www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, November 16, 2014

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၅၀၀၀ ကျပ် ဟူသော မြန်မာစာတန်းများ ပါရှိသည့် ငွေဒင်္ဂါးစေ့များ ဂျပန်နိုင်ငံ ဒင်္ဂါးစက်ရုံ မှ ထုတ်လုပ်မည်


ရန်ကုန် ၊ ၁၆-၁၁-၂၀၁၄

ဂျပန်နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန ဂျပန်ဒင်္ဂါးစက်ရုံ အနေဖြင့် ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ကူညီ ပံ့ပိုးမှုဖြင့် နိုင်ငံခြား တိုင်းပြည်များ၏ အမှတ်တရ ဒင်္ဂါးစေ့ ကို ထုတ်ဝေခဲ့သည့် အတွေ့အကြုံများ ရှိခဲ့ပြီးဖြစ်ရာ ယခုအခါ မြန်မာ - ဂျပန် သံတမန် ဆက်ဆံရေးနှစ် (၆ဝ) ပြည့် အထိမ်းအမှတ် အဖြစ် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေပုံ၊ ပိတောက်ပန်း၊ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်၊ နှစ် (၆ဝ) ပြည့် မြန်မာ -ဂျပန် သံတမန် ဆက်ဆံရေး တည်ဆောက်မှု ၅ဝဝဝ ကျပ် ဟူသော မြန်မာစာတန်း များပါရှိသည့် ငွေဒင်္ဂါးများကို ထုတ်လုပ် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂျပန်သံရုံးမှ သိရသည်။

ဂျပန်နိုင်ငံ ဒင်္ဂါးစက်ရုံ အနေဖြင့် မြန်မာ နိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်လုပ်ရန် အမှာစာကို လက်ခံရရှိထားပြီး ဖြစ်ကြောင်းသိရသည်။ အဆိုပါ ဒင်္ဂါးများသည် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုကို အဓွန့်ရှည် တည်တံ့၍ ပြည်သူ အချင်းချင်း အပြန်အလှန် ပိုမို နားလည်ရင်းနှီးမှု ရရှိလာစေရန် အဓိက အထောက်အကူ ပြုမည် ဖြစ်သည်။

အဆိုပါ မြန်မာ - ဂျပန် သံတမန် ဆက်ဆံရေး နှစ်(၆ဝ)ပြည့် အထိမ်းအမှတ် ငွေဒင်္ဂါးများကို ၅ဝဝဝ ကျပ်ဟု သတ်မှတ် ရေးနှိပ်မည် ဖြစ်ပြီး နိုင်းတူးဖိုက်ငွေ ဖြင့် ထုပ်လုပ်မည် ဖြစ်သည်။ အလေးချိန် ၂ဝ ဂရမ်ရှိပြီး အချင်း ၃၅ မီလီမီတာ ရှိသည့် အဆိုပါ ဒင်္ဂါးစေ့၏ အနားသတ်မှု ချောမွေ့စေရန် စက်ဖြင့် ပြုပြင်ထားကြောင်း သိရသည်။

ထို့အပြင် နှစ်(၆ဝ) ပြည့်သည့် အထိမ်းအမှတ် ၂ဝ၁၄ ခုနှစ်ကိုလည်း မြန်မာ - အင်္ဂလိပ် နှစ်ဘာသာဖြင့် ရိုက်နှိပ်ဖော်ပြ ထားကြောင်း ဒင်္ဂါးပြား၏ အခြား တစ်ဖက်တွင် မြန်မာ နိုင်ငံတော် ဗဟိုဘဏ် ဆိုသည့် စာတန်းကို မြန်မာ - အင်္ဂလိပ်ဖြင့် ဖော်ပြထားပြီး နှစ်(၆ဝ) ပြည့် အထိမ်းအမှတ် တံဆိပ်နှင့် မြန်မာနိုင်ငံ ကို ကိုယ်စားပြုသည့် ပိတောက်ပန်းပုံ ကို လည်းကောင်း၊ ဂျပန်နိုင်ငံကို ကိုယ်စားပြုသည့် ဆာကုရာပန်းပုံ ကိုလည်းကောင်း ရောင်စုံဖြင့် ရိုက်နှိပ် ထားကြောင်း သိရသည်။

အဆိုပါ ဒင်္ဂါးစေ့များကို အရေအတွက် တစ်သောင်းခန့် အထိသာ ထုတ်လုပ်သွားမည် ဖြစ်ပြီး ဝယ်ယူလိုသည့် အမှာလွှာ အရေအတွက်မှာ များပြား နေသဖြင့် မဲနှိုက်ကာ ရောင်းချ ပေးသွားမည် ဖြစ်သည်။ ဝယ်ယူလိုသည့် အမှာလွှာ များသော်လည်း အမှာလွှာ များကို နိုဝင်ဘာ ၂၅ ရက်အထိ လက်ခံပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ဒင်္ဂါးစေ့များကို နိုင်းတူးဖိုက်ငွေ ဖြင့်ပြုလုပ် ထားသည့်အပြင် အမှတ်တရ ပစ္စည်း ဖြစ်သဖြင့် အခွန်အပါအဝင် ဂျပန်ယန်း ၆၁၇၁ ယန်းဖြင့် ရောင်းချမည် ဖြစ်ရာ မြန်မာကျပ်ငွေ အားဖြင့် ၆ဝဝဝဝ ကျော်ခန့် တန်ဖိုးရှိမည် ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ လဆန်းပိုင်းတွင် မဲနှိုက် ဝယ်ယူခွင့် ရရှိသူများ အနေဖြင့် ဒီဇင်ဘာ လလယ်ခန့်တွင် ဒင်္ဂါးပြားများ ရရှိမည် ဖြစ်ပြီး ထုတ်လုပ်မည့် အရေအတွက် တစ်သောင်း အနက်မှ အချို့ကို မြန်မာနိုင်ငံသို့ နိုဝင်ဘာ လကုန်ပိုင်းတွင် အရောက် ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

ဒင်္ဂါးစေ့၏ မျက်နှာတစ်ဖက်ကို ဆေးရောင်စုံဖြင့် ထုတ်လုပ်မည် ဖြစ်သဖြင့် ဆွဲဆောင်မှု ရှိမည်ဖြစ်ကာ ဒင်္ဂါးပြား၏ မျက်နှာ တစ်ဖက်တွင် ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ပုံရှိပြီး နှစ်နိုင်ငံ အစိုးရ၏ ပူးပေါင်း ဆောင်ရွက်မှု များအနက် ပူးပေါင်း ဆောင်ရွက်ပြီးဖြစ် သည့် ပုဂံနယ်မြေ ထိန်းသိမ်း စောင့်ရှောက်ရေး နှင့် ပြုပြင် တည်ဆောက်ရေး တို့ကို ဂုဏ်ပြုဖော်ကျူး ထားခြင်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger