www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, August 23, 2014

အသိဉာဏ်ပညာ


အသိဉာဏ်ပညာ

ဤလောက လူ့ဘောင်တွင် အသိ ဉာဏ်ပညာ ပြည့်စုံသော လူတစ်ယောက် အနေဖြင့် အရာရာ ကို ချင့်ချိန် စဉ်းစား လုပ်ကိုင်တတ် ကြ၍ ကောင်းကျိုး စီးပွား အဖြာဖြာတို့ တိုးပွား ကြ၏။ အသိဉာဏ် ပညာရှိ သူသည် ကောင်း၊ ဆိုး၊ သင့်၊ မသင့်၊ မှန်၊ မှား တို့ကို ဝေဖန် ပိုင်းခြား နိုင်သည်။

အသိ ဉာဏ်ပညာ ဟူသည် လူမျိုးဘာသာ မခွဲခြား၊ ဆင်းရဲချမ်းသာ မခွဲခြား၊ လူကြီးလူငယ် မခွဲခြား မည်သူမဆို ရယူ ပိုင်ဆိုင် နိုင်သည်။ လူတိုင်း လူတိုင်းသည် အသိဉာဏ် ပညာကို အသုံးချ၍ ကြိုးစားကာ စီးပွား တိုးတက်အောင် ကြံဆောင် နိုင်မည် ဖြစ်သည်။

အသိဉာဏ် ကြွယ်ဝသူ တစ်ယောက် အနေဖြင့် ဘဝကို ရင်ဆိုင် ကျော်လွှား နိုင်ပြီး တိုးတက်ရာ တိုးတက်ကြောင်း ကြံဆောင် နိုင်မည် ဖြစ်သည်။ အခက်အခဲ အကျပ်အတည်း ဟူသမျှ တို့ကိုလည်း ကျော်လွှား နိုင်မည် ဖြစ်သည်။ ချမ်းသာ အောင်လည်း လုပ်ဆောင် နိုင်မည် ဖြစ်သည်။ အသိဉာဏ် ပညာသည် ဖြစ်စေချင်သော အရာ အားလုံးကို ဖန်တီးနိုင်၏။ ထို့ကြောင့် အသိဉာဏ် ပညာကို တန်ခိုးဟုပင် ဆိုရပေမည်။

သို့သော် တစ်ဦး တစ်ယောက်ကို လိုသောဆု တောင်းပါဟု ဆိုလျှင် ''ကြီးပွား ချမ်းသာ ရပါလို၏။ သိန်းထီ ဆုကြီး ပေါက်ရ ပါလို၏။ တိုက်နှင့် ကားနှင့် နေရ ပါလို၏'' ဟူသော ဆုများကိုသာ တောင်း မည် ဖြစ်သည်။ '' အသိဉာဏ် ပညာနှင့် ပြည့်စုံ ရပါလို၏'' ဟူသော ဆုတောင်း မည့်သူကား ရှားပေ လိမ့်မည်။

အကယ်၍ ထိုတောင်းသော ဆုနှင့် ပြည့်၍ ကြီးပွား ချမ်းသာ လာပြီဆို လျှင်လည်း ထိုကြီးပွား ချမ်းသာ လာခြင်းကို တာရှည် ခံအောင် စီမံခန့်ခွဲ နိုင်သည့် အသိ ဉာဏ်ပညာ မရှိခဲ့သော် ချမ်းသာ ခြင်းသည် ခဏတာ ဖြစ်၏။ ထို့အတူ တောင်းသောဆု ပြည့်၍ ထီပေါက် ခဲ့သည် ရှိသော်လည်း စနစ်တကျ စီမံခန့်ခွဲ ရင်းနှီးမြှုပ်နှံ လုပ်ကိုင် တတ်သော အသိ ဉာဏ်ပညာ မရှိလျှင် ထီပေါက်ခြင်း သည် အကျိုးမရှိ ခဏအတွင်း ပျက်စီး နိုင်သည်။ ထို့ကြောင့် အသိ ဉာဏ်ပညာ ရှိရေးသည် အရေးကြီး သည်။ 

သို့ဖြစ်ရာ လူတိုင်း လူတိုင်းသည် အသိဉာဏ် တိုးပွားရေး အလုပ်ကို ကြိုးစား အားထုတ် သင့်သည်။ အသိဉာဏ် တိုးပွားအောင် အမြဲမပြတ် လေ့လာ ဆည်းပူး အပ်သည်။ အသိ ဉာဏ်ပညာ သည် လေ့လာ ဆည်းပူးလေ တိုးပွားလေ ဖြစ်သည်။ အသိ ဉာဏ်ပညာ တိုးပွားမှသာ လုပ်ကိုင် စွမ်းရည် တိုးပွားမည် ဖြစ်သောကြောင့် အသိ ဉာဏ်ပညာ ရှင်သန်ရေး အတွက် အမြဲမပြတ် ကြိုးစား အားထုတ် သင့်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger