လက်ဖက်ခူး လုံမေ
ရန်ကုန် ၊ ၆-၁၀-၂၀၁၄
ကုန်ကြမ်း ရှားပါးမှုကြောင့် ရန်ကုန် ဘုရင့်နောင် လက်ဖက် ဈေးကွက်အတွင်း လက်ဖက်ဈေး နှစ်ဆကျော် မြင့်တက်လျက် ရှိကြောင်း ရန်ကုန်မြို့ရှိ ဘုရင့်နောင် လက်ဖက်ပွဲရုံ လုပ်ငန်းရှင် များက ပြောသည်။
ယမန်နှစ် မိုးတွင်း ကာလက လက်ဖက်စို ပေါက်ဈေးသည် အမြင့်ဆုံး တစ်ပိဿာလျှင် ငွေကျပ် ၁၈ဝဝ ဝန်းကျင်နှင့် အနိမ့်ဆုံး ငွေကျပ် ၁ဝဝဝ ဝန်းကျင်သာ ရှိခဲ့သော်လည်း လက်ရှိ အချိန်တွင် လက်ဖက်စို ထိပ်စ တစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀ ၀န်းကျင် နှင့် အောက်စ တစ်ပိဿာလျှင် ငွေကျပ် ၁၈ဝဝ အထိ ရှိနေကြောင်း၊ ယင်းသို့ လက်ဖက်ဈေးများ နှစ်ဆနီးပါး မြင့်တက် လာရခြင်းမှာ ကုန်ကြမ်း ရှားပါးမှုကြောင့် ဖြစ်ပြီး ယခုနှစ် ရာသီ ရွှေဖီချိန်တွင် လက်ဖက် ခူးဆွတ်ရန် အလုပ်သမား အလုံအလောက် မရရှိခြင်း၊ လက်ရှိ အချိန်တွင် လက်ဖက် တောင်သူ အများစုသည် ကုန်ကြမ်း ရောင်းချခြင်း မရှိသေးဘဲ ဈေး အကောင်းဆုံး ကာလဖြစ်သည့် ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလ တို့တွင် ရောင်းချရန် သိုလှောင် ထားခြင်း များကြောင့်လည်း ဖြစ်ကြောင်း လက်ဖက် ကုန်သည်ကြီး များက ပြောသည်။
လက်ဖက်ဈေးများ ယမန်နှစ် ကထက် နှစ်ဆနီးပါး မြင့်တက် နေသည့်အတွက် တစ်နိုင်တစ်ပိုင် ကုန်သည်များ လက်ရှိ အချိန်တွင် အရောင်းအဝယ် ပြုလုပ်ပါက အမြတ်ထက် အရှုံးများ နိုင်သည့်အတွက် အရောင်းအဝယ် ရပ်နား ထားကြခြင်း ဖြစ်ကြောင်း သိရသည်။ လက်ဖက်စို ဈေးသည် ၂ဝဝ၆ ခုနှစ်အထိ ပုံမှန် ပေါက်ဈေး တစ်ပိဿာလျှင် ငွေကျပ် ၂၅ဝဝ အထက် ရှိခဲ့သော်လည်း ၂၀၀၇ ခုနှစ်မှ စပြီး ငွေကျပ် ၈၀၀ ၀န်းကျင်အထိ ဈေးနှုန်း ကျဆင်း ခဲ့ကြောင်းလည်း သိရသည်။ လက်ဖက် ဈေးကွက် အတွင်း လက်ဖက်စို တစ်ပိဿာလျှင် ငွေကျပ် ၃ဝဝဝ အထက် ရောက်ရှိ လာခြင်းမှာ ၂၀၀၇ ခုနှစ် နောက်ပိုင်း တွင် ပထမဆုံး အကြိမ် ဖြစ်ကြောင်း လက်ဖက် ကုန်သည်ကြီး များက ပြောသည်။
#Themyawadydaily






No comments:
Post a Comment