www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 14, 2014

ဆိုင်ကယ် နှင့် ဆင်းကတ်


ဆိုင်ကယ် နှင့် ဆင်းကတ်

မြန်မာနိုင်ငံတွင် ဆိုင်ကယ်စီးသူ ဦးရေ တစ်ဟုန်ထိုး တိုးတက် များပြား လာသည်။ တယ်လီဖုန်း ဆင်းကတ်များ တစ်ဟုန်ထိုး သုံးစွဲလာ နိုင်ကြသည်။ မြို့ပြ သာမက ကျေးလက် ဒေသများ၌ပါ ဆိုင်ကယ်စီး နိုင်သူ ၊ ဖုန်းကိုင်သူများ တိုးပွား လာလျက် ရှိသည်။

ထိုအချက်သည် ကျေးလက်နှင့် မြို့ပြ ဆက်သွယ် သွားလာမှု ပိုမိုမြန်ဆန် သွက်လက်ကာ ဒေသ ဖွံ့ဖြိုးမှုကို အထောက် အပံ့ ဖြစ်စေခဲ့သည်။ ထိုသို့သော အခြေအနေကို နိုင်ငံတော်က ဖန်တီးပေး နိုင်ခဲ့၍ လူလတ် တန်းစား ပြည်သူများ အတွက် လူမှုဘဝကို မြှင့်တင် ပေးရာ ရောက်သဖြင့် အလွန် ကောင်းသည့် အခြေအနေဟု ဆိုရ ပေမည်။

ဆိုင်ကယ်များကို အိမ်နီးချင်း နိုင်ငံများ ဖြစ်သည့် တရုတ် ၊ အိန္ဒိယ နှင့် ထိုင်းနိုင်ငံ တို့မှ မြန်မာပြည် ဈေးကွက် အတွင်း အပြိုင် ဝင်ရောက်လျက် ရှိခြင်းကြောင့် ဆိုင်ကယ်စီး လိုသူများ ဈေးနှုန်း သင့်တင့် မျှတစွာဖြင့် ဝယ်ယူ စီးနင်း လာနိုင်ခြင်း ဖြစ်သည်။ တန်ဖိုးနည်း တယ်လီဖုန်း ဆင်းကတ်များ ကိုလည်း လစဉ် အချိုးကျ ရောင်းချ ပေးလျက် ရှိသောကြောင့် တယ်လီဖုန်း ကိုင်နိုင်သူ များလာသည်။

သို့သော် ဆိုင်ကယ်စီး နိုင်သူ ၊ တယ်လီဖုန်း ကိုင်နိုင်သူ တိုးပွား လာခြင်းကြောင့် တစ်ဖက်က အကောင်းရှိ သကဲ့သို့ တစ်ဖက်တွင် လည်း အဆိုး ရှိလာသည်။ ဆိုင်ကယ်ခိုးမှု ၊ တယ်လီဖုန်း ခိုးမှု ၊ ဆိုင်ကယ် မတော်တဆမှု ၊ တယ်လီဖုန်းဖြင့် လိမ်လည်မှုများ တိုးပွား လာသည်ကို တွေ့နေရသည်။

ဆိုင်ကယ်နှင့် တယ်လီဖုန်းကို အများအားဖြင့် လူငယ်များ အသုံးပြု ကြသည်။ ထိုသို့ အသုံးပြု ရာတွင် ယာဉ်စည်းကမ်း မလိုက်နာခြင်း ၊ မူးယစ် သောက်စားခြင်း ၊ အပြိုင်အဆိုင် မောင်းနှင်ခြင်း ၊ ဖုန်းဖြင့် အကျိုးမဲ့ အချိန်ကုန်သည့် လုပ်ငန်းများ လုပ်ကိုင်ခြင်း ၊ ဆိုင်ကယ်စီးရင်း ဖုန်းပြောခြင်း စသည့် အကြောင်း အချက် များကြောင့် လူငယ်များ၏ စာရိတ္တ ၊ ဝါရိတ္တ ခိုင်မာမှု လျော့နည်း လာခြင်း ၊ ယာဉ် မတော်တဆ ဖြစ်မှု များကြောင့် ကျိုးပဲ့ သေဆုံးမှု များပြားခြင်း တို့ ဖြစ်လာ သည်ကို တွေ့ရသည်။

ထို့ကြောင့် လူငယ်များ အနေဖြင့် မူးယစ် သောက်စား ထားလျှင် သော် လည်းကောင်း ၊ မကျွမ်းကျင်လျှင် သော် လည်းကောင်း ၊ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း မသိရှိ နားမလည် သေးလျှင် သော် လည်းကောင်း ၊ မလိုက်နာ နိုင်လျှင် သော် လည်းကောင်း ၊ ဆိုင်ကယ် စီးနင်းခြင်း မပြုသင့်ပေ။

ထို့အတူ တယ်လီဖုန်းကို စနစ်တကျ အသုံးမပြုတတ် လျှင်သော် လည်းကောင်း ၊ အသုံးပြုရန် မလိုအပ်လျှင် သော် လည်းကောင်း တယ်လီဖုန်း ကိုင်ဆောင်ခြင်း မပြုသင့်ပေ။

သို့ဖြစ်ရာ လူငယ်များ အနေဖြင့် ဆိုင်ကယ်စီးမည် ဆိုလျှင် လက်ကိုင်ဖုန်း ကိုင်ဆောင်မည် ဆိုလျှင် သတ်မှတ် ထားသည့် စည်းကမ်းများ ၊ နည်းပညာများကို သိရှိ နားလည် လိုက်နာ သုံးစွဲ၍ မိမိတို့၏ လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အထောက်အပံ့ ဖြစ်ရန် သုံးစွဲ သင့်ကြောင်း အကြံပြု ရေးသား လိုက်ရ ပေသည်။ 

( ၁၄-၁-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger