www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 23, 2014

မြစ်ကမ်းပါး ပြိုကျမှုကြောင့် ရွာခုနစ်ရွာမှ အိမ်ခြေ ၆၀၀ ရွှေ့ပြောင်းရပြီး လယ်ယာမြေ များစွာဆုံးရှုံး



စလင်း ၊ ၂၃-၇-၂၀၁၄

မကွေးတိုင်း ဒေသကြီး ၊ စလင်းမြို့နယ် တွင် ဧရာဝတီ မြစ်ကမ်း ပြိုကျမှုကြောင့် ဆင်မကျွန်း ကျေးရွာ အုပ်စုအတွင်းရှိ ရွာပေါင်း ၇ ရွာရှိ အိမ်ခြေပေါင်း ၆၀၀ ကျော် ရွှေ့ပြောင်း ရပြီး စိုက်ပျိုး ထွန်ယက်လျက် ရှိသော လယ်ယာမြေ များလည်း ဆုံးရှုံး ပျက်စီးလျက် ရှိကြောင်း နှင့် လတ်တလော အခြေအနေ အရ အရေးပေါ် အကူအညီများ လိုအပ်လျက် ရှိကြောင်း သိရသည်။

စလင်းမြို့နယ် ဆင်ဖြူကျွန်း ဒေသ၏ အရှေ့ မြောက်ဘက် ၆ မိုင်ခန့် အကွာရှိသော ဆင်မကျွန်း ကျေးရွာအုပ်စု သည် ရွာခွဲပေါင်း ၁၁ ရွာဖြင့် ဖွဲ့စည်း ထားပြီး ပဲ ၊ နှမ်း ၊ ပြောင်း ၊ အာလူး ၊ ကြက်သွန် နှင့် ဥယျာဉ် သီးနှံများ ထွက်ရှိသည်။ ယခုအခါ ဆင်မကျွန်း ကျေးရွာ အုပ်စု၏ မူလ စိုက်ကွင်း ၈ ကွင်း ၊ ဧကပေါင်း ၆၁၀၀ ရှိရာ ဧက ၄၀၀၀ ကျော် ဆုံးရှုံး ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဆင်မကျွန်း ကျေးရွာအုပ်စု သည် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲပြီး ဒေသဖွံ့ဖြိုးရေး လမ်းများ လိုအပ်လျက် ရှိကြောင်း ၊ ယခုနှစ်ပိုင်း အတွင်း မြစ်ရေ တိုက်စားမှု သက်သာ လျော့နည်း သွားစေရန် နိုင်ငံတော်က ငွေကျပ် သိန်း ၁၆၀ ကျော် အကုန်အကျ ခံကာ ရေထိန်း ကာတာများ ဆောက်လုပ် ပေးခဲ့ သော်လည်း ရေစီး ကြမ်းတမ်းမှုကြောင့် အချည်းနှီး ဖြစ်ခဲ့ရကြောင်း ၊ ယခုအခါ မြစ်ကမ်းပါး ပြိုကျမှုကြောင့် ထွန်ယက် စိုက်ပျိုးရန် မြေမရှိ တော့သည့် အပြင် အိမ်ရာများ ပြောင်းရွှေ့ နေထိုင် ရသဖြင့် ယာမြေ ဈေးနှုန်းလည်း မြင့်တက် လာခဲ့ကြောင်း ၊ ယခင်က တစ်ဧကလျှင် ငွေကျပ် ၁၅ သိန်းခန့်သာ ရှိခဲ့သော်လည်း ယခုအခါ တစ်ဧကလျှင် ငွေကျပ် ၂၅ သိန်းအထိ မြင့်တက် လာကြောင်း ဒေသခံများ ထံမှ သိရသည်။ ဆင်မကျွန်း အုပ်စု ချင်းပြစ် ကျေးရွာသည် ၁၉၅၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ၈ ကြိမ်တိုင်တိုင် ရွှေ့ပြောင်း ခဲ့ရပြီး ဖြစ်ကာ ယခုနှစ်တွင်လည်း မြစ်ကမ်းပါး နှင့် ပေ ၆၀ အကွာတွင် ရောက်ရှိလျက် ရှိကြောင်း သိရသည်။

အလားတူ စလင်းမြို့နယ် အတွင်းရှိ ကျွန်းရွာ ၊ ဘိုကုန်းရွာ ၊ ကျူတောရွာ နှင့် ဇီးဖြူပင် ဒေသမှ ကျွန်းသာ အရှေ့ရွာ ၊ အနောက်ရွာ နှင့် ရေလယ်မြောင်း ရွာ တို့သည်လည်း ဧရာဝတီမြစ် ကမ်းပါး ပြိုကျမှု များကြောင့် ပြီးခဲ့သည့် ဇွန်လမှ စတင်၍ ရွာပေါင်း ၆ ရွာခန့် ပြောင်းရွှေ့မှုများ ပြုလုပ် ခဲ့ရပြီး စိုက်ပျိုးမြေ ဧကပေါင်း များစွာလည်း ဆုံးရှုံး ခဲ့ရကြောင်း သိရှိရသည်။

မျိုးမင်း ( ထုံးပေါက်တော )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger