www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 15, 2014

မျိုးဆက်သစ် ကျောင်းသား လူငယ်များအတွက် ကျောင်းကျန်းမာရေး သီတင်းပတ်


မျိုးဆက်သစ် ကျောင်းသား လူငယ်များအတွက် ကျောင်းကျန်းမာရေး သီတင်းပတ်

ကျန်းမာရေး ဝန်ကြီးဌာန သည် ပညာရေး ဝန်ကြီးဌာန နှင့် ပူးပေါင်းလျက် နှစ်စဉ် သြဂုတ်လ အတွင်း ကျောင်းကျန်းမာရေး သီတင်းပတ် အဖြစ် သတ်မှတ်၍ အခြေခံ ပညာကျောင်း အလိုက် ကျန်းမာရေး လုပ်ငန်းစဉ် များကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနများ၊ မြို့နယ် ပညာရေး ဌာနများ၊ ကျောင်း ကျန်းမာရေး အဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက် ကြသည်။

ယခုနှစ်တွင် ကျောင်း ကျန်းမာရေး သီတင်းပတ် အဖြစ် ၂ဝ၁၄ ခုနှစ် သြဂုတ် ၁၁ ရက်မှ ၁၆ ရက် အထိ သတ်မှတ်ကာ အခြေခံပညာ ကျောင်းများတွင် ကျောင်း ကျန်းမာရေး လုပ်ငန်းများကို အရှိန် မြှင့်၍ ဆောင်ရွက်လျက် ရှိကြသည်။

နိုင်ငံတော် အတွက် အရေးပါ လှသော အင်အားစု တစ်ရပ်ဖြစ်သည့် နိုင်ငံ့ ရတနာ ကျောင်းသား လူငယ်များ အတွက် ဆောင်ရွက် နေသည့် ကျောင်း ကျန်းမာရေး လုပ်ငန်းသည် အလွန် အရေးပါသည့် လုပ်ငန်း ဖြစ်သည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး ကလည်း ကျောင်း ကျန်းမာရေး လုပ်ငန်းကို ကောင်းမွန် တိုးတက်အောင် ရင်းနှီးမြှုပ်နှံ ခြင်းသည် တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေး အတွက် စရိတ်နည်းနည်း နှင့် အကျိုးများ စေသည့် လုပ်ငန်းတစ်ခု ဖြစ်ကြောင်း၊ တစ်ကမ္ဘာ လုံးတွင် ကျောင်း ကျန်းမာရေး အဆင့် အတန်း တိုးတက် မြင့်မားလာရေး အတွက် အဖွဲ့ဝင် အားလုံးက တူညီသည့် ရည်မှန်းချက် လုပ်နည်း လုပ်ဟန်တို့ နှင့် ပါဝင် ဆောင်ရွက် ကြရန် Global SchoolHealth Initiative ကို ၁၉၉၅ ခုနှစ် ကတည်းက စတင် လှုံ့ဆော် ဆောင်ရွက် ခဲ့သည်။

မြန်မာနိုင်ငံ၏ အချက်အချာ အကျဆုံးနှင့် အရေးကြီးဆုံး အုပ်စုဖြစ်သည့် ယနေ့ ကျောင်းသား လူငယ်များကို ငယ်စဉ် ကတည်းက ထိရောက်သည့် ကျန်းမာရေး စောင့်ရှောက်မှု နှင့် မူမှန်သည့် ကျန်းမာရေး အလေ့အကျင့် ကောင်းများ အခြေချ ပေးနိုင်မှသာ တစ်မျိုးသား လုံး၏ ကျန်းမာရေး အဆင့်အတန်း တိုးတက် မြင့်မားရေး အတွက် စိတ်အေး ရမည် ဖြစ်သည်။

ယခုအခါ အမျိုးသား ကျန်းမာရေး စီမံကိန်း၊ လူထု ကျန်းမာရေး စောင့်ရှောက်မှု စီမံချက်တွင် တစ်ခု အပါအဝင် ဖြစ်သည့် ''ကျောင်း ကျန်းမာရေး လုပ်ငန်း '' စီမံချက်ဖြင့် မျိုးဆက်သစ် ကျောင်းသား လူငယ်များ၏ ကျန်းမာ ကြံ့ခိုင်ရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်လျက် ရှိသည်။

သို့ဖြစ်ရာ မျိုးဆက်သစ် ကျောင်းသား လူငယ်များ ကျန်းမာကြံ့ခိုင် စေရေးအတွက် ကျောင်း ကျန်းမာရေး သီတင်းပတ် ဆောင်ရွက်မှုတွင် ကျန်းမာရေး ဝန်ကြီးဌာန သာမက အဓိကဌာန ဖြစ်သော ပညာရေး ဝန်ကြီးဌာန နှင့် ပူးပေါင်း၍ ဗဟိုအဆင့်၊ တိုင်းဒေသကြီး အဆင့်၊ ပြည်နယ် အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ကျောင်းအဆင့် ကျောင်း ကျန်းမာရေး ကော်မတီများ နှင့် မြို့နယ် ကျန်းမာရေး ဦးစီးဌာန၊ မိခင်နှင့် ကလေး ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့တို့က စဉ်ဆက်မပြတ် ဖြည့်ဆည်း ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger