အကောင်းတွေ နှင့် ဟောင်းနွမ်းခြင်း
ဤခရီး နီးသလား
ငါးနာရီ လာရ၏
မီးရထားစီးလာပါ
အလကား မစီးရ။
မန္တလေး ဘူတာကြီးသို့ ရောက်ပါပြီ။ ပုဂံပြည်၏ တန်ခိုးကြီး ဘုရားများ ၊ ရှုခင်း အလှများပါ မက ပြောင်းလဲ မှုများကို ကြည့်ရှု ခံစားဖို့ရန် အတွက် ရထားဖြင့် ခရီးသွားရန် လာခဲ့ခြင်း ဖြစ်သည်။ ဆယ်စုနှစ် တစ်ခုနီးပါး ကားဖြင့်သာ သွားလာ လှုပ်ရှားခဲ့ရာ ယခု မီးရထား ခရီးစဉ်မှာ ပထမဦးဆုံး ပြန်လည် အသက်သွင်း သည့် ရထား ခရီးစဉ် ဖြစ်ခဲ့ပြီး ယခင့်ယခင် ကားများ မပေါများခင် က ကျွန်မ မြင်ဖူးသော မီးရထားမှာ မျှော်မဆုံး နိုင်အောင် ရှည်လျား လှသည်။ ရထားပေါ်တွင် ဈေးသည်များ ၊ ဈေးဝယ် များဖြင့် တသောသော ညံလျက် ဘဝမျိုးစုံ ခရီးဆက်ဟန် တွေလည်း တွေ့ရသည်။ ဝမ်းရေး အတွက် တစ်ဘူတာ နှင့် တစ်ဘူတာ အကြား ပြေးတက် ၊ ပြေးဆင်း အသက်နှင့် ရင်း၍ ဈေးရောင်းသူများ အမျိုးမျိုး စုံလင် လှသည်။ ထိုမြင်ကွင်း များကိုကား ယနေ့အထိ မီးရထား စီးမည် ဆိုသည်နှင့် တွဲလျက် မြင်နေဆဲ။ ရထားတွဲ ထိုးပါပြီ။ တစ် ၊ နှစ် ၊ သုံး ၊ လေး ၊ ငါး ၊ ခြောက် နောက်ထပ် အတွဲထပ် မပါတော့။ ဘယ်လို ပါလိမ့်ဟု စိတ်ထဲ တွေးမိသည်။ နောက်ထပ် ဆက်ရန် တွဲများ ရှိသေး သလားဟု စဉ်းစား နေဆဲ ၊ '' ပုဂံရထားတွဲ ထိုးပါပြီ၊ တက်လို့ရပြီ'' ဟု သတိပေးသံ အကြား ဝေဝေဝါးဝါး ဖြင့် တွဲပေါ် တက်မိသည်။ တွဲပေါ်တွင် ကျွန်မတို့အပြင် အခြား ကျောင်းသား ၊ ကျောင်းသူ လေး၊ငါးယောက် နှင့် နိုင်ငံခြားသား ခရီးသွားများ ဖြစ်သည်။
ခရီးသွားရင်း ဗဟုသုတ ရှာပါဆိုသည့် အတိုင်း ရထားတွဲပေါ် ဝေ့ကြည့် မိသည်။ နိုင်ငံခြားသား ဧည့်သည် များမှာ စာရေးသူရေး ၊ စာအုပ်ဖတ် သူဖတ် ၊ အင်တာနက် သုံးသူသုံးနှင့် သူ့နေရာနှင့် သူ အစဉ်ကျ လှသည်။ ကျောင်းသား ၊ ကျောင်းသူများ အဖွဲ့က မုန့်စားရင်း စကားတွေ ဖောင်ဖွဲ့ နေကြသည်။ သူတို့ကို ကြည့်ရင်း ကျောင်းတုန်းက ဘဝကို ပြန်ပြေးမြင် မိသည်။ ကျွန်မတို့လည်း ကိုယ့်နေရာမှာ စကားစမည် ပြောရင်း ရထား ထွက်မည့် အချိန်ကို စောင့်နေ ခဲ့ရသည်။
ရထားစပြီး ထွက်ပါပြီ။ ဖြည်းဖြည်းလေး နှင့် ငြိမ့်ငြိမ့်လေး ဆိုသည်မှာ ရထားစီး ရတာကို ပြောတာ ဖြစ်မည်ဟု စိတ်ထဲ တွေးနေမိသည်။ ငယ်ငယ်က ဆော့ကစားလျှင် အော်ခဲ့သော '' မီးရထားကြီး ဂျုံးဂျုံး ဂျက်ဂျက် '' ဆိုတာကို စိတ်ထဲမှာ လိုက်ရွတ် နေမိသည်။ တဖြည်းဖြည်း နှင့် မြန်လာသည်။ သို့သော် ကျွန်မ မျှော်လင့် တွေးထင် ထားသလို ဈေးသည် များလည်း တက်မလာပါ။ ရေသန့်နှင့် အချဉ်ပေါင်းေ ရာင်းသူ တစ်ယောက် ၊ နှစ်ယောက်သာ တက်လာသည်။ သိပ်ကြာကြာ မတွေ့ လိုက်ရပါ။ ခဏနေတော့ ကျောင်းသူလေး များ၏ သီချင်း ဆိုသံများ ထွက်လာသည်။ ရထား တစ်တွဲလုံးကို သူတို့ကမ္ဘာ တစ်ခုဟု ထင်ထားပုံ ရသည်။ စာဖတ်နေသော နိုင်ငံခြားသား တွေလည်း မနေနိုင်တော့ လှည့်ကြည့် ကြသည်။ ကျွန်မ ရေရွတ်ခဲ့သော'' မီးရထားကြီး ဂျုံးဂျုံး - ဂျက်ဂျက် ''ဆိုသည် မှာလည်း သံစဉ် ပြောင်းသွားသည်။ '' ဂျုံး - ဒိုင်း .. ဂျုံး - ဒိုင်း '' အသံနှင့် အတူ လူတစ်ကိုယ်လုံး ပါ မြောက်မြောက် တက်သွား သည်။
နံနက် ၅ နာရီမှာ ပုဂံဘူတာကို ရောက်ပါပြီ။ ဘူတာရုံဟု ဆိုရမှာပင် ထင်ယောင် ထင်မှား ဖြစ်မိသည်။ Taxi သမား လေးငါးဦးသာ တွေ့ရပြီး ကျန်တဲ့သူ ဘယ်သူမှ မတွေ့ရပေ။ ဧည့်သည်များ ချိန်မို့ တည်းခိုခန်း များမှာ ၂၄ နာရီ စည်ကား လှသည်။ တစ်နေရာပြီး တစ်နေရာ လှည့်လည်ပြီးမှ အခန်းနေရာ ရသည်။ ခဏနား သည်ဟု ဆိုရုံပင် နားခဲ့ကြပြီ။ နံနက်ခင်း ဘုရားဖူးရန် အတွက် ရင်ခုန်သံ စောနေခဲ့ ကြသည်။
ပုဂံတွင် ဆောင်း၏ နံနက်ခင်းက လတ်ဆတ် သလောက် မြို့က ဟောင်းလွန်း လှသည်။ လွန်ခဲ့သော ၁ဝ နှစ်ခန့်က ပုဂံသည် ယနေ့ ပုဂံနှင့် ဘာမျှ ထူးထူး ခြားခြား ကွာခြားခြင်း မရှိလှ။ ခရီးသွား ဧည့်သည်များ ပိုမိုများ လာသည်မှလွဲ၍ ယခင်ပုဂံ နှင့် ယခုပုဂံ ဘာမှ မကွာခြား။
'' ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ''ဟု ရေးထားသော အဝင်ဆိုင်း ဘုတ်ကိုက ဟောင်းနေသည် ဟု ခံစားမိသည်။ ဟောင်းလေ ကောင်းလေ ဆိုတာ ပုဂံကို ပြောတာ ဖြစ်မည်။ ဟောင်းနိုင် သလောက် အတိတ်ကောင်း တွေလည်း ရှိခဲ့သလို အနာဂတ် အတွက် အကောင်းဆုံး တွေ လည်း ဆောင်ကြဉ်း ပေးနိုင်သည်။ သူ၏ ဟောင်းနွမ်းခြင်း သည် နိုင်ငံတကာ ရှိ နိုင်ငံခြားသား ဧည့်သည်များ အပေါ် မြန်မာဟု မှတ်တမ်းတင် နိုင်မည့် ခံစားမှု တစ်ခုကို ပေးနိုင်သည်။ ကျွန်မ ကိုယ်တိုင်ပင် ဒီနေရာကို ရောက်တိုင်း မြန်မာ ဖြစ်ရတာကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူ မိသည်။ ကျေနပ် အားရစရာ ကောင်းလှအောင် '' ငါမြန်မာ ''ဟု ဝမ်းသာပီတိ ဖြစ်မိသည်။
နံရံ အဟောင်းများ ၊ ဆေးရေး ပန်းချီ အဟောင်းများ ၊ မြို့ရိုး အဟောင်းများ ၊ ဘုရား ၊ ပုထိုး အဟောင်းများ ၊ ဟောင်းပင် ဟောင်းသော်ငြား ဒီနေရာ ရောက်လာသူ အဖို့ ခံစားချက်တို့ သစ်လွင် နေသည်။ ပုဂံဟု ဆိုလျှင် ရှေးမြန်မာ တို့၏ ဗိသုကာ ပညာ အစွမ်းကား ချန်ထားလို့ မရပေ။ ဘိလပ်မြေ ၊ ကျင်တွယ်လို အရာမျိုး မပါရှိဘဲ ဤမျှ ကြီးမားသည့် ဘုရား ၊ ပုထိုးများ ဖြစ်ပေါ် လာသည်ကား ကြက်သီး ထ လောက်အောင် ပင် အံ့သြ ရသည်။
ဘူးဘုရား နှင့် ဧရာဝတီ ၊ ဧရာဝတီ နှင့် လောကနန္ဒာ အဖိုးမဖြတ် နိုင်သော သဘာဝ ပန်းချီ မြင်ကွင်း နှင့် အထင်ကရ နေရာတွေ ယနေ့အထိ ရှင်သန် နေတဲ့ ဧရာဝတီ ၊ ပြောစမှတ် ပြုဆဲ မြစေတီ နှင့် ရာဇကုမာရ် ကျောက်စာ ၊ ပုံစံတွေ ဘယ်လို ဟောင်းဟောင်း ယနေ့အထိ ကောင်းနေဆဲ ပါပဲ။ ကောင်းနေ မြဲပါပဲ။ နောင်လည်း ကောင်းနေဦး မှာပဲ။
ဤခရီးမနီးပါ။
ရှစ်နာရီ လာရ၏။
မီးရထားစီး လာပါသည်။
အလကား မစီးရပါ။
မဒါလေး

No comments:
Post a Comment