www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 3, 2014

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ၂၀၁၉ ခုနှစ်တွင် အပြီး တည်ဆောက်ရန် လျာထားသော်လည်း ၂၀၂၀ ပြည့်နှစ်မှသာ ပြီးစီးနိုင်မည်



ရန်ကုန် ၊ ၃-၁၁-၂၀၁၄

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်းကို ၂ဝ၁၉ ခုနှစ်တွင် အပြီး တည်ဆောက်ရန် လျာထား ခဲ့သော်လည်း ၂ဝ၂ဝ ပြည့်နှစ် ရောက်မှသာ ပြီးစီးနိုင်မည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်း ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ဟံသာဝတီ အပြည်ပြည် ဆိုင်ရာလေဆိပ် စီမံကိန်းကို ပဲခူးတိုင်း ဒေသကြီး ၊ ပဲခူးမြို့နယ် ၊ ကျောက်တိုင်ကန် ကျေးရွာအနီး လေယာဉ်ကွင်း ဟောင်း၌ မြေဧက ၉၆၉ဝ ပေါ်တွင် တည်ဆောက်မည် ဖြစ်သည်။ ယင်း စီမံကိန်းကို ၁၉၉၄ ခုနှစ် ကတည်းက စတင် ခဲ့ခြင်းဖြစ်ပြီး ၂ဝဝဝ ပြည့်နှစ်တွင် တည်ဆောက်ရန် Incheon Airport Consortium ကုမ္ပဏီအား ရွေးချယ်ခဲ့ သော်လည်း ကုမ္ပဏီမှ တည်ဆောက်ရန် ငွေကြေး လုံလောက်ခြင်း မရှိသောကြောင့် ၂၀၁၃ ခုနှစ်တွင် စီမံကိန်း ရပ်ဆိုင်း ခဲ့ရကြောင်း သိရသည်။

ယခုအခါ ယင်း စီမံကိန်းကို ပြန်လည် ဆောင်ရွက်နိုင်ရန် ဂျပန်နိုင်ငံ အတိုင်ပင်ခံ Nippon Koei ကုမ္ပဏီကို ငှားရမ်းပြီး လက်ရှိ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ထပ်မံတိုးချဲ့ တည်ဆောက်ရန် မြေနေရာ အခက်အခဲ ရှိသည့်အတွက် ခရီးသည် ၁၂ သန်းဆံ့ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ်ကို တည်ဆောက် ရခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် တွင် မဆင်းသက် နိုင်သော Air Bus 380 လေယာဉ်ကြီး များပါ ယင်း လေဆိပ်တွင် ဆင်းသက် ဆိုက်ရောက် နိုင်ကြောင်း ၊ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်နေသည့် ကာလအတွင်း လေဆိပ်ဆိုင်ရာ သင်တန်းပေးပြီး ဒေသတွင်း အလုပ်အကိုင် များရရှိအောင် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံခြားသား ပညာရှင် များအား စီမံခန့်ခွဲမှု အပိုင်းများတွင် ခန့်အပ်သွားမည် ဖြစ်ပြီး ကျန်ရာထူး များတွင် မြန်မာနိုင်ငံသား များကိုသာ ခန့်အပ်သွားမည် ဖြစ်ကြောင်း လည်း သိရသည်။

လက်ရှိတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို ခရီးသည် ခြောက်သန်း ဝင်ဆံ့နိုင်ရန် တိုးချဲ့လျက် ရှိပြီး ဟံသာဝတီ လေဆိပ် မဖွင့်လှစ်သေးမီ အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်တွင်း ပြည်ပ ခရီးစဉ် များကို ပြေးဆွဲမည် ဖြစ်ကာ ဟံသာဝတီ လေဆိပ် စတင် အသုံးပြုချိန်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်း များ အားလုံးကို အဆိုပါ လေဆိပ်သို့ ပြောင်းရွှေ့မည် ဖြစ်သည်။ သို့သော်လည်း ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို နိုင်ငံတကာ လေဆိပ်အဖြစ် ဆက်လက် ထားရှိမည် ဖြစ်ပြီး ပြည်တွင်း ခရီးစဉ်များ အပြင် စင်းလုံးငှား လေယာဉ် ၊ အထူး လေယာဉ် ၊ အရေးပေါ် လူနာတင်ယာဉ် စသည့် နိုင်ငံခြား ခရီးစဉ် အချို့ ကိုပါ ပျံသန်း ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ် စီမံကိန်း အတွက် အဆိုပြုလွှာ တင်သွင်းသည့် ကုမ္ပဏီ များထဲမှ စင်ကာပူ - ဂျပန် ဖက်စပ် ကုမ္ပဏီ Yongnam-CAPE-JGC Consortium (Singapore) ကို အောက်တိုဘာ လကုန်တွင် ရွေးချယ်ခဲ့ပြီး စီမံကိန်း ကာလ သုံးနှစ်ခွဲ မှ လေးနှစ်အထိ သတ်မှတ် ထားကြောင်း သိရသည်။

ဟံသာဝတီ အပြည်ပြည် ဆိုင်ရာလေဆိပ် ကို အမေရိကန် ဒေါ်လာ ၁၄၄၅ သန်း အကုန်ကျခံ တည်ဆောက်မည် ဖြစ်ပြီး ကုမ္ပဏီပိုင် ရင်းနှီးမြှုပ်နှံငွေ အမေရိကန် ဒေါ်လာ ၂၂၂ သန်း အပြင် ODA ချေးငွေ အမေရိကန် ဒေါ်လာ ၇၀၆ သန်းကို ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ JICA ထံမှ ချေးငွေ ရယူ၍ တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger