www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 20, 2018

မန္တလေး အိုးဘိုရွှေကျင်ရပ်ကွက်တွင် မြန်မာ့ရိုးရာအိုးပုတ်ပွဲတော် အစဉ်အလာမပျက်ကျင်းပ



မန္တလေး ၂ဝ-၈-၂ဝ၁၈

မန္တလေး အောင်မြေသာစံမြို့နယ် အိုးဘိုရွှေကျင် ရပ်ကွက်တွင် ယနေ့နံနက်ပိုင်းက စတင်၍ မြန်မာ့ရိုးရာ အိုးပုတ်ပွဲတော်ကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း အိုးပုတ်ပွဲတော် ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

အဆိုပါပွဲတော်သို့ ကလေးကစား စရာအိုးပုတ်နှင့် မြေထည်ပစ္စည်းများ ပြုလုပ်သည့်ဒေသများမှ လာရောက်ရောင်းချ ကြကြောင်း၊ မြန်မာ့ရိုးရာ အိုးပုတ်ပွဲတော်ကို ရှေးယခင်ကာလကတည်းက နှစ်စဉ်မပျက် ယနေ့အချိန်အခါထိ စည်ကား သိုက်မြိုက်စွာကျင်းပ လာခဲ့ကြောင်း ပွဲတော်သို့လာရောက် ရောင်းချသူများထံမှ သိရသည်။

"အရင်တုန်းက တောင်ပြုန်းပွဲ သွားရောင်းရင် ဒီအိုးဘိုမှာက လူခြေကလဲနည်းတယ်လေ။ ဒီမှာအိပ်၊ အိပ်ပြီးတော့ အိုးပုတ်လေးတွေ ချခင်းရောင်းပါတယ်။ အဲဒီလိုရောင်းတော့ ညမှာလာဝယ်ကြတယ်။ဝယ်တဲ့သူကဝယ်၊ ခိုးတဲ့ သူကခိုး၊ အဲဒီကနေတစ်နှစ်ထက် တစ်နှစ် သောင်းကျန်းလာတာ၊ ပျော်လဲပျော်ကြတာပေါ့။ အဲဒီကတည်းက အိုးပုတ်ခိုးပွဲ ဆိုပြီးဖြစ်လာတာပါ။ ခုခေတ်မှာတော့ သိပ်မခိုးကြတော့ပါဘူး။ ဒါလေး ပေးပါဆိုပြီးယူသွားကြတာပဲ အရင်ကလောက် သိပ်ပြီးမသောင်းကျန်း တော့ဘူး။ တောင်းယူကြတာပဲရှိတယ်။ ဆိုင်တွေကလဲ ပေးကြတာပဲ"ဟုအိုးပုတ်ရောင်းချသည့် ဒေါ်ချစ်လှက ပြောပြသည်။

ရှေးကတည်းက အိုးဘိုရပ်ရွှေကျင် ရပ်ကွက်နေသူများက အိုးပုတ်ပွဲတော်ကို ရွှေတချောင်းမြောင်းဘေးတွင် ဘိုးဘွား အစဉ်အဆက် ကျင်းပခဲ့ကြောင်း၊ အိုးဘိုရွှေကျင်ရပ်တွင် ရွှေတချောင်းမြောင်းအတိုင်း တောင်ပြုန်းပွဲတော်သို့ လှေဖြင့်သွားသူများက လှေဆိပ်အဖြစ် လှေများရပ်နားကြရာ ဈေးရောင်းသွားသူများထဲမှ အိုးပုတ်ဈေးသည် များကပါ ထိုနေရာရောက်ပါက လှေခေတ္တရပ်နား၍ ပါလာသည့်အိုးပုတ်များ ကိုခင်းကျင်း ရောင်းချကြကြောင်း၊ ရပ်ကွက် နေထိုင်သူများထဲမှ စတတ်၊ နောက်တတ်သူများက အိုးပုတ်ဝယ်ယူကြသလို အိုးပုတ်ကိုခိုးယူသဖြင့် တချို့က "အိုးပုတ်ခိုးပွဲတော်"ဟု ယနေ့တိုင်ခေါ်ဝေါ်ကြောင်း ဒေသခံများထံမှ သိရသည်။

"အရင်တုန်းက အိုးပုတ်ပွဲဆိုခိုးကြတယ်။ သောင်းကျန်းကြတာပေါ့။ ပြေးကြတယ်၊ လုကြတယ်၊ ရန်ဖြစ်ကြတယ်။ ခုတော့ အဲလို မဟုတ်တော့ပါဘူး။ ခိုးတော့ ခိုးကြသေးတယ် အပျော်သဘောနဲ့ အိုးပုတ်လေး ခိုးမယ်ဆိုပြီး တစ်လုံးလောက် ယူသွားတယ်။ တချို့တလေက အစ်မရေတစ်လုံးလောက် ပေးဦးလို့တောင်းကြတယ်။ အပျော်သဘောပဲ အရင်လိုတော့ မသောင်းကျန်းတော့ဘူး ကျွန်မတို့ကလဲ ကြည်ကြည်ဖြူဖြူ ပေးလိုက်တယ်။ အရင်တုန်းလို ခိုးပြီးပြေးရင် လိုက်ကြ၊ ရန်ဖြစ်လိုက် မရှိတော့ဘူး။ အိုးပုတ်ပွဲက အရင်လိုမဟုတ်တော့ဘူး။ အကြီးအကျယ်ကြီး ဖြစ်နေပြီး နာမည်လဲ ကြီးနေပါပြီ။ အိုးပုတ်တွေကို ပိုစိတ်ဝင်စားအောင် ဆေးရောင်လေးတွေ ခြယ်ပြီးရောင်းချတယ်။ တစ်နှစ်ထက်တစ်နှစ် တစ်မျိုးပြီး တစ်မျိုးထွင်ပြီး ရောင်းချလာကြတယ်။ ရောင်းလဲရောင်းရတယ်"ဟု အမရပူရမြို့နယ် တပ်ကြီးကျေးရွာမှ အိုးပုတ်လာရောက် ရောင်းသူတစ်ဦးက ပြောပြသည်။

မြန်မာ့ရိုးရာ အိုးပုတ်ပွဲတော်တွင် မြေထည်ပစ္စည်းများ ဖြစ်သည့် အိုးပုတ်၊ ချိုးရုပ်စသည့် ကလေးကစားစရာများအပြင် လူသုံးကုန် ပစ္စည်းများဖြစ်သည့် ရေအိုးများ၊ ပန်းအလှစိုက်အိုးများ၊ မြေအိုးစဥ့် ထည်များကို အိုးပုတ်နှင့် မြေထည်ပစ္စည်းများ ပြုလုပ်သည့် ဒေသများက လာရောက်ရောင်းချ ကြသည့်အပြင် ရပ်ကွက်ရှိဒေသခံများ ကလည်းမှာယူ ရောင်းချကြရာ ရောင်းချသူ၊ ဝယ်ယူသူများနှင့် အလွန်စည်ကားသော ပွဲတော်တစ်ခု ဖြစ်ကြောင်း
အိုးဘိုရွှေကျင်ရပ်ကွက်ရှိ ဒေသခံများထံမှ သိရသည်။

"ဒီပွဲတော်ကို ဒီနှစ်မှရောက်တာပါ။ ပြီးခဲ့တဲ့နှစ်တွေက သူများတွေသွားပြီး အလှဓာတ်ပုံ လေးတွေတင်ထားတာတွေ့လို့ ဒီနှစ်တော့ လာမယ်ဆိုပြီး ခုလိုလာဖြစ်တာပါ။ ဒီပွဲက ရောင်းသူ၊ ဝယ်သူပျော်တဲ့ပွဲပါ။ ဘာလို့လဲဆိုတော့ ရောင်းချတဲ့သူကလဲ ရောင်းရလို့ပျော်တယ်။ ဝယ်တဲ့သူကလဲ ရောင်စုံအိုးပုတ်လေး တွေနဲ့တွဲပြီး ဓာတ်ပုံရိုက်ကြဆိုတော့ ပျော်ကြပါတယ်"ဟု စစ်ကိုင်းမြို့မှ လာရောက်လည်ပတ်သည့် မထက်ထက်အောင်က ပြောပြသည်။

ထိုအိုးပုတ်ပွဲတော်သည် ယခင်ကတစ်ည နေခင်းသာရောင်းချသည့် ထူးခြားသည့် ပွဲတော်ဖြစ်ကာ ယခုနောက်ပိုင်းတွင် လူသိများလာသည့်အတွက် အိုးပုတ်ရောင်းချ သူများအနေဖြင့် ပွဲတော်မတိုင်မီရက်များ ကတည်းက ကြိုတင်လာရောက် ရောင်းချ လျက်ရှိကြောင်း၊ အိုးပုတ်ပွဲတော်အတွင်း လောင်းကစားဝိုင်များ ခင်းကျင်းလုပ်ကိုင်ခြင်း၊ ဒုတ်၊ ဓား၊ လက်နက်များ ကိုင်ဆောင်ခြင်း၊ခိုက်ရန်ဖြစ်ပွားခြင်းများ မပြုရန် ဗီနိုင်းပိုစတာများဖြင့် အသိပေးဆောင်ရွက် ထားကြောင်း အိုးပုတ်ပွဲတော် ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

ခေတ်ကာလ တိုးတက်လာသည်နှင့် အမျှနိုင်ငံခြားဖြစ် ခေတ်မီပလတ်စတစ် ကော်ရုပ် အမျိုးမျိုးဈေးကွက်ထဲသို့ နေ့စဉ်ဝင်ရောက် လာလျက်ရှိရာ ကလေးငယ်များသည် မြန်မာ့ရိုးရာ အိုးပုတ်ရုပ်လေးများကို စိတ်ဝင်စားမှု တဖြည်းဖြည်း လျော့နည်းလာသော်လည်း မြန်မာ့ရိုးရာ အိုးပုတ်လုပ်ငန်းများ အနေဖြင့် တိမ်ကောပပျောက်သွားခြင်း မရှိကြောင်း အမရပူရမြို့နယ် တပ်ကြီးကျေးရွာမှ မြန်မာ့ရိုးရာ အိုးပုတ်လုပ်ငန်းများလုပ်ကိုင်သည့်
သူများကပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger