www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 18, 2014

လွယ်မယောင်နှင့်ခက် တိမ်မယောင်နှင့် နက်သည့် သာဓကများ


လွယ်မယောင်နှင့်ခက် တိမ်မယောင်နှင့် နက်သည့် သာဓကများ

ကိုလိုနီခေတ် မြန်မာစာပေ (ခရစ်နှစ် ၁၈၂၆ မှ ၁၉၂ဝ) သမိုင်းပြုစုသူ ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) ၏ လေ့လာ တွေ့ရှိချက်များ အရ မြန်မာ သက္ကရာဇ် ၁၂၅၇ ခုနှစ်တွင် သာသနာတော် ကျမ်းနှင့် လောကီကျမ်း တို့၌ ပါသော အဓိပ္ပာယတ္ထ များကို ဆွေးနွေး ဖြေဆိုသော ဗဟုသုတ အစည်းအဝေး တစ်ခု ကျင်းပခဲ့ရာ ထို အစည်းအဝေး တွင် စကားတစ်ချက် ကို ခုနှစ်ရက် ဖြေရှင်းရသည် အထိ ရှိခဲ့ကြောင်း ဖော်ပြထားသည်။ ဝေါဟာရ စကားလုံးတို့၏ အဓိပ္ပာယ်သည် လွယ်မယောင်နှင့် ခက်၍ တိမ်မယောင်နှင့် နက်သည့် သာဓကများစွာ ရှိခဲ့ကြသည်။

၁၉၅၄ ခုနှစ် မတ် ၁၂ ရက်တွင် ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပစဉ် ဝါးခယ်မ မဲဆန္ဒနယ်မှ အတိုက်အခံ အမတ် ဗိုလ်မြသွေး က အဆိုတစ်ရပ် တင်သွင်းခဲ့ သည်မှာ ပြည်ထောင်စု နယ်မြေ အတွင်းသို့ ကျူးကျော် ဝင်ရောက်နေသော တရုတ်ဖြူ များအား ၁၉၅၄ ခုနှစ် ဖေဖော်ဝါရီလ မှစ၍ ဗမာ့ တပ်မတော်က တိုက်ထုတ် နေခြင်းကို ဤ လွှတ်တော်က ကျေးဇူးဥပကာရ တင်ရှိကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သည့် အပြင် တပ်မတော် သားများ ၌ ဘေးမသီ ရန်မခဘဲ အောင်မြင်စွာ တိုက်ထုတ်နိုင်ကြ စေရန် ဤ လွှတ်တော်က ဆုတောင်း ပတ္ထနာ ပြုပါကြောင်း အဆို တင်သွင်းပြီး တရုတ်ဖြူဟာ သာမန်အားဖြင့် ကြည့်လျှင် ချန်ကေရှိတ် နှင့် လီမီ ရဲ့တပ်လို့ မြင်ပါတယ်။ တကယ်တမ်း သေသေချာချာ တွက်ကြည့်လျှင် ကမ္ဘာ့နယ်ချဲ့ လက်ဝါးကြီးအုပ် အရင်းရှင်နိုင်ငံ တစ်နိုင်ငံရဲ့ အာရှ သိမ်းပိုက်ရေး တပ်ဦးကြီးလို့ မြင်ရပါတယ်ဟု ရှင်းလင်း ပြောကြားသည်။

လွှတ်တော်သို့ တင်သွင်းသော အဆိုကို ပါလီမန် လွှတ်တော် အမတ်များက အသီးသီး ထောက်ခံ ဆွေးနွေး ကြစဉ် ပြင်ဆင် ဖြည့်စွက်ချက်များ တင်သွင်း ခဲ့ကြရာမှ နောက်ဆုံးတွင် ပြည်ထောင်စု မြန်မာ နိုင်ငံတော် နယ်မြေ အတွင်းသို့ ကျူးကျော် ဝင်ရောက်နေသော တရုတ်ဖြူ များအား ၁၉၅ဝ ပြည့်နှစ် ဇန်နဝါရီလ မှစ၍ ဗမာ့တပ်မတော် က အင်တိုက်အားတိုက် တိုက်ထုတ် နေခြင်းကို ဤ လွှတ်တော်က ကျေးဇူးဥပကာရ တင်ရှိကာ ဝမ်းမြောက် ဝမ်းသာ ဖြစ်သည့်အပြင် ရန်သူများအား တိုက်ထုတ်ရာတွင် တပ်မတော်သား များ၌ ဘေးမသီ ရန်မခဘဲ အောင်မြင်စွာ တိုက်ထုတ် နိုင်ကြစေရန် ဤ လွှတ်တော်က ဆုတောင်းပတ္ထနာ ပြုပါကြောင်း ဟူသော အဆိုကို လွှတ်တော်က သဘောတူ သဖြင့် အတည် ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံ အတွင်းသို့ တရုတ်ဖြူ တပ်များ ကျူးကျော် ဝင်ရောက် နေသည့်ကိစ္စကို (၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ မြန်မာ ကိုယ်စားလှယ်က တင်ပြရာ၌ မြန်မာပြည် တွင်းရှိ တရုတ်ဖြူ စစ်တပ်ကို ကျူးကျော်သူ အဖြစ် သတ်မှတ် ရှုတ်ချရန်၊ ထိုသို့ ကျူးကျော်နေသော တရုတ်ဖြူများ မြန်မာ့မြေပေါ်မှ အမြန်ဆုံး ထွက်ခွာသွားရေး အတွက် အမြန်ဆုံး အရေးယူ ဆောင်ရွက် ပေးရန် အဆို တင်သွင်းခဲ့သည်။ မက္ကဆီကို နိုင်ငံမှ ကိုယ်စားလှယ် က တရုတ်ဖြူ ဟူသော စကားရပ် အစား နိုင်ငံခြားတပ်များ ဟု ပြင်ဆင်ချက် တင်သွင်း သည်ကို မြန်မာဘက်မှ လက်ခံသဖြင့် ၁၉၅၃ ခုနှစ် ဧပြီ ၂၃ ရက်တွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံက ဆုံးဖြတ်ချက် (၆) ရပ် ချမှတ်ခဲ့သည်။

အထွေထွေ ညီလာခံ၏ ဆုံးဖြတ်ချက် များမှာ မြန်မာ့ မြေပေါ်တွင် ကျူးကျော် နေသော နိုင်ငံခြား တပ်များအား ရှုတ်ချသည်။ အဆိုပါ တပ်များအား လက်နက် ရုပ်သိမ်း၍ အကျဉ်းချ ထားခြင်းခံ စေရန် သို့မဟုတ် မြန်မာပြည် အတွင်းမှ ချက်ချင်း ထွက်သွားရန် ကုလသမဂ္ဂ၏ စာချုပ်စည်းမျဉ်း နှင့်အညီ မြန်မာပြည်၏ ဂုဏ်သိက္ခာ နှင့် နိုင်ငံရေး လွတ်လပ်မှု တို့ကို လေးစားရန်၊ ဤ ဆိုးဝါးသော အခြေအနေ ပြီးဆုံးသွား စေရန်အတွက် အချို့သော နိုင်ငံများမှ ကိုယ်စားလှယ်များ စေ့စပ်လျက် ရှိသည့်အတိုင်း ကျူးကျော်သူ များထံမှ လက်နက်များ ချက်ချင်း ရုပ်သိမ်း၍ ချက်ချင်း ထွက်ခွာ သွားစေရန် သို့မဟုတ် အကျဉ်းချ ထားရန်၊ မြန်မာပြည်တွင်း မှ အဆိုပါ တပ်များကို အေးချမ်းစွာ ထုတ်ယူ သွားနိုင်ရန်၊ မြန်မာပြည် အစိုးရက တောင်းဆိုသော အကူအညီများ ကို တတ်နိုင်သမျှ ပေးရန်နှင့် အဆိုပါ တပ်များအား မြန်မာ့နယ်မြေ အတွင်းတွင် ဆက်လက် မနေနိုင်ရန် သို့မဟုတ် မြန်မာပြည်အား ဆက်လက် ရန်ပြုနိုင်မည့် မည်သည့် အကူအညီမျှ မပေးရန် (၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီး သို့ မြန်မာပြည် အစိုးရက အခြေအနေကို ထပ်မံတင်ပြရန် တို့ဖြစ်သည်။

မက္ကဆီကိုနိုင်ငံ မှ ကိုယ်စားလှယ် တင်သွင်းသော ပြင်ဆင်ချက်ကို မြန်မာတို့ လက်ခံခြင်းသည် ပြဿနာ အမြန် အဆုံးသတ်ရေး အတွက် သဘာဝ ကျသော်လည်း ယနေ့ ၂၁ ရာစု ကမ္ဘာ့နိုင်ငံရေး ရာသီဥတု ဆိုးဝါးသော အခြေအနေတွင် ဝေါဟာရ စကားလုံး သုံးနှုန်းကြရာ၌ အဓိပ္ပာယ် ပြည့်စုံ တည်ကြည် လေးနက်မှု ရှိပြီး ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီး၏ ပဋိညာဉ် စာတမ်းနှင့် အညီ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် အချုပ်အခြာ အာဏာတို့ကို လေးစားကြ ရမည်သာ ဖြစ်ပါကြောင်း။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger