www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 31, 2014

သင်ယူလေ့လာ ဆည်းပူးပါ


သင်ယူလေ့လာ ဆည်းပူးပါ

လေးမွန်

လောကမှာ ပညာဟာ တန်ဖိုး မဖြတ်နိုင်ဆုံးသော ရတနာ ရွှေအိုး တစ်ခုလည်း ဖြစ်ပါတယ်။ ပညာနဲ့ ပတ်သက်တဲ့ စကားပုံ ၊ သာဓက များစွာ ရှိပါတယ်။ ပညာမရှိရင် လူလောက၌ ပွဲလယ် မတင့်ဘဲ နေရာ တကာတွင် မျက်နှာငယ် ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပညာကို ငယ်စဉ် အခါမှစ၍ အရှက် အကြောက် မရှိဘဲ မပေါ့မလျော့ ၊ သင်အံ ကျက်မှတ် ၊ သင်ယူ လေ့လာဆည်းပူး မှသာ တိုးတက်တဲ့ လူနေမှု အဆင့်အတန်း နဲ့ ရင်ပေါင်တန်း လိုက်နိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ငယ်စဉ် တောင်ကျေး ကလေးဘ၀မှ စ၍ တစ်နှစ်ထက် တစ်နှစ် ပိုမိုတိုးတက် အောင်မြင်လာအောင် ဆရာ ဆရာမ များရဲ့ ဆိုဆုံးမမှု ကိုလည်း နာခံတတ်ဖို့ နဲ့ မမှားသင့်တာ မမှားရအောင် သင်ယူ လေ့လာ ဆည်းပူး ရမှာ ဖြစ်ပါတယ်။

ပညာကို ရှာမှီးရာတွင် အိုသည် မရှိပါ။ ပညာကို လေ့လာသင်ယူ လိုလျှင် ကောင်းမွန်သော မည်သည့် အသိပညာ ၊ အတတ်ပညာ မျိုးကိုမဆို ဆရာသမား မရွေး ၊ အဆင့်အတန်း မရွေး ပညာရှိသူများ ထံမှ မှီဝဲ ဆည်းကပ် နည်းယူပြီး လေ့လာရပါမယ်။ ကလေးငယ် လေးများရဲ့ ဘ၀ တိုးတက်မှုဟာ ငယ်စဉ်ကပင် အရေးကြီး သောကြောင့် ငယ်စဉ် အခါမှစ၍ စာပေတွင် သာမက ဗဟုသုတ ရဖွယ် စာအုပ် စာပေများ ဖတ်ရှုခြင်း ၊ အားလပ်ချိန် များတွင် ကိုယ်လက် လှုပ်ရှား အားကစားများ ပြုလုပ်ခြင်း ၊ သစ်ပင် ပန်းမန်များ စိုက်ပျိုးခြင်း နဲ့ ယဉ်ကျေး လိမ္မာစေရန် ကလေး လူငယ်များ အတွက် ဖွင့်လှစ် သင်ကြား ပေးနေတဲ့ ယဉ်ကျေး လိမ္မာ ဗုဒ္ဓဘာသာ သင်တန်း များကို တက်ရောက် စေခြင်း အားဖြင့် တိုးတက်နေသော ခေတ်ကြီးကို အမီလိုက် နိုင်ဖို့ ကြိုးစားသင့် ပါတယ်။ ဒီနေရာမှာ တစ်ခု ပြောချင်တာ ကတော့ တိုးတက်နေတဲ့ ခေတ်ကြီးကို အမီလိုက်နိုင်ဖို့ ဆိုတာကို တလွဲ အထင်မမှား ကြဖို့ ပြောကြား ချင်တယ်။ ဘာကြောင့်လည်း ဆိုတော့ ယနေ့ အချိန်အခါမှာ မြို့တိုင်း ၊ ရပ်ကွက်တိုင်း တွင် အင်တာနက် ဆိုင်တွေ ၊ ဂိမ်းဆိုင်တွေ ရှိနေပါတယ်။ ဒါကြောင့် အတုမြင် အတတ်သင် ဆိုသလို ယခုလို ကျောင်းဖွင့်စ ကာလမှာ ကျောင်းဆင်းပြီး တာနဲ့ အိမ်မပြန် သေးဘဲ ဂိမ်းဆိုင် ၀င်ပြီး ဂိမ်းဆော့ ကစားတတ်တဲ့ အကျင့် မလုပ်မိဖို့ လိုပါတယ်။ ဂိမ်း ကစားခြင်း ကလည်း စွဲလမ်း စေတတ်တဲ့ ကစားနည်း ဖြစ်တဲ့ အတွက် အတုယူ မမှား ကြဖို့ မှာချင် ပါတယ်။

ဒါကြောင့် ငယ်ရွယ်စဉ် ပညာရှာချိန်မှာ အလေ့အကျင့် ကောင်းများနဲ့ အသိဉာဏ်ပညာ ကောင်းများကို သင်ယူ လေ့လာခြင်းဖြင့် ကလေးများရဲ့ စိတ်ဓာတ်နဲ့ အရည်အသွေး များကို တိုးတက် ကောင်းမွန် လာပြီး စာပေရဲ့ ကျေးဇူးတရာ များကိုလည်း သိရှိ နားလည်လာမှာ ဖြစ်ပါတယ်။ ကလေး တစ်ယောက်ရဲ့ ဘ၀ ရှင်သန် ရပ်တည်ဖို့နဲ့ ဘ၀ တစ်လျှောက်လုံး မယိမ်းမယိုင်ဖို့ ၊ လမ်းဖြောင့် တည့်မတ် သွားဖို့ ၊ ထက်မြက် ထူးချွန်တဲ့ လူကောင်း တစ်ဦးဖြစ်ဖို့ ဆိုတာ ငယ်ရွယ်စဉ်မှစပြီး စာသင်ချိန် ၊ ကစားချိန် ၊ အစားစားချိန် ၊ အိပ်ချိန် တို့ကို စနစ်တကျ အကျိုးရှိစွာ အသုံးချ သွားရမှာ ဖြစ်ပါတယ်။

အဲဒီလို အချိန်နဲ့ တစ်ပြေးညီ လုပ်ဆောင် သွားနိုင်မှသာ ထို ကလေး တစ်ယောက်ရဲ့ ကိုယ်ကျင့် သိက္ခာ ပိုမို ကောင်းမွန်လာပြီး စာပေကို ချစ်မြတ်နိုး တဲ့စိတ် ၊ အများ အကျိုးကို သယ်ပိုး ရွက်ဆောင် လိုတဲ့စိတ် နဲ့ အမျိုး ဘာသာ သာသနာကို လေးစား တန်ဖိုးထားတဲ့ စိတ်များ ဖြစ်ပေါ်ပြီး အနာဂတ် ကာလမှာ တိုင်းပြည်နဲ့ လူမျိုးအတွက် ထူးချွန်တဲ့ လူရည်ချွန် ၊ လူရည်မွန် ကောင်းများ ပေါ်ထွန်း လာမှာ မုချမလွဲ ဧကန်ပင် ဖြစ်ပါကြောင်း ရေးသား တင်ပြ လိုက်ရပါသည်။

မြ၀တီရသစုံမဂ္ဂဇင်း ( ကလေးလူငယ် ကဏ္ဍမှ )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger