www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, November 23, 2014

ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ တရားမ၀င် ပိုးသတ်ဆေးတင်သွင်းမှု နှစ်စဉ် မြင့်တက်နေပြီး အလွန်အကျွံ သုံးစွဲလာမှုကြောင့် ဂေဟစနစ် ထိခိုက်မှုဖြစ်ပေါ်



ရန်ကုန် ၊ ၂၃-၁၁-၂၀၁၄

ထိုင်းနှင့် တရုတ်နိုင်ငံ တို့မှ တရားမဝင် ပိုးသတ်ဆေး တင်သွင်းမှု နှစ်စဉ် မြင့်တက်နေပြီး အလွန်အကျွံ သုံးစွဲ လာမှုကြောင့် ဂေဟစနစ် ထိခိုက်မှု ဖြစ်ပေါ် နေကြောင်း လေ့လာသူများ နှင့် ကျွမ်းကျင်သူ များက ပြောသည်။

၂ဝ၁ဝ ပြည့်နှစ်က ပြည်ပမှ ပိုးသတ်ဆေး မက်ထရစ်တန်ချိန် တစ်သောင်း ခန့်သာ တင်သွင်းခဲ့ သော်လည်း လက်ရှိ အချိန်တွင် တန်ချိန်နှစ်ဆခန့် အထိ တင်သွင်းမှု ပြုနေကြောင်း သိရသည်။ တင်သွင်းမှု စုစုပေါင်း၏ ၁ဝ ရာခိုင်နှုန်း ကျော်မှာ အိမ်နီးချင်း ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ တရားမဝင် ဝင်ရောက်လာခြင်း ဖြစ်ပြီး ပြည်တွင်း ဈေးကွက်အတွင်း ဖြန့်ဖြူးလျက် ရှိသည့် ပိုးသတ်ဆေး မျိုးစိတ်ပေါင်း ၂ဝဝဝ ကျော်ခန့် ရှိသည်ဟု ကျွမ်းကျင်သူ များက ပြောသည်။

၂ဝ၁ဝ ပြည့်နှစ် နောက်ပိုင်း ငါးနှစ်တာ ကာလအတွင်း စိုက်ပျိုးရေး လုပ်ငန်းသုံး ပိုးသတ်ဆေး တင်သွင်းမှု နှစ်ဆခန့် မြင့်တက်လာပြီး တောင်သူများ အနေဖြင့် စနစ်ကျသည့် သုံးစွဲမှုများ မရှိဘဲ အလွန်အကျွံ သုံးစွဲလာကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ၊ သီးနှံ ကာကွယ်ရေးဌာန ပိုးသတ်ဆေးနှင့် ဓာတ်ခွဲခန်း ဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်ဝင်းက ပြောသည်။

ယင်းသို့ တရားမဝင် ဝင်ရောက် လာခဲ့သည့် အရည်အသွေးနိမ့် ပိုးသတ်ဆေး များကြောင့် စိုက်ခင်းများ အတွက် စိုးရိမ်ဖွယ် ဘေးထွက် ဆိုးကျိုး အန္တရာယ်များ ဖြစ်ပွားလျက်ရှိပြီး တရားဝင် မှတ်ပုံတင် ထားခြင်း မရှိသည့် ပိုးသတ်ဆေးများ ဖြန့်ဖြူးမှုကို ကြပ်မတ် သင့်သည်ဟု စိုက်ပျိုးရေး ပညာရှင် တစ်ဦးဖြစ်သူ ဦးထွန်းတင် က ပြောသည်။

တောင်သူများ အနေဖြင့် ပိုးသတ်ဆေး အသုံးပြုရာတွင် စနစ်ကျမှု မရှိခြင်း၊ တစ်ဆင့် စကားဖြင့် ပိုးသတ်ဆေးများ ရွေးချယ် အသုံးပြုခြင်း များကြောင့်လည်း အလွဲသုံး၊ အမှားသုံးများ အပြင် နှစ်အလိုက် သုံးစွဲမှု မြင့်တက်လာသည့် ပိုးသတ်ဆေး ပမာဏကြောင့် ရေရှည် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှု၏ ဂေဟစနစ် လည်ပတ်မှု ကိုလည်း ထိခိုက်နိုင်ပြီး မှန်ကန်သည့် ပိုးသတ်ဆေး သုံးစွဲမှု စနစ်ကို တောင်သူများ အကြား ကျယ်ပြန့်စွာ ပညာပေးရန် လိုအပ် လာကြောင်း သိရသည်။

တောင်သူများ အနေဖြင့် ပိုးသတ်ဆေး အသုံးပြုရာတွင် ဆေးရွေးချယ်မှု မှန်ကန်ရမည် ဖြစ်ပြီး လိုအပ်သည့် နှုန်းထား မျိုးစိတ် မှန်ကန်ခြင်း၊ မလိုအပ်ဘဲ ပိုးသတ်ဆေး အသုံးပြုမှု မရှိခြင်းနှင့် ချွတ်ယွင်းချက် ရှိသည့် ဆေးဖျန်း ကိရိယာများ သုံးစွဲခြင်းကို ရှောင်ကြဉ်ရမည် ဖြစ်ပြီး ပြည်တွင်းရှိ တောင်သူများ အနေဖြင့် အရည်အသွေးနိမ့် ဆေးဖျန်း ကိရိယာများ သုံးစွဲခြင်းကြောင့် မလိုအပ်သည့် ဘေးထွက် ဆိုးကျိုးများစွာ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။(၄၄၃)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger