမရာတွင် စွမ်းအား မြင့်မားသော အင်အားတစ်ရပ် ဖြစ်သည်။ ယဉ်ကျေးမှု ဆိုသည်မှာ လူမျိုးတစ်မျိုး၏ မျိုးရိုး ဂုဏ်သိက္ခာ မပျောက်ပျက် စေရေးအတွက် ထိန်းသိမ်း စောင့်ရှောက်ရသော အခြေခံ အုတ်မြစ် ဖြစ်သကဲ့သို့ စာရိတ္တ ဆိုသည်မှာလည်း ထိုလူမျိုး တစ်မျိုး၏ အသက်ဝိညာဉ် သဖွယ် ဖြစ်သည်။

နည်းပညာရပ်များ တိုးတက် လာမှုကြောင့် မြန်မာ့ ယဉ်ကျေးမှုနှင့် မသင့်လျော်သည့် လူမျိုးတစ်မျိုး နှင့် နိုင်ငံတစ်နိုင်ငံ ၏ ယဉ်ကျေးမှုနှင့် ထုံးဓလေ့ တို့ကို တံတိုင်း ကာစည်း တားလျက် ခုခံတားဆီး၍ မရပေ။ တစ်ဦးချင်းစီ၏ အမျိုးကို ချစ်တတ်သည့် စိတ်ဓာတ်ဖြင့်သာ ထိန်းသိမ်း စောင့်ရှောက် ရမည်ဖြစ်သည်။

အထူးသဖြင့် မျက်မှောက်ကာလ ဆယ်ကျော်သက် အမျိုးသမီးငယ် တို့၏ ဝတ်စား ဆင်ယင်မှုတို့ကို ဝိုင်းဝန်းထိန်းသိမ်း ပြုပြင်ပေးရန် လိုအပ်သည်။ မီဒီယာများနှင့် ရုပ်သံလိုင်း တို့မှ သရုပ်ဆောင် တို့၏ ဝတ်စား ဆင်ယင်မှုတို့ကို အတုယူကာ နည်းနည်း ဖော်ရာမှ များများဖော်လာ ကြသည်။ ထို့ထက် ဆိုးသည်ကား ရှေ့က လည်ဟိုက် ရင်ပြောင်၊ နောက်က ကျောပြောင် တို့သည်ကား မြန်မာ့ ယဉ်ကျေးမှုနှင့် လုံးဝ ဆန့်ကျင် နေပေသည်။ ထိုသို့ ဝတ်စားဆင်ယင် သည်မှာ အသက်အရွယ် အပိုင်းအခြား နှင့် အချိန်ကာလ တစ်ခု အနေဖြင့် ကြည့်ကောင်း မြင်ကောင်း သည်ဟု အချို့ ထင်မှတ်မှား နေသူတွေလည်း ရှိသည်။ အလေးအနက် စဉ်းစားကြည့်က အမျိုးသမီးငယ် တို့၏ အဝတ်အစား နှင့် အသွားအလာ မဆင်ခြင်မှု အပေါ် မိမိဘဝနှင့် အချို့လူငယ် တို့ဘဝပင် ပျက်သုဉ်း နိုင်ကြောင်း '' လော်လီခြင်း ငါးပါး '' ဖြင့် ရှေးပညာရှိတို့ ဆုံးမ ခဲ့သည်ကို သတိရ ဆင်ခြင် လိုက်နာရန် လိုအပ်သည်။

မြန်မာမှု နယ်ပယ်တွင် လူမှာအဝတ်၊ တောင်းမှာအကွပ် ဆိုသည့်အတိုင်း သူ့နေရာ နှင့်သူ စည်းကမ်းရှိရှိ ဝတ်ဆင်ရန် လိုအပ်ပေသည်။ ဘုရားသွား ကျောင်းတက်လျှင်၊ အိမ်မှာနေလျှင်၊ သာရေးနာရေး နှင့် အပြင်သို့ သွားလိုလျှင်၊ လုပ်ငန်းခွင် ဝင်လျှင် သူ့နေရာ နှင့်သူ မောင်နှင့် အစ်မ၊ သားနှင့်အမိ ကြည့်ကောင်း မြင်ကောင်းပြီး ရိုးရိုးနှင့် ယဉ်ယဉ် ဝတ်စား ဆင်ယင်ကြ ရမည် ဖြစ်သည်။ နှစ်စဉ် ကျင်းပလျက် ရှိသည့် မြန်မာ အမျိုးသမီးများနေ့ ဝတ်စား ဆင်ယင်မှု ပြိုင်ပွဲဝင် အမျိုးသမီးငယ် တို့၏ ဝတ်ဆင်မှုကို စံထား အတုယူ၍ မြန်မာ့ ယဉ်ကျေးမှုကို ထိန်းသိမ်း ပြုပြင်သွားရန် လိုအပ်လှ ပေသည်။

ခေတ်မီမှ အရာဝင် ကောင်းသည်ဟု ဆိုသော်လည်း ခေတ်မီအောင် ပြုပြင်ရာတွင် မြန်မာ့ ယဉ်ကျေးမှု ဝတ်စား ဆင်ယင်မှုနှင့် လိုက်လျော ညီထွေ ဖြစ်သင့်သည်။ မျက်မှောက် ကာလ စားသောက်ဖွယ်ရာ တို့တွင် ဓာတု ပစ္စည်းများ ပါဝင်ခြင်းကြောင့် ရောဂါ အမျိုးမျိုး ရနေကြသည်။ အမျိုးသမီးငယ် တို့ လှပဖို့အရေး မျက်နှာနှင့် ခေါင်းတို့ ကာလာစုံ ခြယ်သ ပြုပြင်ကြ ရာတွင်လည်း ဓာတုပစ္စည်း တို့ဖြင့် ဖော်စပ် ထားသည့် ဆေးများ ဖြစ်နေ၍ သုံးပါများပြီး ကာလ ကြာမြင့် လာပါက မျက်နှာနှင့် ခေါင်းတို့တွင် ခန့်မှန်းရ ခက်သည့် ရောဂါများ ဖြစ်ပေါ် လာနိုင်သည်။

ရှေးလူကြီးတို့က ခေါင်းမှာ တရော် ကင်ပွန်း၊ ပါးမှာ သနပ်ခါး ရေကျဲ သုံးစွဲခြင်းသည် ကျန်းမာရေး အထောက် အကူ ဖြစ်ကြောင်း ပြောဆိုဆုံးမ ခဲ့သည်ကို မှတ်သား ခဲ့ရသည်။

အချုပ် ဆိုရသော် ဆင်လို့ လှတာသည် အချိန်နေရာ ကာလတစ်ခု အတွက်သာ ဖြစ်သည်။ ယဉ်လို့ လှတာသည် မိမိဘဝ တစ်သက်တာ အတွက် ဖြစ်ရုံ သာမက မိမိလူမျိုး၊ မိမိနိုင်ငံ ၏ ရိုးရာ ယဉ်ကျေးမှု တို့ကို ကာကွယ် ထိန်းသိမ်း စောင့်ရှောက်ရာ ရောက်ကြောင်း နှင့် မြန်မာ အမျိုးသမီးငယ် တို့အား မြန်မာ့ ယဉ်ကျေးမှုနှင့် အညီ ဝတ်စား ဆင်ယင် ကြဖို့ အသိပေး တိုက်တွန်း ရေးသား လိုက်ရ ပါသည်။ ။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger