www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 7, 2014

အိမ်နီးချင်း နှစ်နိုင်ငံ ဆက်ဆံရေး အဓွန့်ရှည်ကြာစေကြောင်း ဆုတောင်း ပတ္ထနာ


အိမ်နီးချင်း နှစ်နိုင်ငံ ဆက်ဆံရေး အဓွန့်ရှည်ကြာစေကြောင်း ဆုတောင်း ပတ္ထနာ

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် တတိယ အကြိမ် ဘင်းမ်စတက် အစည်းအဝေး သို့ တက်ရောက်ရန် နေပြည်တော် သို့ ရောက်ရှိ နေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား မတ် ၃ ရက် မွန်းလွဲ ၂ နာရီခွဲတွင် နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံ ခဲ့သည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု တိုးမြှင့်ရေး၊ နိုင်ငံအကြား ရင်းနှီး မြှုပ်နှံမှုနှင့် ကုန်သွယ်မှု ဖွံ့ဖြိုး တိုးတက်ရေး၊ နှစ်နိုင်ငံ လေကြောင်း၊ ရေကြောင်း နှင့် ကုန်းလမ်း ခရီး ဆက်သွယ်မှု တိုးမြှင့်ရေး၊ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး၊ အကြမ်းဖက်မှု  တိုက်ဖျက်ရေး နှင့် နိုင်ငံ ဖြတ်ကျော် မှုခင်းများ တားဆီးရေး၊ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး တို့နှင့် စပ်လျဉ်း ၍ ဆွေးနွေး ခဲ့ကြသည်။

မြန်မာနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ တို့သည် ကုန်းတွင်း နယ်နိမိတ် ထိစပ်မှု ၁၆၈ ဒသမ ၅၄၇ မိုင်ခန့် ရှိသည့် အပြင် ဘင်္ဂလား ပင်လယ်အော် အတွင်း ရေပြင် နယ်နိမိတ်ပါ ထိစပ်နေသော အိမ်နီးချင်း နိုင်ငံများ ဖြစ်သည်။ မြန်မာနိုင်ငံ အစိုးရနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အစိုးရတို့ အကြား ချုပ်ဆိုသည့် နတ်မြစ်၏ မြောက်ဘက် ကုန်းပိုင်း နယ်နိမိတ် သတ်မှတ်ခြင်း ဆိုင်ရာ သဘောတူ စာချုပ်ကို ၁၉၉၈ ခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် ရန်ကုန်မြို့၌ လက်မှတ် ရေးထိုးခဲ့ ကြသည်။ နှစ်နိုင်ငံ နယ်နိမိတ် မှတ်တိုင်များ ပူးတွဲ စစ်ဆေးရေး လုပ်ငန်းကို ၁၉၉၇ ခုနှစ်တွင် နောက်ဆုံး အကြိမ် စစ်ဆေး ဆောင်ရွက် ခဲ့သည်။

မြန်မာနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ အကြား ပင်လယ် နယ်နိမိတ် သတ်မှတ်ရေး နှင့် စပ်လျဉ်း၍ ညှိနှိုင်း ဆွေးနွေးမှု များကို ၁၉၇၄ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ ဝန်ကြီးအဆင့် နှစ်ကြိမ်နှင့် ကျွမ်းကျင်သူ အဆင့် (၆)ကြိမ် ဆွေးနွေးခဲ့ ကြသည်။ ထပ်မံ၍ ၂ဝဝ၈ ခုနှစ် မတ်လမှ ၂ဝဝ၉ ခုနှစ် ဇူလိုင်လ အထိ နှစ်နိုင်ငံ အကြား ကျွမ်းကျင်သူ အဆင့် (၄)ကြိမ် ပြုလုပ်ခဲ့သည်။ သို့သော် သဘော တူညီမှု မရရှိခဲ့သည့် အတွက် ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလ တွင် ပင်လယ်ပြင် ဆိုင်ရာ နိုင်ငံတကာ ခုံရုံး ( ITLOS ) ၌ တင်သွင်း ဖြေရှင်းရေးကို နှစ်နိုင်ငံ သဘော တူညီမှု ဖြင့် စတင် ဆောင်ရွက် ခဲ့ကြသည်။ နှစ်နိုင်ငံ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေး အပြီးသတ် စီရင်ချက်ကို ပင်လယ်ပြင် ဥပဒေ ဆိုင်ရာ နိုင်ငံတကာ ခုံရုံးက ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့ ၌ ၂ဝ၁၂ ခုနှစ် မတ် ၁၄ ရက် ဒေသ စံတော်ချိန် ၁၁း၃ဝ နာရီ ( မြန်မာ စံတော်ချိန် ၁၇ဝဝ နာရီ) ၌ အပြီးသတ် စီရင်ချက် ချမှတ် ခဲ့သည်။

ပင်လယ်ပြင် ဥပဒေ ဆိုင်ရာ နိုင်ငံတကာ ခုံရုံးက တရားမျှတစွာ ဆုံးဖြတ် ဆောင်ရွက် ခဲ့သည့်အတွက် မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ လုံးက ကျေနပ် လက်ခံ ခဲ့ကြပြီး နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု နှင့် အိမ်နီးချင်းကောင်း ဆက်ဆံရေးကို ထိန်းသိမ်းပြီး ပင်လယ်ပြင် ဆိုင်ရာ ကိစ္စရပ် များ၌ မိတ်ဝတ် မပျက် ဆက်လက် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နှင့် ဘင်္ဂလားဒေ့ရှ် သမ္မတ နိုင်ငံ တို့သည် ယခုအခါ သံတမန် ဆက်ဆံမှု သက်တမ်း ၄၂ နှစ် ရှိပြီဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ သည် မြန်မာနိုင်ငံ သို့ ၂ဝ၁၁ ခုနှစ်က ပထမအကြိမ် လာရောက်ခဲ့ပြီး ယခု ခရီးစဉ်သည် ဒုတိယအကြိမ် ရောက်ရှိခြင်း ဖြစ်သည်။

သို့ဖြစ်၍ မြေပြင် နယ်နိမိတ် နှင့် ရေပြင် နယ်နိမိတ် ထိစပ်လျက် ရှိသော ပြည်ထောင်စ သမ္မတ မြန်မာ နိုင်ငံတော် နှင့် ဘင်္ဂလားဒေ့ရှ် သမ္မတ နိုင်ငံတို့၏ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုနှင့် အိမ်နီးချင်း ကောင်း ဆက်ဆံရေး အဓွန့် ရှည်ကြာ ပါစေကြောင်း မြဝတီက ပြင်းပြသော ဆန္ဒဖြင့် ဆုတောင်း ပတ္ထနာ ပြုလိုက် ရပါကြောင်း။ ။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger