www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 7, 2014

စာပေဖတ်ရှုခြင်း


စာပေဖတ်ရှုခြင်း

စာပေ အရေးသားသည် ခေတ်နှင့် လိုက်၍ ပြောင်းလဲ လာတတ်သည့် သဘော ရှိသည်။ မြစ်တို့သည် အချိန်ကာလ ပြောင်းလဲ လာသည်နှင့် အမျှ ရေကြောင်း ပြောင်းလဲ လာတတ် သကဲ့သို့ စာပေ၊ ကဗျာ အရေးအသား တို့သည်လည်း ခေတ် ရေစီးကြောင်း နှင့်အတူ ပြောင်းလဲ လာခဲ့သည်။

သို့ရာတွင် အကျိုးရှိသည့် စာပေဆိုလျှင် စာတစ်လုံးချင်း အလိုက် တန်ဖိုးကြီးမား သည်ဖြစ်ရာ တန်ဖိုး မဖြတ်နိုင်သော အကျိုးတရား များကို ပေးစွမ်း နိုင်သည်။ ခေတ်အလိုက် စာကောင်း ပေမွန်များ အများအပြား ထွက်ပေါ်ခဲ့ရာ စာပေသည် ခေတ်ကို ထင်ဟပ်စေသည်မှာ အမှန်ပင် ဖြစ်သည်။ ခေတ် တစ်ခေတ်၏ ကြေးမုံပြင် သည် ထိုခေတ်၏ စာပေပင် ဖြစ်သည်။

စာပေ၏ ကောင်းခြင်း၊ မကောင်းခြင်းမှာ စာဖတ်ရှု သူတို့၏ အသိပညာ အနည်းအများ အလိုက် ခံယူတတ်မှုအပေါ်တွင် လည်း မူတည်သည်။ တစ်နည်း ဆိုပါက ဖတ်ရှု သူတို့က မိမိတို့ ဖတ်ရှုသောစာပေ ၏ တန်ဖိုးကို ချင့်ချိန် တတ်မှသာ စာပေ၏ ကောင်းခြင်း၊ မကောင်းခြင်း၊ အကျိုးပြုခြင်း၊ မပြုခြင်း တို့ကို သိနိုင်သည်။

ယခု အချိန်တွင် ခေတ် ရေစီးကြောင်း ပြောင်းလဲ လာ၍ ရှေးစာဆို ပညာရှင် ကြီးများကဲ့သို့ အချိန် ပေးကာ သီကုံး ဖွဲ့နွဲ့သူတို့ ရှားပါးခဲ့ပြီ ဖြစ်သည်။ ထိုစာပေ များပင်လျှင် စာဖတ်သူ တို့၏ တွေးခေါ်မှု၊ လိုက်ပါ စဉ်းစားနိုင်မှု အားနည်းခြင်း တို့ကြောင့် ဖတ်ရှုသူ နည်းပါးလျက် ရှိနေသည်။ အသိ ဉာဏ်ပညာ ကြွယ်ဝရန်မှာ လွယ်လွယ်နှင့် မရနိုင်ပေ။ သု ၊ စိ ၊ ပု ၊ ဘာ ၊ ဝိ ၊ လိ ၊ သိ ၊ ဓာ ဟူသော ကြားနာ ၊ ကြံစည် ၊ မေးမြန်း ၊ ပြောဆို ၊ စူးစမ်း ၊ ရေးသား ၊ လေ့ကျင့် ၊ နှုတ်ငုံဆောင် ခြင်းတို့ဖြင့် အားထုတ် ကြိုးပမ်း ရသည်။

ခေတ်ဆိုသည်မှာ တိုးတက်လာ လေလေ ခံစားလိုမှု အာရုံများ လာလေလေ၊ စားရေး၊ ဝတ်ရေး၊ နေထိုင်ရေး အတွက် ရုန်းကန်ရ လေလေ ဖြစ်သည်။ မည်သည့် နိုင်ငံမဆို ခေတ်သံသရာ၌ လည်ပတ် နေကြ ရသည်။ သုတ်သုတ်စား၊ သုတ်သုတ်သွား၊ သုတ်သုတ် လုပ်ကိုင် နေကြရသည့် အချိန်ကို ရောက်လာရာ ဂနဝ္ထ င် စာကြီး ပေကြီး များကို အချိန်ယူပြီး မဖတ်နိုင် ကြတော့ပေ။

စာကို အချိန်ယူ မဖတ်နိုင် သောကြောင့် ထင်းကနဲ အဓိပ္ပာယ် ပေါ်မှ ကွင်းကနဲ နားလည်လွယ်မှ ဖတ်ချင် ကြသည့် အခြေအနေသို့ ရောက်လာပြီး စာပေ ဖတ်ရှု လေ့လာရန် အချိန်မပေး ကြတော့ဘဲ ဖြစ်လာသည်။ သို့သော် အသိ ဉာဏ်ပညာ၊ ဗဟုသုတ တို့မှာ ပညာ သင်ကြားရုံဖြင့် မရနိုင်၊ စာပေဖတ်ရှု လေ့လာ မှတ်သား မှသာ ရနိုင်သည်။

စာပေ ဖတ်ရှုချိန် နည်း၍ အချို့က စာပေကို ရွေးချယ်၍ ဖတ်ကြသည်။ ထိုသို့ ရွေးချယ် ဖတ်ရာ၌ ဘယ်စာသည် အကောင်းဆုံး ဟု သတ်မှတ်ရ ခက်သည်။ ရသစာပေ ဖြစ်စေ၊ သုတစာပေ ဖြစ်စေ စာမှန်လျှင် ကောင်းသည် ချည်းသာ ဖြစ်သည်။ အဆိပ် အတောက် အညှီ အဟောက် ကင်းပါက မကောင်းသော စာဟူ၍ မရှိပါ။ သို့ဖြစ်၍ ခေတ်စနစ် မည်မျှပင် ပြောင်းစေ ကာမူ၊ စာပေ ရေစီးကြောင်း မည်မျှပင် ပြောင်းစေ ကာမူ စာဖတ်ခြင်းမှ ရရှိလာသည့် အသိပညာ၊ ဗဟုသုတ များကို ရရှိ အသုံးချ နိုင်ရန် အချိန်ရ သမျှ မည်သည့် စာပေကို မဆို ဖတ်ရှုကြ ရမည်သာ ဖြစ်ကြောင်း ရေးသား လိုက်ပါသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger