www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 1, 2014

နိုင်ငံတကာ အသိုက်အ၀န်း အနေဖြင့် ဒီမိုကရေစီ ပြောင်းလဲစ နုနယ်သေးသည့် နိုင်ငံတစ်ခု ရင်ဆိုင် ဖြေရှင်းနေရသည့် စိန်ခေါ်မှုနှင့် အခက်အခဲများကို နားလည်ရန်လို


နေပြည်တော် ၊ ၁-၈-၂၀၁၄

နိုင်ငံခြားရေး ဝန်ကြီးဌာနက ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန် ကြေညာလိုက်သည်။

အဆိုပါ ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံရေး၊ လူမှု - စီးပွားရေး၊ အုပ်ချုပ်ရေး နှင့် ပုဂ္ဂလိက အခန်းကဏ္ဍ မြှင့်တင်ရေး ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ အရှိန်အဟုန်မြှင့် ပြုလုပ်လျက် ရှိရာတွင် ပြည်သူ များ၏ လူ့အခွင့်အရေး မြှင့်တင်ရေး နှင့် ကာကွယ်ရေး တို့ကိုလည်း ဦးစားပေး အဖြစ် ဆောင်ရွက်လျက် ရှိပါသည်။ ဤ ဦးစားပေး ဆောင်ရွက်ချက် နှင့်အညီ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စ ရန်ဟီလီ အား မြန်မာနိုင်ငံသို့ လာရောက်ရန် ဖိတ်ကြား ခဲ့ပါသည်။ သို့ဖြစ်ရာ မစ္စ ရန်ဟီလီ သည် သူမ၏ မြန်မာနိုင်ငံသို့ ပထမဆုံး ခရီးစဉ်အဖြစ် (၁၆-၇-၂ဝ၁၄) ရက်နေ့မှ (၂၆-၇-၂ဝ၁၄) ရက်နေ့အထိ (၁ဝ) ရက်ကြာ ခရီး လာရောက ခဲ့ပါသည်။

မြန်မာ နိုင်ငံတော် အစိုးရသည် မစ္စရန်ဟီလီ မှ မေတ္တာရပ်ခံ ခဲ့သည့် သွားရောက် လေ့လာကြည့်ရှု လိုသည့် နေရာများ၊ တွေ့ဆုံလိုသူများ အားလုံးကို သွားရောက် တွေ့ဆုံ နိုင်စေရန် အပြည့်အဝ ပူးပေါင်း ညှိနှိုင်း စီစဉ်ပေး ခဲ့ပါသည်။ ခရီးစဉ် အတွင်း မစ္စရန်ဟီလီ သည် ရန်ကုန်၊ စစ်တွေ၊ မောင်တော၊ ဗန်းမော်၊ မြစ်ကြီးနား၊ မန္တလေး နှင့် နေပြည်တော် များသို့ သွားရောက်ခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးများ၊ အစိုးရပိုင်း တာဝန်ရှိသူ အကြီးအကဲများ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကော်မတီများမှ အဖွဲ့ဝင်များ၊ လွှတ်တော် ဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး နှင့် အကောင် အထည်ဖော်ရေး ကော်မတီ၊ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၊ မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည် ရင်းနှီးမှုအဖွဲ့၊ ဘာသာပေါင်းစုံ
သွေးစည်း ညီညွတ်ရေး အဖွဲ့၊ လူမှု အသိုက်အဝန်း၊ သတင်းသမားများ၊ ရှေ့နေများ၊ ၈၈ မျိုးဆက်သစ် ကျောင်းသားအဖွဲ့၊ ယုံကြည်ချက် ဆိုင်ရာ အကျဉ်းသား ဘဝမှ လွတ်မြောက် လာပြီးသူများ၊ ၄င်းမှ တွေ့ဆုံရန် မေတ္တာရပ်ခံ ထားသည့် အကျဉ်းသားများ၊ သံတမန် အသိုက်အဝန်း၊ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် အဖွဲ့၊ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ဌာနေအဖွဲ့ တို့နှင့် တွေ့ဆုံခဲ့ ပါသည်။

ခရီးစဉ်အပြီး မစ္စရန်ဟီလီ မှ သတင်း ထုတ်ပြန် ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နှင့် လူ့ အခွင့်အရေး နယ်ပယ် များတွင် ကျယ်ကျယ် ပြန့်ပြန့်နှင့် ထိရောက်မှု ရှိသည့် ပြုပြင် ပြောင်းလဲမှုများ သိသာ ထင်ရှားစွာ တွေ့မြင် ရသည့် အတွက် အသိအမှတ်ပြု ဂုဏ်ပြု ချီးကျူးကြောင်း ထုတ်ဖော် ပြောကြား ခဲ့ပါသည်။ တစ်ချိန်တည်း မှာပင် နောက်ကြောင်း ပြန်လှည့် စေနိုင်သည့် စိုးရိမ်ဖွယ် လက္ခဏာရပ် များကိုလည်း စိစစ် ဟန့်တားရန် လိုကြောင်း၊ လူမှု အသိုက်အဝန်း နှင့် သတင်းလောက တို့၏ လှုပ်ရှားမှု များကို ဟန့်တား အရေးယူရန် တရား စီရင်ရေး စနစ်နှင့် ဥပဒေတို့ကို အသုံးပြုလျက် ရှိကြောင်း၊ လွတ်လပ်စွာ ဖော်ထုတ် ပြောကြားခွင့်၊ သင်းပင်း ဖွဲ့စည်းခွင့် နှင့် ငြိမ်းချမ်းစွာ စုရုံးခွင့် တို့သည် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ အကြိုကာလ အတွက် မရှိမဖြစ် လိုအပ်သော အရာများ ဖြစ်ကြောင်း၊ ခေတ်နှင့် မညီသော ဥပဒေများ သုံးသပ် ပြင်ဆင်ရေး နှင့် အမျိုးဘာသာ ကာကွယ်ရေး ဥပဒေကြမ်းများ ရုပ်သိမ်းရန် လိုလားကြောင်း စသည်ဖြင့် သူမ၏ တွေ့ရှိချက် နှင့် အကြံပြုချက် များကိုလည်း ထည့်သွင်း ပြောကြား ခဲ့ပါသည်။

မြန်မာနိုင်ငံ သည် ဒီမိုကရေစီ အသိုက်အဝန်း တစ်ရပ်သို့ ရှေးရှုလျက် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရာတွင် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး နှင့် တရားဥပဒေ စိုးမိုးရေး တို့ကို ဦးစားပေး ထိန်းသိမ်း ဆောင်ရွက်ရန် လိုအပ် ပါသည်။ ပြည်တွင်း ငြိမ်းချမ်းရေး နှင့် တရားဥပဒေ စိုးမိုးရေး တို့ကို ထိန်းသိမ်း နိုင်ရေး အတွက် တည်ဆဲ ပြည်တွင်း ဥပဒေ တစ်ရပ်ရပ်အား ချိုးဖောက်သည့် မည်သူကို မဆို ဥပဒေအရ အရေးယူ သွားရန် လိုအပ်ပါသည်။ မည်သည့် လွတ်လပ်ခွင့် တစ်ရပ်ရပ် ကိုမဆို ဥပဒေနှင့် အညီ ကျင့်သုံးခြင်း အတွက် အရေးယူခြင်း မျိုးမရှိပါ။ မီဒီယာ လွတ်လပ်ခွင့် အားလည်း ကန့်သတ် ထားခြင်း မရှိပါ။ သို့သော် တရားဥပဒေ ချိုးဖောက်သူ မည်သူမဆို နိုင်ငံတော်၏ တည်ဆဲ ဥပဒေများ အရ အရေးယူ ခံရမည်သာ ဖြစ်ပါသည်။

မြန်မာနိုင်ငံ သည် တစ်ချိန်တည်း မှာပင် ပြည်သူ အများ၏ သဘောဆန္ဒကို ထည့်သွင်း စဉ်းစားလျက် ပြည်သူများ အကျိုးကို ဖော်ဆောင်နိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်အညီ ခေတ်မမီသော ဥပဒေများ ပြင်ဆင်ခြင်း၊ အသစ် ရေးဆွဲခြင်း များလည်း ပြုလုပ်လျက် ရှိပါသည်။ ဤသို့ ဥပဒေများ ပြင်ဆင်ခြင်း၊ ရေးဆွဲခြင်း တို့ ပြုလုပ်ရာတွင် ပွင့်လင်း မြင်သာမှု ရှိစေရန် အထူး အလေးပေး ဆောင်ရွက်လျက် ရှိသကဲ့သို့ ပြည်သူတို့၏ ဆန္ဒကိုလည်း အလေးထားမည် ဖြစ်ပါသည်။

၁၉၈၂ ခုနှစ် တည်ဆဲ နိုင်ငံသား ဥပဒေတွင် ၁၈၂၃ ခုနှစ် မတိုင်မီ ကပင် မြန်မာနိုင်ငံတော် အတွင်း၌ အမြဲတမ်း အခြေချ နေထိုင်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသား များနှင့် မျိုးနွယ်စု များသည် မြန်မာ နိုင်ငံသားများ ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထား ပါသည်။ မြန်မာနိုင်ငံ အနေဖြင့် သမိုင်းတွင် မည်သည့် အခါကမျှ မရှိခဲ့သည့် ''ရိုဟင်ဂျာ'' ဟူသည့် အသုံးအနှုန်းကို လက်ခံထားခြင်း မရှိသကဲ့သို့ အသိအမှတ်ပြု ထားခြင်းလည်း မရှိပါ။ နိုင်ငံသား ဖြစ်မှု ကိစ္စအား ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့် အညီသာ ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ အနေဖြင့် ဒီမိုကရေစီ လူ့ အသိုက်အဝန်း တစ်ရပ် တည်ဆောက်ခြင်း ကို ပြည်သူ ဗဟိုပြု မူဝါဒ တစ်ရပ်ဖြင့် အားသွန် ခွန်စိုက် အကောင် အထည်ဖော်လျက် ရှိရာတွင် ပြည်သူများ ကလည်း ဒီမိုကရေစီ အခွင့်အရေး များ ခံစား ကျင့်သုံးခြင်း နှင့်အတူ လက်တွဲ ပါဝင် ကြိုးပမ်းလျက် ရှိပါသည်။ ဤသို့ ကြိုးပမ်းရာတွင် တာဝန်သိမှု နှင့် တာဝန်ယူမှု တို့လည်း တစ်ဆင့်ပြီး တစ်ဆင့် မျှတစွာ တိုးတက်ဖြစ်ပေါ် လာရန်နှင့် ရင့်ကျက်လာ မှသာ ဒီမိုကရေစီ လူ့အသိုက်အဝန်း ရည်မှန်းချက် ပန်းတိုင်သို့ တည်ငြိမ် အေးချမ်း စွာဖြင့် ရောက်ရှိမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ အနေဖြင့် ဤ ရည်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိရန် မဆုတ်မနစ် ကြိုးပမ်း သွားမည်ဟု သန္နိဋ္ဌာန် ချပြီး ဖြစ်သည့် အတိုင်း မည်သို့ သော အခက်အခဲများ၊ စိန်ခေါ်မှုများ ကြုံတွေ့ ရသည်ဖြစ်စေ ရင်ဆိုင် ဖြေရှင်းလျက် ရှေ့သို့ ဆက်လက် ဆောင်ရွက် သွားမည်သာ ဖြစ်ပါသည်။

နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် ဒီမိုကရေစီ ပြောင်းလဲစ နုနယ်သေးသည့် နိုင်ငံတစ်ခုက ရင်ဆိုင် ဖြေရှင်း နေရသည့် စိန်ခေါ်မှုများ နှင့် အခက်အခဲ များကို သဘောပေါက် နားလည်ရန် လိုအပ် ပါသည်။ မြန်မာနိုင်ငံ၏ ပကတိ အခြေအနေ များကိုလည်း မျှတစွာနှင့် ဖြောင့်မတ်စွာ ရှုမြင်ရန် လိုအပ်ပါသည်။ အရှိန်အဟုန် ရရှိလျက် ရှိသည့် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ ပိုမို တိုးတက် လာရေး၊ အထူးသဖြင့် မြန်မာပြည်သူ များ၏ လူ့အခွင့်အရေး တိုးမြှင့်ရေး နှင့် ကာကွယ်ရေးတို့ တိုးမြှင့် ဆောင်ရွက်ချက် များအပေါ် အပြုသဘောဖြင့် ဆက်လက် ကူညီ အားပေးရန် လိုအပ် ကြောင်း ဖော်ပြအပ် ပါသည်။

နိုင်ငံခြားရေး ၀န်ကြီးဌာန
နေပြည်တော်

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger