www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 12, 2014

စည်းကမ်း နှင့် ဒီမိုကရေစီ


စည်းကမ်း နှင့် ဒီမိုကရေစီ

ခရုခရုထွေး

''စည်းကမ်းရှိမှ တိုးတက်မည်'' ဟူသော စကားအရ အရာရာ စည်းကမ်းရှိမှ သာလျှင် ဖွံ့ဖြိုးတိုးတက်မှု ဟူသော ဒီမိုကရေစီ၏ အသီးအပွင့်ကို ရရှိခံစား နိုင်မည်။ စည်းကမ်းကို လိုက်နာတတ်အောင် အလေ့အကျင့် လုပ်ရပါမည်။ အလေ့အကျင့် မဖြစ်ခင် စပ်ကြားတွင် ခဲယဉ်းမှု ရှိနိုင်သည်။ အကြောင်းမှာ စည်းကမ်းနှင့် ဒီမိုကရေစီ သည် ဒွန်တွဲ နေသကဲ့သို့ အပြန်အလှန် အကျိုးပြု နေသောကြောင့် ဖြစ်သည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ လုပ်ငန်းခွင် စည်းကမ်း၊ လူ့ယဉ်ကျေးမှု စည်းကမ်း၊ စသည်ဖြင့် ခေါင်းစဉ် အမျိုးမျိုး ရှိကြသည့် အနက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များတွင် ''မဝင်ရ''၊ ''မရပ်ရ''စသည့် သတိပေး သင်္ကေတ များသည် စနစ်တကျ လမ်းဖြတ်ကူးခြင်း ဟူသော အန္တရာယ်ကင်း လမ်းညွှန် ဖြစ်သည်။ ကန့်သတ်ခြင်း၊ တင်းကျပ်ခြင်း မဟုတ်ပါ။ အငြင်း တိုက်တွန်းချက် များ ဖြစ်သော်လည်း အကျိုးပြု ဆိုင်းဘုတ်များ ဖြစ်သည်။ ဆိုင်ကယ် စီးလျှင် ဦးထုပ် ဆောင်းပါ၊ လူကူးမျဉ်းကြား မှကူးပါ ဟူသော အဆိုပြု တိုက်တွန်းချက် များကိုလည်း လိုက်နာ ကြည့်စေ ချင်သည်။ အငြင်းနှင့် အဆိုပြု တိုက်တွန်းချက် များသည် လိုက်နာ ကြည့်လျှင် သူ့နေရာနှင့်သူ စိတ်နှလုံးကို ပေါ့ပါး စေနိုင်ကြောင်း သိကြ စေချင်သည်။

ယာဉ် မတော်တဆမှု များသည် ယာဉ် ကြံ့ခိုင်ရေး ရှိ၊ မရှိကို စစ်ဆေးမှု အားနည်းခြင်း၊ မူးယစ် သောက်စား၍ စိတ်နောက် ကိုယ်ပါ လုပ်ဆောင်ခြင်း၊ သတ်မှတ် မိုင်နှုန်းထက် ပိုမောင်းခြင်း၊ တန်ပို သယ်ဆောင်ခြင်း စသည်ဖြင့် သတိလက်လွတ် စည်းကမ်းမဲ့ခြင်း များကြောင့် အသက်ပေါင်း များစွာ၊ ခန္ဓာကိုယ်ပေါင်း များစွာ စတေး နေကြသည် ကို မြင်ရကြားရ သည်။ စည်းကမ်းမဲ့မှု မှသည် ထိုကဲ့သို့ အကြောင်းအရာ များဖြစ်ပေါ် နေသည်မှာ လက်တွေ့ပင် ဖြစ်သည်။

ထို့အတူ လမ်းမကြီးများ ပေါ်တွင် မရေတွက် နိုင်လောက်သော ကွမ်းသွေးများ၊ အထုပ်များစွာ တွေ့ရသည်။ လမ်းမကြီးပေါ် ဖြတ်သန်း သွားသော ယာဉ်အမျိုးမျိုး ပေါ်မှ လူအမျိုးမျိုး တို့က စွန့်ပစ်ခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ စည်းကမ်းမဲ့ အမှိုက်စွန့်ခြင်း ကို ရှက်ရွံ့စရာ အဖြစ် မြင်တတ်အောင် လေ့ကျင့် ကြည့်ကြ စေချင်သည်။ ထို ရှက်ရွံ့ စရာက အသိတရား အဖြစ် ခိုင်မာစွာ ရပ်တည် နိုင်ဖို့ လိုအပ်သည်။

နောက်ထပ် စည်းကမ်းမဲ့ မှုမှာ စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်ခြင်း ဖြစ်သည်။ အမှိုက်တစ်စ မှသည် အမှိုက်ပေါင်း များစွာ စုပုံကြရင်း တောင်ပုံရာပုံ ဖြစ်ကြသည်။ တစ်စထက် တစ်စ များပြားလာပြီး ရေမြောင်း ပိတ်ဆို့မှု၊ ရေကြီး ရေလျှံမှု၊ သွားလာမှု အခက်အခဲများ ဖြစ်ပေါ် စေသည်။ စည်းကမ်းမဲ့ အမှိုက်စွန့်ခြင်း က အဓိက ပြဿနာ ဖြစ်ကြောင်း တွေ့ရသည်။ ထို့ကြောင့် စည်းကမ်း ဟူသည် လူတစ်ဦး တစ်ယောက်၊ အဖွဲ့အစည်း တစ်ခုဖြင့် ဆောင်ရွက်၍ မရနိုင်ဘဲ လူအများ အားလုံး အတူတကွ ပူးပေါင်း ဆောင်ရွက် မှသာ ရရှိနိုင် ပေမည်။

အသုံးပြုပြီးစ အမှိုက်ခွံ တစ်ခု လမ်းဘေးသို့ ပစ်မည်ပြုသည်။ ရုတ်ခြည်း အတွေးတစ်စ ပေါ်လာသည်။ '' ကြွပ်ကြွပ်အိတ် ကင်းစင် နယ်မြေ''။ အမှိုက်ပစ်မည့် လက်တို့ တန့်သွားသည်။ အလေ့အကျင့် လုပ်ရမည်။ အမှိုက်ပုံး ရှာသည်။ တွေ့သည်။ အမှိုက်ပုံးထဲ သို့ စွန့်လိုက်သည်။ စိတ်နှလုံး ရှင်းသွားသည်။ မည်မျှ ကောင်းပါသနည်း။ Citizen Charateristics ထဲက တစ်ခုဖြစ်သည်။

ထို့ကြောင့် စည်းကမ်းဘောင် အတွင်း စနစ်တကျ လှုပ်ရှား ဆောင်ရွက်ခြင်း ကသာ ဒီမိုကရေစီ လမ်းကြောင်းကို လှပသော အနားသတ် တစ်ခုသဖွယ် ဖန်တီးနိုင်ကြောင်း နှင့် စည်းကမ်းမဲ့ ခြင်းသည်ကား ဒီမိုကရေစီ လမ်းကြောင်း၏ ဆူးညှောင့်ခလုတ် ဖြစ်သည့်အတွက် ပြည်သူအားလုံး က ဝိုင်းဝန်း လေ့ကျင့်ဖယ်ရှား ကြပါစို့ဟု တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger