လူတစ်ယောက် တွင် အစာအိမ်နှစ်ခု ရှိသည်
လူတစ်ယောက် မှာ အစာအိမ် နှစ်ခုရှိသည် ဆိုသဖြင့် အံ့သြသွား ကြမည် ထင်သည်။ အမှန်ပင် ရှိပါသည်။ ထိုနှစ်ခုမှာ လူ့ ကျန်းမာရေး အတွက် အလွန် အရေးပါသော အစာသစ်အိမ် နှင့် အစာဟောင်းအိမ် တို့ဖြစ်သည်။ အစာစား သမျှကို ခြေပေးသည့် အစာအိမ် (အစာသစ်အိမ်) သည် အစာကို ခြေပေး သော်လည်း အာဟာရကို မစုပ်ယူပေ။ ခြေလိုက်သော အစာမှ လူအတွက် လိုအပ်သော အာဟာရကို အူသိမ်၊ အူသေး၊ အူမ တစ်လျှောက် စုပ်ယူသည်မှာ အစာဟောင်း အိမ်ခေါ် အူမကြီး အဆုံးပိုင်း စအိုပေါက် နားအထိ ဖြစ်သည်။ အစာဟောင်းအိမ် သည် နောက်ဆုံး လက်ကျန် အာဟာရကို စုပ်ယူသည့် နေရာ ဖြစ်သည်။
လူတစ်ဦး၏ ကျန်းမာရေး ကို မေးမြန်း သောအခါ စားကောင်း ရဲ့လား ဟု ဦးစွာ မေးလေ့ ရှိသည်။ ထို့နောက်တွင် ဝမ်းမှန်ရဲ့လား ဟု မေးသည်။ စားကောင်း၍ အစာကြေလျှင် ဝမ်းလဲမှန်လေ့ ရှိသည်။ မစားချင် မသောက်ချင် အစာမကြေ ရောဂါ ဖြစ်လျှင် ဝမ်းလည်း မမှန်နိုင် တော့ချေ။ အစာစား ကောင်း၍ များများစားပြီး ရေသောက်နည်း လျှင်လဲ ဝမ်းမမှန် နိုင်ပေ။ အစာဟောင်းအိမ် သည် ရေများများ သောက်ခြင်းကို နှစ်သက်သည်။ ရေဓာတ်နည်း ခြင်းကြောင့် ဝမ်းချုပ် တတ်သည်။
အစားအသောက် များကို အမျှင်ဓာတ် များသည့် အစာစားပါ ဆိုခြင်းမှာ အစာဟောင်းအိမ် အတွက် အကျိုးရှိသော ကြောင့် ဖြစ်သည်။ အမျှင်ဓာတ် များများ ပါသော အစာများ စားလျှင် ဝမ်းသွားရ လွယ်ကူ သဖြင့် အူမကြီး ရောင်ခြင်း၊ ဝမ်းကို ညှစ်၍ ခဲရာခဲဆစ် သွားရခြင်းများ မဖြစ်နိုင်ပေ။
အသီးအနှံ၊ ဟင်းသီး ဟင်းရွက် မှန်သမျှသည် အမျှင်ဓာတ် များသော အစာများ ဖြစ်သည်။ ဆန်နှင့် ဂျုံဆိုလျှင် ဂျုံကပိုပြီး အမျှင်ဓာတ် များသည်။ ဆန်စေးနှင့် ဆန်ကြမ်း ဆိုလျှင် ဆန်ကြမ်းက ပို၍ အမျှင်ဓာတ် များသည်။ မုန်လာဥဖြူ၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီ၊ မှို၊ ကန်စွန်းရွက်၊ ကိုက်လန်၊ မုန်ညင်းစိမ်း၊ နိုကိုလီ၊ မျှစ်၊ ငှက်ပျောအူ၊ ဒန့်သလွန်သီး၊ ခရမ်းသီး၊ ပဲတောင့်ရှည်၊ ပဲစောင်း လျားသီး၊ ဗိုလ်စား ပဲသီး၊ ခဝဲသီး၊ ဗုံလုံသီး၊ ပဲပင်ပေါက်၊ ဂျူးမြစ်၊ နံနံပင်၊ ကြက်သွန်မြိတ် စသည် တို့သည် နေ့စဉ် အိမ်ရှင်မများ ဟင်းချက်စရာ အဖြစ် အသုံးပြု နေသည်များ ထဲမှ အမျှင်ဓာတ် များသည့် အစားအစာ များ ဖြစ်သည်။
ရိုးရာ ဆေးပညာ အမြင်အရ အမျှင်များသော အစာသည် ဝါယောဓာတ် အစာဖြစ်သည်။ လေပွနိုင် သလို လေကို အောက်သို့လည်း တွန်းချ နိုင်သည်။ လူအများ အစာစား သောအခါ အစာသစ်အိမ် အတွက်သာ စဉ်းစား ကြသည်။ အစာကြေ ရန်သာ အာရုံထား ကြသည်။ အစာဟောင်းအိမ် တွင် မစင်ဖြစ်မည် အထိ ထည့်မစဉ်းစား ကြပေ။ အသားစား များပြီး အမျှင်ဓာတ် (ဝါယောဓာတ်) ပါသောအစာ အစားနည်းလျှင် ဝမ်းဖြစ်သော အဆင့်တွင် မာကျစ်ပြီး စမျဉ်း ဖြစ်သွား နိုင်သည်။ ထိုအခါ အူမကြီး အဆုံး အစာဟောင်းအိမ် ကို ရောင်သည် အထိ ဒုက္ခပေး နိုင်သည်။ အစာဟောင်းအိမ် သည် ဝမ်းညှစ်ရဖန် များသောအခါ စအိုပေါက်မှ သွေးကြောများ ဖောင်းကား လာပြီး လိပ်ခေါင်း ရောဂါဖြစ်လာ တော့သည်။ အပူအစပ် အလွန်စားသူ များတွင် ပါးစပ်အရသာ၊ ခံတွင်း အရသာ ကောင်းသော်လည်း အစာဟောင်းအိမ် အတွက် မကောင်းပေ။ အခန့် မသင့်လျှင် အပူလောင် ရာမှ အနာ ဖြစ်နိုင်သည်။
အစာသစ်အိမ် အတွက် အစာကြေ စေသော အစာများ ရွေးချယ် စားသောက်သော သူသည် ကျန်းမာ စေနိုင်သည်။ ထို့အတူ အသား များများ စားခြင်းကို လျှော့ပြီး အမျှင်ဓာတ် (ဝါယောဓာတ်) များသော အသီးအနှံ များများ စားပေးခြင်းဖြင့် အစာဟောင်းအိမ် အတွက်လည်း ကောင်းစေ နိုင်ကာ ''ဝမ်း တစ်လုံးကောင်း ခေါင်းမခဲ'' ဟူသော ကျန်းမာရေး ဆောင်ပုဒ်နှင့် ကိုက်ညီ နိုင်ကြောင်း တင်ပြလို ပါသည်။
ကြည်လွင်မြင့်(မုဒြာ)
No comments:
Post a Comment