www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, November 23, 2014

ဦးဆောင်နိုင်ဖို့စာဖတ်ပါ


ဦးဆောင်နိုင်ဖို့စာဖတ်ပါ

အောင်ဝင်း (ဖျာပုံ)

ရတောင့်ရခဲ လှသည့် လူ့ဘဝမှာ မိမိတို့ သက်ရှိထင်ရှား ရှိစဉ် ကာလအတွင်း မိမိ၏ မိသားစု၊ ပတ်ဝန်းကျင်၊ ရပ်ကျိုးရွာကျိုးမှ အစပြုပြီး နိုင်ငံ့အကျိုး ကို ရောက်သည့် နေရာ ကျရာကဏ္ဍမှ မိမိတို့ တတ်စွမ်းသမျှ သယ်ပိုး
ဆောင်ရွက် ပေးရန်မှာ လူတိုင်း၏ တာဝန်ဖြစ် ပါတယ်။

အများတကာ အလယ်တွင် ဦးဆောင် နိုင်ဖို့အတွက် " To lead, Read '' ဦးဆောင်နိုင်ဖို့ စာဖတ်ပါ '' စာဖတ်ရန် အထူး လိုအပ်ပါတယ်။ အတန်းပညာ သင်ယူ ပြီးမြောက်ခဲ့ သော်လည်း စာပေနှင့် ကင်းကွာနေပါက သံချေးတက် နေသည့် ဓားကဲ့သို့ပင် ဖြစ်နေမည် ဖြစ်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး နယ်ပယ်များမှာ သြဇာ သက်ရောက်မှု ရှိဖို့ စာပေ အသိပညာ ဗဟုသုတ ရှိရန် လိုအပ်ပါတယ်။ လူ့ဘဝမှာ ဘာ အရေးကြီးဆုံး လဲဟု အမေး ရှိခဲ့သော် ခေတ်အဆက်ဆက် ပညာရှိများက ''အသိ ဉာဏ်ပညာသာ အရေးကြီးဆုံးပါ '' လို့ ပြောကြားခဲ့ကြောင်း မှတ်သားခဲ့ရ ပါတယ်။

ထို့ကြောင့် ညောင်ပင်သာ ဦးပုညက ''မီးရောင်၊ လရောင်၊ နေအရောင်၊ ဉာဏ်ရောင် လွှမ်း၍မိုး၊ ပညာသမ္ဘာ အာဘာနတ္ထိ၊ မြတ်မုနိ၊ ဟောရှိ ကျမ်းကိုကိုး၊ ထို့ကြောင့်များစွာ လူတကာ ပညာရအောင်ကျိုး ''ဟု မိန့်ဆို ခဲ့သကဲ့သို့ ရှင်မဟာ ရဋ္ဌသာရ ကလည်း ''တတ်ပြန် သော်ငြား၊ ဖတ်ဖန်များက၊ သားမယားပင်၊ သိမြင်ကင်းကွာ၊ မလိမ္မာလည်း၊ စာပေစကား၊ နေ့တိုင်း ကြားက၊ ထူးခြားလိမ္မာ ရှိသည်သာတည့် '' ဟု ကိုးခန်းပျို့တွင် စာပေနှင့် မကင်းကွာ သင့်ကြောင်း၊ စာဖတ်ရန် လိုကြောင်း ဖော်ညွှန်း ထားသည်ကို တွေ့ရှိရ ပါတယ်။

ဓနဥစ္စာငွေကြေး တို့ကို စုနိုင်လို့ ပြည့်စုံလျှင် အကျိုးခံစားခွင့် များသလိုပဲ အတွေးအမြင် နီတိတွေကို စုထား၊ မှတ်ထား၊ ဖတ်ထားရင် လူ့ဘဝအတွက် ပြည့်စုံ အကျိုးများမှာ ဖြစ်ပါတယ်။ မှတ်မိခြင်းဟာ တတ်သိခြင်း တစ်မျိုး ဖြစ်ပါတယ်။ လူတိုင်းလူတိုင်း အသိ ဉာဏ်ပညာ ဗဟုသုတတွေ ရှိလာလျှင် မိမိကိုယ်ကို ထိန်းကျောင်းနိုင်မှာ ဖြစ်ပြီး စိတ်ဓာတ်၊ စာရိတ္တ၊ တာဝန်ဝတ္တရား၊ ကြိုးစား တက်ကြွမှု၊ ထက်သန်မှု၊ စာနာမှု၊ ကိုယ်ချင်းစာ တရားနှင့် လုံ့လဝီရိယ တို့ကလည်း ပြည့်စုံကောင်းမွန် လာမှာ ဖြစ်ပါတယ်။

အချို့လူတို့ ကလည်း ပညာရှိ သတိဖြစ်ခဲလို့ ပြောရမည်လား မသိ၊ သိက္ခာထက် ရိက္ခာကို ဦးစားပေးမိလို့ နောက်မှ နောင်တရ နေသူတွေ ရှိကြတယ်။ နှောင်းမှနောင်တရခြင်း ထက် ငွေကြေး ကုန်ကျခြင်းသည် နစ်နာ၏။ ထို့ထက် အချိန်ကုန်ဆုံး ခြင်းသည် နစ်နာ၏။ ထို့ထက် အလွန်နစ်နာ ခြင်းသည် အကျင့်စာရိတ္တ ပျက်ပြားခြင်း ဖြစ်သည် ဆိုသည်ကို သိရှိ လိုက်နာရန် လိုအပ်ပါတယ်။

ရတောင့်ရခဲ လှသည့် လူ့ဘဝ နိဂုံးချုပ် ရာတွင်လည်း ''ကြီးလို့ သေတာထက် ပြီးလို့သေတာ က မြတ်သည်'' ဆိုသည့်အတိုင်း နိုင်ငံ့တာဝန်၊ အမျိုးဘာသာ၊ သာသနာ့ တာဝန်တို့ကို ကျေပွန်အောင် ဆောင်ရွက် သွားပါမှ သံသရာ အကူးအပြောင်း နောင်ရေး အတွက် စိတ်အေးရမည် ဖြစ်ပါတယ်။ လူ့ဘဝ နိဂုံးမချုပ်ခင် ကိုယ့်ကိုယ်ကိုယ် ''လူပိုလား၊ လူလိုလား'' အပြန်အလှန် မေးခွန်းထုတ်ရန် လိုအပ်ပြီး လူမှုဘဝ နယ်ပယ် အသီးသီးတို့ကို လိုအပ်နေသည့် ကွက်လပ်ဖြည့် ပေးနိုင်မည့် ''လူလို'' ဖြစ်နေအောင် ကြိုးစား ဆောင်ရွက်ရန် လိုအပ်လှ ပါတယ်။

အသိ ဉာဏ်ပညာ ဗဟုသုတ တို့အား ရှာမှီးရာတွင် ပညာတတ်သော သူသည် ငါတတ်သည်ဟု ထင်မှား၍ ထောင်လွှား တတ်ကြတယ်။ ပညာရှိ သူကား ငါတတ်စရာတွေ များလှချည် လားဟု ဆင်ခြင် နှိမ့်ချပါတယ်။ ပညာရှိ ဖြစ်အောင် သင်ခန်းစာ ယူသင့်ပါတယ်။ လူသာမန် တစ်ဦးသည် သူတစ်ပါးက အနည်းငယ်မျှ ဝေဖန်လိုက်ရုံနှင့် ဒေါသအမျက် ထွက်လာတတ် ပါတယ်။ လူတော်တစ်ဦး အဖို့မှာမူ တစ်ပါးသူ ဝေဖန်မှု၊ အပြစ်တင်မှု၊ ငြင်းခုံမှု တို့သည်ပင် သင်ခန်းစာများ ဖြစ်သည်ဟု မှတ်ယူကြသည် ဆိုသည့် ရှေးစာဆိုတို့၏ ဆိုရိုးစကား တို့ကို မှတ်သားခဲ့ရ ပါတယ်။

ထို့ကြောင့် မလုပ်ကောင်းတာ သာရှိတယ်။ မသိကောင်း၊ မတတ်ကောင်းတာ မရှိဆိုသည့် နီတိအတိုင်း အပိုင်းအခြား အကန့်အသတ် မရှိသော အသိပညာ ဗဟုသုတ တို့အား အချိန်မီ ရှာဖွေဆည်းပူး ကြပြီး အရာရာတွင် ဦးဆောင် နိုင်သူတွေ ဖြစ်အောင် ကြိုးစားကြ ပါစို့ဟု တိုက်တွန်း ရေးသား လိုက်ပါတယ်။ ။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger