ဈေးကွက်ဝင် ငါးသလောက်
နွယ်ဦးမွန် ( ကျုံဒါး )
ငါးသလောက် သည် ငါးများထဲတွင် အကောင်းဆုံး ငါးဖြစ် " တော်ဝင်ငါး " ဟု ဆိုထိုက်သည်။ စားသုံးရာတွင် အနံ့ အရသာ နှင့် ပြည့်စုံလှ၍ လူတိုင်းနီးပါး နှစ်သက် ကြသည်။ " ငါး ငါးသလောက် မယား ဆံတောက် " ဟု ပြောစမှတ်ပြု ရသည်အထိ ငါးသလောက် ကို လူတိုင်း ကြိုက်နှစ်သက် သည်။
ငါးသလောက်ကို ကြော်လှော် ချက်ပြုတ် စားနိုင်သည့် အပြင် ပေါင်းစားလျှင်လည်း အရသာ အထူး ကောင်းမွန်သည်။ ရွှံ့မံပြီး မီးဖုတ်၍ ရှောက်သီးနှင့် နယ်ကာ အစိမ်း သုပ်စားလျှင်လည်း အလွန် အရသာ ရှိသည့် ငါးဖြစ်သည်။
တံငါလုပ်ငန်း တွင် ငါးသလောက် ဖမ်းခြင်း လုပ်ငန်းသည် ကြီးမား ကျယ်ပြန့်သည့် စီးပွားရေး ဖြစ်သောကြောင့် ငွေ အရင်းအနှီး များစွာ မြှုပ်နှံ၍ လုပ်ကိုင် ကြရသည်။
ငါးအ၀ယ်ဒိုင် များက ငွေ ၊ လှေ နှင့် ပိုက် စသည့် ပစ္စည်းများကို စိုက်ထုတ်ပေး၍ ငါးဖမ်းနိုင်ရန် ထည့်ပေး ရသည်။ တံငါသည်များ ဖမ်းမိလာသော ငါးသလောက် များကို ပေါက်ဈေးနှင့် ၀ယ်ယူ ကြရသည်။ ငါးသလောက် ကို အထူး ရက်လုပ် ထားသော ပိုက်များဖြင့်သာ ဖမ်းယူရသည်။
" ကိုတံငါ လှေယာဉ် စီးပါလို့ ပိုက်ကြီးကို ရေချလာ " ဆိုသော တေးသွားနှင့် အညီ ပိုက်များကို လှေပေါ်တင်ကာ စားအိုး စားခွက် နှင့် မြစ်တွင်းတွင် ရေစုန် ရေဆန် ပိုက်မျှော ကြရသည်။ လှေတစ်စင်း တွင် လူ ၂ ဦး ပါရသည်။ ပိုက်အလျား လက်အလဲ ၁၀၀ မှ ၁၅၀ အကြား အရှည် ရှိရမည်။ ပိုက်မျှောသည်ကို ပိုက်ပစ်သည်ဟု ခေါ်သည်။
ငါးသလောက် ပိုက်မျှော၍ ငါးရှာသော ရာသီကို သုံးမျိုးခွဲခြား သတ်မှတ်သည်။ သီတင်းကျွတ် ၊ တန်ဆောင်မုန်းလ များကို " တောကျွတ်ရေ " ၊ နတ်တော် ၊ ပြာသို ၊ တပို့တွဲ လများကို " မော့ရေ " ဟုခေါ်၍ တန်ခူး ၊ ကဆုန် ၊ နယုန် လများကို " ရေပြာ " ဟု တံငါများ၏ ဓလေ့အရ ခေါ်သည်။
ထို သုံးရေတွင် ငါးအများဆုံး ရသည့် ရေမှာ သီတင်းကျွတ် ၊ တန်ဆောင်မုန်း " တောကျွတ်ရေ " ဖြစ်သည်။ " ငစီး " ဟု ခေါ်သော ငါးဆယ်သား မှ ခုနှစ်ဆယ်သား အတွင်း အလေးချိန် ရှိသည့် ငါးသေးများ ပိုက် အတိုးများသည်။ တံငါသည် များသည် ထိုရေကို အဓိကထား၍ ပိုက်မျှော ကြရသည်။ တစ်နှစ်လုံး အတွက် ထိုရေသည် ငါးအလုံးလိုက် အခဲလိုက် ရသောကြောင့် ဖြစ်သည်။ " ကြွေးကြီးဆပ်ရေ " ဟုလည်း ခေါ်ကြသည်။ နောင် ရေများတွင်မူ ငါးတိုး မမှန်တော့ပေ။
ငါးသလောက် ကို အသေး ၊ အလတ် ၊ အကြီး ဟူ၍ သုံးမျိုးခွဲသည်။ ငါးဆယ်သား ၊ ခြောက်ဆယ်သား ငါးကို အသေး ၊ ခုနှစ်ဆယ်သား ၊ ရှစ်ဆယ်သား ငါးကို အလတ် ၊ ကိုးဆယ်သား မှ တစ်ပိဿာ အထက် ငါးကို အကြီး ဟူ၍ ဖြစ်သည်။ ရှယ်ဟူ၍လည်း ခေါ်ကြသည်။
မိုးရာသီတွင် လှိုင်းလေထန် သောကြောင့် မြစ်တွင်းမှသာ ပိုက်မျှော ကြသည်။ မိုးလေ ကင်းမှသာ ပင်လယ်ပြင်သို့ ထွက်၍ ပိုက်မျှော ကြသည်။
ငါးသလောက် ပိုက်ကွင်းသည် ၄ လက်မ အကျယ်ရှိသည့် ငါးဆယ်သား အထက်ငါးကိုသာ မိသည်။ ငါးသေးများကို မဖမ်းကြပါ။ သို့သော် ယခုအခါတွင် " ရေလား ငါးလား " ဆိုသော ပိုက်ကွင်းစိပ် ပိုက်များ နှင့် ငါးသေး များကိုပါ ဖမ်းယူ နေကြသဖြင့် ငါးမျိုးသုန်းမည့် အန္တရာယ် နှင့် ကြုံတွေ့ နေရသည်။ ထို ပိုက်စိပ် များသည် (ချိ) ကောင်ကိုပင် အလွတ် မပေးဘဲ ဖမ်းနိုင်သည်။ သို့ဖြင့် မြန်မာ့ ပင်လယ်ပြင် တွင် ငါးသလောက်များ တဖြည်းဖြည်း ရှားလာသည်။
ငါးသလောက် ပိုက်လုပ်ငန်းသည် နာဂစ်မုန်တိုင်း ကျပြီးသည့် နောက်ပိုင်းတွင် လုပ်ငန်း သိပ်မကောင်းတော့ပေ။ နာဂစ်မုန်တိုင်း တွင် အရင်းအနှီး များစွာ ဆုံးရှုံး ကြရ၍ ပြန်လည်ပြီး အသစ်တစ်ဖန် တည်ထောင် ကြရသည့် အတွက် ငွေ အရင်းအနှီးများ မစိုက်ထုတ် နိုင်ကြ၍ လုပ်ငန်း နှောင့်နှေးမှု ဖြစ်ကြရသည်။ ငါးသလောက် ပိုက်လှေတစ်စင်း ရေဆင်းရန် ဆိုလျှင် ငွေကျပ် ၁၀ သိန်း ၀န်းကျင်ခန့် ကုန်ကျမည် ဖြစ်သည်။
တံငါသည် များသည် ဖမ်းမိသော ငါးများကို အ၀ယ်ဒိုင် များသို့ သွင်းရသည်။ အ၀ယ်ဒိုင် များမှ ထုပ်ပိုး၍ ရန်ကုန်မြို့ သို့ တင်ပို့ကြပြီး ထိုမှ တစ်ဆင့် ပြည်ပသို့ တင်ပို့ ကြသဖြင့် မြန်မာ့ ငါးသလောက်သည် နိုင်ငံခြားငွေ ရှာပေးနေသည့် စီးပွားရေး တစ်ခုဖြစ်ကြောင်း ရေးသား တင်ပြ လိုက်ရသည်။
#Themyawadydaily
No comments:
Post a Comment