www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 7, 2014

ဘေးကင်းလုံခြုံရေး ကို ဦးစားပေး


ဘေးကင်းလုံခြုံရေး ကို ဦးစားပေး

မြန်မာနိုင်ငံ တွင် ယာဉ်သုံးစွဲမှု များပြား လာသည်။ ယာဉ် သုံးစွဲမှု များပြား လာခြင်း နှင့်အတူ ယာဉ် မတော်တဆ ဖြစ်ပွားမှုလည်း များပြား လာသည်ကို တွေ့ရသည်။ ထိုသို့ ဖြစ်ရသည်မှာ သာမန် အားဖြင့် ဖြစ်ရိုး ဖြစ်စဉ် ကိစ္စတစ်ခုဟု ယူဆ နေကြ သော်လည်း ယာဉ် မတော်တဆ ဖြစ်မှုကြောင့် သေဆုံးသူ အများစုမှာ လူငယ်များ ဖြစ်နေကြောင်း သိရ၍ သတိပြု ရမည့်၊ တည့်မတ် ပေးရမည့် ကိစ္စရပ် ဖြစ်လာသည်။

မော်တော်ယာဉ် နှင့် ဆိုင်ကယ်များ တစ်ဟုန်ထိုး တိုးတက် များပြား လာမှုသည် ယာဉ် မတော်တဆ ဖြစ်မှုကို ပိုမို များပြား စေသည်။ အကြောင်းမှာ ယာဉ်ကို ကျွမ်းကျင်စွာ မောင်းနှင် နိုင်ခြင်း မရှိဘဲ၊ စည်းကမ်း များကို သေချာ မသိဘဲ မောင်းနှင်မှု များကြောင့် ယာဉ် မတော်တဆ မှုများ ဖြစ်ပေါ် လာရသည်။ ဤတွင် Safety first ဟူသော အင်္ဂလိပ် စာတန်းလေးကို ယာဉ်မောင်းနှင် သူတိုင်း သတိပြု မိ စေချင်သည်။

ထို စာတန်းလေးကို မော်တော်ယာဉ် များတွင် လည်းကောင်း၊ ဆောက်လုပ်ဆဲ ဆောက်လုပ်ရေး လုပ်ငန်းခွင် များတွင် လည်းကောင်း တွေ့ရ တတ်ပါသည်။ ထို စာတန်း လေးသည် ယာဉ်အသုံးပြု မောင်းနှင် ရာတွင် လည်းကောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင် ရာတွင် လည်းကောင်း ဘေးကင်း လုံခြုံရေးသည် ပထမ ဟူ၍ သတိပေး ထားခြင်း ဖြစ်ပြီး ဘေးကင်းရေး ဦးစားပေး ဆောင်ရွက်ပါ ဟူ၍ ဖြစ်သည်။

အထူးသဖြင့် ထိုစာတန်းသည် မော်တော်ယာဉ် အသုံးပြု မောင်းနှင် သူများ အတွက် ယာဉ် အန္တရာယ် မဖြစ်စေရန် သတိပေး နှိုးဆော် ထားခြင်း ဖြစ်သည်။ မော်တော်ယာဉ် ကို အန္တရာယ် ကင်းစွာ မောင်းနှင် အသုံးပြုပါဟု သတိပေး ထားခြင်း ဖြစ်သည်။ ယခုအခါ မော်တော် ကားများ၊ ဆိုင်ကယ်များ ကို သင့်တင့်သော၊ လူအများ သုံးစွဲနိုင်သော ဈေးဖြင့် ဝယ်ယူ သုံးစွဲ လာနိုင်ပြီ ဖြစ်၍ အဆိုပါ စာတန်းသည် ပိုမို၍ သတိပြု ရမည့် စာတန်း ဖြစ်လာသည်။

မော်တော်ကား၊ ဆိုင်ကယ် ဝယ်စီး နိုင်သူ များပြား လာခြင်းနှင့် အတူ ယာဉ်မောင်းသူ အသစ်များလည်း တစ်ဟုန်ထိုး များပြား လာသည်။ မော်တော်ကားမောင်းတတ် ခါစ၊ ဆိုင်ကယ် စီးတတ်ခါစ ယာဉ်မောင်း များသည် Safety first ဟူသော ဘေးကင်း လုံခြုံရေး သည် ပထမ ဟူသော သတိပေး စာကို သတိပြု လိုက်နာမှု အားနည်း၍ ယာဉ် မတော်တဆ ဖြစ်မှုများ တိုးပွား လာခြင်း ဖြစ်သည်။

ယာဉ် မတော်တဆ ဖြစ်ပွားမှု များသည် ယာဉ်မောင်းများ ကျွမ်းကျင်မှု မရှိသော ကြောင့် လည်းကောင်း၊ ဘေးကင်း လုံခြုံရေးကို ဂရုပြုမှု နည်းပါး သောကြောင့် လည်းကောင်း ဖြစ်ပွား ရခြင်း ဖြစ်သည်။ ယာဉ် မတော်တဆ ဖြစ်ပွားမှု များကို စစ်တမ်း ကောက်ယူ သည့်အခါ ယာဉ်စက်များ ချို့ယွင်းမှု ကြောင့် ဖြစ်ရခြင်းထက် ယာဉ်မောင်း များ၏ ပေါ့ဆမှုကြောင့် ဖြစ်ပွား သည်က ပိုမို များပြားသည်ကို တွေ့ရသည်။

သို့ဖြစ်ရာ ယာဉ် မတော်တဆ ဖြစ်ပွားမှု နှင့် ယာဉ် အန္တရာယ် ကင်းရှင်းရေး အတွက် ယာဉ်ကို ကျွမ်းကျင်စွာ မောင်းတတ် သူများနှင့် အမောင်းသင် ခါစသူများ အားလုံး အနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကို သိရှိ လိုက်နာကာ ဘေးအန္တရာယ် ကင်းရှင်းရေး သည် ဦးစားပေး ပထမ Safety first ဟူသည့် စာသားကို အလေး ဂရုပြု လိုက်နာ ကျင့်သုံး သင့်ကြောင်း သတိပေး ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger