www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 3, 2014

အသေးစား နှင့် အလတ်စား လုပ်ငန်းများ ခေတ်မီဖွံ့ဖြိုးရန်


အသေးစား နှင့် အလတ်စား လုပ်ငန်းများ ခေတ်မီဖွံ့ဖြိုးရန်

မည်သည့် လုပ်ငန်းကိုမဆို အသေးမှ စတင်ခဲ့သည် ချည်းပင် ဖြစ်သည်။ အဦးဆုံး တီထွင်ကြ သူများ အနေဖြင့်လည်း တစ်ပိုင်တစ်နိုင် တီထွင် စမ်းသပ် လုပ်ကိုင်ကြ ရာမှ တစ်စတစ်စ အောင်မြင် လာသောအခါ အလတ်စား လုပ်ငန်းများ၊ အကြီးစား လုပ်ငန်းကြီးများ ဖြစ်လာခဲ့ ပေသည်။

လွတ်လပ် ပွင့်လင်းသည့် ဈေးကွက် စီးပွားရေး စနစ်အရ စီးပွားရေး လုပ်ငန်းများကို ထူထောင်ရာတွင် အသေးစားမှ စ၍ အလတ်စား အထိ ထူထောင်ကြပြီး ထိုမှ တစ်ဆင့် အကြီးစား လုပ်ငန်းကြီးများ ထိတိုင် ထူထောင် လုပ်ကိုင် ကြရန် ဖြစ်သည်။ ၄င်း အခြေအနေ များကို မျက်မှောက် ကာလတွင် အခွင့်အရေးများ ရရှိနေပြီ ဖြစ်သည်။

လက်ရှိ ကမ္ဘာ့ အနေအထား တွင်လည်း ဖွံ့ဖြိုးပြီး နိုင်ငံများ ၊ အာရှ - ပစိဖိတ် နိုင်ငံများ၏ စီးပွားရေး လုပ်ငန်း များတွင် အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပါဝင်နေမှုမှာ ၉ဝ ရာခိုင်နှုန်း ကျော်ရှိခြင်း ၊ နိုင်ငံရှိ ပြည်သူများ အတွက် အလုပ်အကိုင် ဖန်တီး ပေးနိုင်မှုမှာ အများဆုံး ဖြစ်ခြင်း ၊ ထို့ကြောင့် နိုင်ငံ ဖွံ့ဖြိုးရေး နှင့် ပြည်သူများ အလုပ်အကိုင် ရရှိရေး အတွက် အဓိက ကျသည်ကို တွေ့ရသည်။

ထိုအချက်ကို သတိမူသော အားဖြင့် မိမိတို့ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး ကို ပြန်လည် စတင် လုပ်ကိုင်ရာ၌ အလွန် အရေးပါပြီး လက်တွေ့ ဆောင်ရွက် နိုင်စွမ်း ရှိသည့် အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ မူဝါဒနှင့် အစီအမံများကို စတင် ရေးဆွဲ အကောင် အထည်ဖော် တော့မည်မှာ လွန်စွာ လျော်ကန် သင့်မြတ် ကောင်းမွန်သည့် လုပ်ငန်းများဟု ဆိုရမည် ဖြစ်သည်။

အဆိုပါ လုပ်ငန်း များသည် ဖွံ့ဖြိုး တိုးတက်မှု ၏ အရင်းအမြစ် ဖြစ်ခြင်း ၊ ပုဂ္ဂလိက ကဏ္ဍအရှိန် အဟုန်၏ ကျောထောက် နောက်ခံ ဖြစ်ခြင်း ၊ တီထွင် ဆန်းသစ်မှု ၏ အရေးပါသော အချက် ဖြစ်ခြင်း ၊ ဈေးကွက် လွတ်လပ်မှုမှ ပေါ်ထွက် လာမည့် စိန်ခေါ်ချက်ကို တုံ့ပြန် နိုင်စွမ်းရှိခြင်း ၊ စီးပွားရေး အကျပ်အတည်း ကာလတွင် ဖွံ့ဖြိုး တိုးတက်မှု ဟန်ချက်ကို ထိန်းကျောင်း ပေးနိုင်ခြင်း စသည့် ဝိသေသ လက္ခဏာများ ဆောင်သော ကြောင့် အနာဂတ် ဖွံ့ဖြိုး တိုးတက်မှု ၏ အင်ဂျင်ဟု တင်စား ခေါ်ဝေါ်ထိုက် ပေသည်။

ထိုကဲ့သို့ အသေးစား နှင့် အလတ်စား လုပ်ငန်းများ တွင် အခြေတည်ပြီး အကြီးစား လုပ်ငန်းများကို ထူထောင် နိုင်ပါက ပြည်သူများ အတွက် ထိုက်တန်ရာ လုပ်ငန်းများကို စိတ်ကြိုက် ရွေးချယ် လုပ်ကိုင် နိုင်မည့် အခွင့်အလမ်းများ တိုးပွား လာမည် ဖြစ်သည်။

သို့ဖြစ်ရာ မိမိတို့ နိုင်ငံ၏ စီးပွားရေး ယန္တရား လည်ပတ်အောင် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း များ တိုးပွားအောင် စွမ်းဆောင် ပေးနိုင်မည့် အသေးစား နှင့် အလတ်စား လုပ်ငန်းများ ခေတ်မီဖွံ့ဖြိုး တိုးတက်ရန် ဝိုင်းဝန်း ကြိုးပမ်း ကြရန် တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( ၃-၂-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger